နိုင်ငံတကာလူ့အခွင့်အရေးနေ့ အခမ်းအနားသို့ ဒီမိုကရက်တစ်လူငယ်ကောင်စီမှ ပေးပို့သည့် သဝဏ်လွှာ

10 December 2022

နိုင်ငံတကာလူ့အခွင့်အရေးနေ့ အခမ်းအနားသို့ ဒီမိုကရက်တစ်လူငယ်ကောင်စီမှ ပေးပို့သည့် သဝဏ်လွှာ

ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး(Freedom from Fears) နှင့် တောင့်တခြင်းမှကင်းဝေးရေး( Freedom from.Wants) ဟူသည် လူ့အခွင့်အရေး၏ အရေးကြီးသည့် စကားရပ်ဖြစ်သည်။ ကြောက်ရွံခြင်းမှကင်းဝေးခြင်းဆိုသည်မှာ လူသားတစ်ယောက်သည် မိမိ၏ အခြေခံလွတ်လပ်ခွင့်များ ကိုမည်သူတစ်ဦးတစ်ယောက်ကမှ လာရောက်စော်ကားမည်ကို မကြောက်ရွံရဘဲ လုံခြုံစိတ်ချစွာနေနိုင်သလို တောင့်တခြင်းမှ ကင်းဝေးခြင်းဆိုသည်မှာလည်း မိမိ၏အသက်ရှင်ဖွံ့ဖြိုးမှုအတွက်လိုအပ်သည့် အခြေခံအထောက်အပံ့များကိုရရှိနိုင်သော အခြေအနေမျိုးဖြင့် မတောင့်မတမကြောင့်မကျဘဲ နေထိုင်နိုင်ခြင်းကို ဆိုလိုသည်ဟု အဓိပ္ပာယ်ဖွင့်နိုင်သည်။ကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီး ကမူ လူ့အခွင့်အရေးဆိုသည်မှာ လူတစ်ယောက်ချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေသူတို့၏အခြေခံလွတ်လပ်များနှင့် သက်ဆိုင်သည့်တရားရေးဆိုင်ရာအာမခံချက် ဟု လူ့အခွင့်ရေးကို အဓိပ္ပာယ်ဖွင့်ထားသည်ကိုတွေ့ရသည်။ ထိုအဓိပ္ပာယ်အရဆိုလျှင် လူ့အခွင့်အရေးဆိုသည်မှာ လူတစ်ဦးချင်းခံစားခွင့်ရှိသလို တူရာအုပ်စုဝင်အလိုက်လည်း ခံစားခွင့်ရကြောင်းတွေ့ရှိရသည်။ ထိုသို့ခံစားခွင့်ရစေရန် သက်ဆိုင်ရာအစိုးရများကလည်း နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံနှုန်းညွန်းများအတိုင်း အာမခံချက်ထားပြီး ကာကွယ်ပေးရမည်ဆိုသည့် အစိုးရများ၏ တာဝန်ရှိမှုကိုညွန်းဆိုပြသထားသည်။

ထို့အပြင် အစိုးရ သို့မဟုတ် အုပ်ချုပ်သူများတွင်ပါ တာဝန်ရှိသည် မဟုတ်ပဲ နိုင်ငံသားများတွင်လည်း တာဝန်ရှိလေသည်။ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ ၁ရက်နေ့ အကြမ်းဖက်စစ်တပ်မှ အာဏာလုယူပြီးသည့် နောက်ပိုင်း ကြောက်ရွံ့ခြင်းမှ မကင်းဝေးတော့သကဲ့သို့ တောင့်တခြင်းများသည်လည်း တစနှင့် တစ တိုးပွါးလာခဲ့သည်။လူ့အခွင့်အရေးဟူသည့် စကားရပ်သည် ၂၀၁၀နောက်ပိုင်းတွင် မှ ကျယ်လောင်စွာ ကြားလာခဲ့ရပြီး ၂၀၂၁ခုနှစ် အာဏာလုယူပြီး နောက်ပိုင်းမှစ၍ လူအခွင့်အရေးသည် လုံးဝပျောက်ကွယ်နေပြီဖြစ်သည်။ပြည်သူ့အာဏာကို အကြမ်းဖက်စစ်အုပ်စုမှ လုယူခဲ့ပြီးသည့် အချိန်မှ စ၍ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးကြေညာစာတမ်း၊အပိုဒ်(၃) ဖြစ်သည့် “လူတိုင်းအသက်ရှင်ပိုင်ခွင့်၊ လွတ်လပ်ခွင့်၊ လုံခြုံမှုရပိုင်ခွင့်ရှိသည်။” ဟူသည့် အချက်ဖြစ်ပြီး ယနေ့ထက်တိုင် အကြမ်းဖက်စစ်အုပ်စုမှ ပြည်သူများအပေါ် ချိုးဖေါက်နေသည့် အချက်တစ်ချက်လည်းဖြစ်သည်။ နိုင်ငံသားများ၏ လွတ်လပ်စွာ အသက်ရှင်ရပ်တည်ခွင့် နှင့် နိုင်ငံသားအခွင့်အရေးကို စစ်အုပ်စုအနေဖြင့် ချိုးဖေါက်၍ နိုင်ငံတကာအား ပျက်ရည်ပြုလျှက်ရှိနေပေသည်။ လူ့အခွင့်အရေး အနည်းငယ်ရှိသည့် ပုဂ္ဂလိက လွတ်လပ်ခွင့်၊အခွင့်အရေး စသည့်တို့နှင့် ပတ်သတ်သည့် ဥပဒေများ၊နည်းဥပဒေများကို ပြင်ဆင်ပယ်ဖျက်၍ အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ဖမ်းဆီးသတ်ဖြတ်ခြင်း၊ညှင်းပန်းနိုပ်စက်သတ်ဖြတ်ခြင်း အပြင် နိုင်ငံရေးအရ သဘောထား ကွဲလွဲသူများနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်အရေး လှုပ်ရှားသူများကို ပြစ်မှုဆင်၍ သေဒဏ်ပေးခြင်း စသည့် အပိုဒ်(၃)ပါ အခြေခံအချက်အလက်များကို စနစ်တကျ ကျူးလွန်နေသည်။

