13 December 2022
လိင်စိတ်ခံယူမှုကွဲပြားသူများ (LGBT) အရေးတက်ကြွလှုပ်ရှားသူ စူးရှရှင်းသန့်က
By ဧရာဝတီ
အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှ မန္တလေးမြို့တွင် ကားဖြင့်တိုက်၍ ဖမ်းဆီးခဲ့သည့် လိင်စိတ်ခံယူမှုကွဲပြားသူများ (LGBT) အရေးတက်ကြွလှုပ်ရှားသူ စူးရှရှင်းသန့်ကို မန္တလေးအိုးဘိုထောင်တွင်းတရားရုံးမှ ဒီဇင်ဘာလ ၁၂ ရက်နေ့က ထောင်ဒဏ် ၂၂ နှစ်ချမှတ်ခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတဦးထံမှ သိရသည်။
စူးရှရှင်းသန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (က)၊ ၅၀၅ (ခ) ၊ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (ည) ၊ လူသတ်မှု ဥပဒေပုဒ်မ ၃၀၂ /၁၁၄ ပုဒ်မများဖြင့် တရားစွဲဆိုခဲ့သည်။ထို့နောက် ယခုနှစ် အစောပိုင်းတွင် မန္တလေး အိုးဘိုထောင်တွင်း တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (က)ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သောကြောင့် ယခုအခါ စုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် ရှိလာပြီ ဖြစ်သည်။
လက်ရှိ ချမှတ်ခံရသည့် ထောင်ဒဏ် ၂၂ နှစ် မှာ အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၀ (ည) အတွက် ၂၀ နှစ် နှင့် ၅၀၅ (ခ) အတွက် ၂ နှစ် စုစုပေါင်း ၂၂ နှစ် ချမှတ်ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်တပ်မှ အဓမ္မ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပြည်သူများစွာထဲတွင် LGBT များလည်း အပါအဝင်ဖြစ်သည်။ အချို့မှာ စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်ခြင်းခံရသလို အချို့မှာ လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည်။
စူးရှရှင်းသန့်အား လက်ရှိတွင် မန္တလေးအိုးဘိုထောင်အတွင်းရှိ သီးသန့်ဆောင်၌ ထားရှိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းနှင့်ခင်မင်ရင်းနှီးသည့် လိင်ပြောင်း အမျိုးသမီးတဦးဖြစ်သူ စာရေးဆရာမ စောဟန်နွေဦးက စူးရှ ရှင်းသန့်သည် လိင်ပြောင်းအမျိုးသမီး တဦး ဖြစ်သည့်အတွက် ယခုကဲ့သို့ သီးသန့်အချုပ်ဆောင် ထဲတွင် ထားရှိခြင်းမှာ ၎င်းအတွက် အဆင်ပြေစေမည်ဟု မျှော်လင့်ရကြောင်း ပြောသည်။
စောဟန်နွေဦးက “စူးရှက အခုသီးသန့်ဆောင်မှာနေရတယ်လို့ သိရတယ်။ မိန်းကလေးဆောင်လည်း မဟုတ်ဘူး။ ယောကျ်ားလေးဆောင်လည်း မဟုတ်ဘူး။ သီးသန့်ထားတဲ့ သီးသန့်ဆောင်မှာ ထားတယ်လို့ သိရပါတယ်။ ဒီလိုဆိုရင်ကတော့ ပိုအဆင်ပြေတယ်ဆိုပေမယ့် သီးသန့်ခွဲထားတာ မဟုတ်ဘဲနဲ့ မိန်းကလေးဆောင်မှာထားရင်လည်း ရပါတယ်။ သူကလည်း အမျိုးသမီးတယောက်လို ခံယူထားထားပြီးသား ဖြစ်တယ်” ဟု ပြောသည်။
မိသားစုဝင်များကလည်း ထောင်ဝင်စာအဝင်အထွက်ရှိကြောင်းနှင့် စိတ်ဓာတ်ခိုင်မာသည့်အတွက် ယခုအခြေအနေကို အကောင်းဆုံးကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။
၎င်းက ဆက်လက်၍ “သူနဲ့က အာဏာမသိမ်းခင်ကတည်းကလည်း အစ်မတယောက်လိုဖြစ် နေတယ်။ ကိုယ့်အစ်မလို ဆွေမျိုးရင်းချာတယောက်လို ဖြစ်တယ်ဆိုတော့ စိတ်ကပူတာတော့ အနည်းနဲ့အများပေါ့။ ကိုယ့်ထက်ပိုပြီးရင့်ကျက်တယ်။ နေတတ်တယ်။ တနည်းမဟုတ် တနည်းနဲ့ အဆင်မပြေတဲ့ကြားထဲကနေ အဆင်ပြေအောင်နေမယ်လို့ ယုံကြည်တယ်။ အားတင်းထားမယ်လို့ ယုံကြည်တယ်” ဟု ပြောသည်။
အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူ စူးရှရှင်းသန့်အား ဖမ်းဆီးစဉ်က ကားဖြင့်တိုက်၍ ဖမ်းဆီးခဲ့သလို စစ်ကြောရေးတွင်လည်း သစ်ပင်ပေါ်ဇောက်ထိုးဆွဲ၍ ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ထောင်တွင်း အတူတွေ့ဆုံခဲ့ရသူလည်းဖြစ်သော စောဟန်နွေဦးက ၎င်း၏အတွေ့အကြုံများကို ပြန်ပြောပြသည်။
စောဟန်နွေဦးသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းက မန္တလေးမြို့ရှိ နေအိမ်တွင် ဖမ်းဆီးခံခဲ့ရပြီးနောက် အောက်တိုဘာလထဲတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။
လိင်ပြောင်းအမျိုးသမီးတဦးဖြစ်သည့် စူးရှရှင်းသန့်သည် LGBTQI အရေးတက်ကြွလှုပ်ရှားသူ ဖြစ်ပြီး Protection of Violence Against Women (POVAW) ဥပဒေကြမ်းထွက်ပေါ်လာရေး အတွက် လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သူဖြစ်သည်။ ထို့ပြင် စူးရှ ရှင်းသန့်သည် အာဏာ မသိမ်းမီက မန္တလေးတိုင်း၊ လူငယ်ရေးရာ ကော်မတီမှ ပြည်ထောင်စု အဆင့် ကိုယ်စားလှယ်တဦးဖြစ်သည်။
ယခုနှစ် ဇွန်လအတွင်းက စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်အတွင်းရှိ လိင်စိတ်ခံယူမှု ကွဲပြားသည့် LGBT (Transgender) တဦးကို မုံရွာ အကျဉ်းထောင် ဝန်ထမ်းတဦးက လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှု ပြုလုပ်ခဲ့ကြောင်း လိင်စိတ်ခံယူမှု ကွဲပြားသူများ ကွန်ရက် (LGBT Alliance- Myanmar) က သတင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီး၌ ယင်းကဲ့သို့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့် ကျူးလွန်ခံရမှုများလည်း ရှိနေသလို နိုင်ငံရေး အကျဉ်းသားများအပေါ် ထောင်အာဏာပိုင်များက ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်မှုများကိုလည်း ပြုလုပ်လျှက်ရှိသည်။
Original Post: The Irrawaddy
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.