ထို့အပြင် လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၈)၊အပိုဒ်(၁၉)၊အပိုဒ် (၂၀) များတွင် ဖေါ်ပြကြောညာထားသည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စည်းရုံးခွင့်စုဝေးခွင့်၊ အသင်းအဖွဲ့ဖွဲ့စည်းခွင့်၊ စီတန်းလှည့်လည်ခွင့် စသည့် Rights to Liberty အခြေခံလွတ်လပ်ခွင့်များကိုလည်း အကြမ်းဖက်စစ်အုပ်စု အာဏာလုယူစဉ်ကာလတွင် အကြီးအကျယ် ပျက်စီးလျှက်ရှိသည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အကြီးအကျယ်ခြိမ်းခြောက်နေတယ်လို့ နာမည်ကြီးနေတဲ့ ဆက်သွယ်ရေးပုဒ်မဟာ ဆက်လက်ရှိနေဆဲ၊ အသက်ဝင်နေဆဲ ဖြစ်ပါသည်။သတင်းထောက်တွေကို သူတို့ရေးသားတဲ့ သတင်းတွေကို အကြောင်းပြုပြီး ဖမ်းဆီးတရားစွဲဆိုမှုတွေလည်း ရှိနေဆဲဖြစ်ပါသည်။ တရားမဝင်အကြေညာခံထားရတဲ့ အသင်းအဖွဲ့တွေလည်း ရှိနေဆဲဖြစ်ပြီး ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေကို ပြင်ဆင်ထားပေမယ့် ခွင့်ပြုချက်ကြိုမတင်ရင် အဖမ်းဆီးခံနေရဆဲဖြစ်ပါတယ်။ နိုင်ငံတကာဥပဒေတွေမှာ ငြိမ်းချမ်းစွာစုဝေးဆန္ဒပြဖို့ ကြိုတင်အကြောင်းမကြားရင် အကြောင်းမကြားသူ ပုဂ္ဂိုလ် တဦးတယောက်ကိုသာ တရားစွဲဆိုခွင့်ရှိတာဖြစ်ပေမယ့် မြန်မာနိုင်ငံက ငြိမ်းစုစီ ဥပဒေမှာတော့ ကြိုတင်အကြောင်းမကြားရင် ခွင့်ပြုချက်မတင်ရင် စီတန်းလှည့်လည်ပွဲတခုလုံးဟာ တရားမဝင်ဖြစ်သွားတဲ့အတွက် ရဲလုပ်ထုံးလုပ်နည်းနဲ့ အညီ လူစုခွဲနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၇တွင် “လူတိုင်းတွင် တဦးချင်းအလိုက်သော်လည်းကောင်း အဖွဲ့အစည်းအနေဖြင့်သော်လည်းကောင်း ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ရှိသည်။” ဟုဖေါ်ပြထားသော်လည်း အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ပြည်သူများ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်အား လုံးဝ မတရားသိမ်းယူ၊မီးရိူ့၊ခိုးယူလုယက် လျှက်ရှိပါသည်။ လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ အပိုဒ် ၁၈ မှာ “လူတိုင်းတွင် လွတ်လပ်စွာတွေးခေါ်ခွင့်၊ ယုံကြည်ခွင့်၊ ကိုးကွယ်ခွင့်ရှိသည်”ဟူသည့် Freedom of Conscience and Religion ဖြစ်ပါသည်။ လွတ်လပ်စွာယုံကြည်မှုနဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်နှင့် ပတ်သတ်၍လည်း ကြေညာချက်အား မလိုက်နာပါပဲ ဘာသာရေးကျောင်းများ၊ဘာသာရေးအဆောက်အဦများအား မီးရိူ့တာ၊အခြေချတပ်စွဲတာ နဲ့ ဘာသာရေးခေါင်းဆောင်များကိုပါ သတ်ဖြတ်ဖမ်းဆီး ပြန်ပေးစွဲ များပါ ကျူးလွန်လျှက်ရှိနေပါသည်။ ထို့အပြင် နှိပ်စက်ညှဉ်းပန်းမှု၊ မျှတတဲ့ တရားစီရင်မှုဆိုင်ရာရပိုင်ခွင့်၊ သံသယနဲ့ ဖမ်းဆီးချုပ်နှောင်မှုမှ ကင်းလွတ်ခွင့်၊ လွတ်လပ်စွာရွှေ့ပြောင်းသွားလာခွင့်၊ လွတ်လပ်စွာမိသားစု ထူထောင်ခွင့်၊ လွတ်လပ်စွာ နိုင်ငံသား ဖြစ်ခွင့်စသည့် ကိစ္စရပ်များတွင်လည်း စစ်အုပ်စု အနေဖြင့် အကြီးအကျယ် လူ့အခွင့်အရေးအချိုးဖောက်နေတာ တွေ့ရပါသည်။

နိဂုံးချုပ်အနေဖြင့် နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုများနှင့် ပတ်သတ်၍ အဖြေရှာကြဖို့ နှင့် အကူးအပြောင်းကာလ တရားမျှတရေးအတွက် ယခုအချိန်မှ ပြင်ဆင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံရေးအဖွဲ့အစည်းများ၊အရပ်ဘက်/လူငယ်အဖွဲ့အစည်းများ၊ပြည်သူလူထု အခြေပြု အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာ မှ မြန်မာပြည်အရေး တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြသည့် အဖွဲ့အစည်းများ အနေဖြင့် ပူးပေါင်းပါဝင်ကြရန် အထူးလိုအပ်ပါသည်။ လူ့အခွင့်အရေးချိုးဖေါက်ခံရမှု အား မှတ်တမ်းတင်လေ့လာစောင့်ကြည့်ရေး၊အချက်အလက်မျှဝေရေး၊ဖက်ဒရယ်ယူနစ်တစ်ခုခြင်းစီအလိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့် မှတ်တမ်းတင်မှုဆိုင်ရာ အစုအဖွဲ့များ ဖွဲ့စည်းနိုင်ရေး၊အကူးအပြောင်းကာလ တရားမျှတရေးဆိုင်ရာ အသိပညာပေးရေး သင်တန်းများ မျှဝေပို့ချခြင်း၊ စသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေး ပါဝင်အကူအညီပေးကြရန် အထူးအရေးပါပါသည်။ ယနေ့ ကျူးလွန်သည့် ရာဇဝတ်ကောင်များသည် အကူးအပြောင်းကာလတွင် မိမိတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုများ၊မတရားမှုများကို လူပုဂ္ဂိုလ်အလိုက်၊အစုအဖွဲ့အလိုက် ပြန်လည်၍ တရားမျှတစေရေးအတွက် ဒီမိုကရက်တစ်လူငယ်ကောင်စီအနေဖြင့် ဆောင်ရွက်လျှက်ရှိပြီး လူ့အခွင့်အရေးဆိုင်ရာသင်တန်းများလည်း ပို့ချလျှက်ရှိနေပါသည်။ အားလုံးပါဝင်သော၊စုံလင်ကွဲပြားသည့် လူ့အခွင့်အရေး ပြည့်ဝဖေါ်ဆောင်နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးအတွက် အားအင်သုံး၍ ဆက်လက်တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းရင်း ယနေ့ကျရောက်သည့် နိုင်ငံတကာလူ့အခွင့်အရေးနေ့ အခမ်းအနားသို့ ဒီမိုကရက်တစ်လူငယ်ကောင်စီမှ သဝဏ်လွှာ ရေးသားပေးပို့အပ်ပါသည်။

Thank you.

In Solidarity,

Central Executive Committee

Democratic Youth Council

Email: [email protected]

Website: www.democraticyouthcouncil.org


Download PDF

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia