ကွေ့ဝိုက်စီးဆင်းနေသော မြစ်ကမ်းနံဘေး ခပ်မှိုင်းမှိုင်းတောင်စွယ် မှုန်ပျပျအလင်းရောင်အောက်ဝယ် တိုးညှင်းစွာ ဖွင့်ထားသော သီချင်းသံကို လိုက်ပါစီးမျောရင်း အလုပ်ရှုပ်နေသူတစ်ဦး ရှိသည်။
သူ့နံဘေး ပတ်ပတ်လည်တွင်တော့ အခွံခွာသင်ပြီး အ သင့်လှီးထားသော ကြက်သွန်ဥနီတချို့နှင့် အသီးအရွက်တချို့၊ ပလတ်စတစ်ဗူးတချို့နှင့် ဟင်းချက်ရာမှာအသုံး ပြုသည့် ပစ္စည်းပစ္စယာတချို့ အစီအရီရှိနေခဲ့သည်။
ထိုအရာများထဲက တချို့ကို မြေစိုက်မီးဖိုတွင်တင်ထားသော ဒယ်အိုးထဲ ထည့်ကာယောက်မဖြင့်နှံ့အောင် မွှေရင်း အနားတွင်ရှိသော ရေနွေးအိုးကိုလည်း သူမီးထိုးနေ သည်။ ခဏအကြာတွင် မွှေးကြိုင်သည့် ထမင်းကြော်အနံ့က လွင့်ပျံ့လာသည်။
အစပ်အဟပ်တည့်အောင် စီမံထားသည့် ထမင်းကြော်လက်ရာကို မြည်းကြည့်၍ အားရကျေနပ်မှုရှိဟန်ဖြင့် သူ မီးဖိုပေါ်ကချလိုက်သည်။ ပြီးတော့ အားလုံးကို ခေါ်လိုက်သည့် အော့မေဟူသော ( ကရင်လို ထမင်းစားရန်ခေါ်ခြင်း) သူ့ အသံသည် စခန်းတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
သူ့နာမည်ရင်းက ဦးကျော်ကျော်ဖြစ်သည်။ သို့သော် သူ့ကို ဦးကျော်ဟုသာ လူတိုင်းကခေါ်ကြသည်။ သူသည် ယခင်က ပြည်မြို့ ကမ်းနားတွင် အကင်ဆိုင်ဖွင့်ခဲ့သည်။ Master BBQ ဆိုသည့် ဆိုင်၊ ဦးကျော်၏ အကင်ဆိုင်ဆိုလျင် တစ်မြို့လုံး အသိဖြစ်သည်။
‘အာဏာသိမ်းတော့ ကျနော်ဆိုင်မဖွင့်တော့ဘူး။ လမ်းပေါ်ထွက် ဆန္ဒပြတော့တာပဲ၊ ပြတာမှ တစ်မိသားစုလုံးပြ တာ။ ရပ်ကွက်ထဲ ဒလန်ကရှိနေတာ့ ကြာကြာမနေလိုက်ရပါဘူး။ မိသားစုလိုက် အိမ်က ထွက်ပြေးခဲ့ရတာပါပဲ။ အထွက်ဦးတယ်ပဲပြောရမယ်၊ နောက်ရက်ကြတော့ အိမ်ကို ဝင်မွှေတာ၊ လူမတွေ့တော့ အိမ်နဲ့ ဆိုင်ကို ဖျက်ဆီးသွားတာ၊ရစရာမရှိအောင်ပါပဲ’ ဟု အတိတ်အကြောင်း ဦးကျော်က ပြန်ပြောပြသည်။
သူတန်ဖိုးထားဆောက်တည်ခဲ့သည့် အိမ်နှင့်ဆိုင်တို့ ပျက် စီးဆုံးရှုံးမှုကို ပြန်တွေးမိပုံရသည့် သူ၏ မျက်ဝန်း၌ လွမ်း ဆွေးရိပ်တို့က ထင်ဟပ်နေသည်။
မိတ်ဆွေတစ်ဦး၏ အဆက်အသွယ်ဖြင့် လွတ်မြောက်နယ်မြေသို့ သူတို့ မိသားစုရောက်ခဲ့သည်။ ခက်ခဲကြမ်း တမ်းသော ခရီးလမ်းက သူတို့အတွက်ခါးသီးလှသည်။ အရွယ်မရောက်သေးသော ကလေးများအတွက် တောတောင်များက အသားမကျ။ အစာအာဟာရက မပြည့်စုံ၊ ငွေကြေးက မဖူလုံတော့ စိတ်ပျက် အားငယ်မှုများကို ကြိမ်ဖန်များစွာ သူကြုံခဲ့ရသည်။
‘ကျနော်တို့ လင်မယားက လူကြီးတွေဆိုတော့ ရှိတာနဲ့ စားလို့ရတယ်၊ သမီးလေးကျတော့ အာဟာရက လိုအပ် တယ်။ သူများတွေမုန့်ဝယ်စားတော့ သူ့မှာ တမျှော်မျှော် နဲ့၊ သူများစေတနာရှိလို့ကျွေးမှစားရတာ၊ ကိုယ့်မှာလည်း ကျွေးစရာမရှိတော့ အားငယ်ရတာပေါ့ဗျာ’’ ဟုအနားတွင် ရှိနေသော ၆ နှစ်အရွယ် သမီးငယ်၏ ပုခုံးကို ပွတ်သပ်ရင်း သူရင်ဆိုင်ဖြတ်သန်းခဲ့ရပုံကို ဦးကျော်ကပြောပြသည်။
လွတ်မြောက်နယ်မြေရောက်ရှိပြီး ကာလအနည်းငယ်အကြာ စစ်သင်တန်းများစချိန် သူနှင့် သူ့ဇနီးက သင်တန်းသူ သင်တန်းသားများ စားသောက်ရေးအတွက် စားဖို ဆောင်တာဝန်ကို ယူဖြစ်ခဲ့သည်။ သမီးလေးယောက် အနက် ၁၀ တန်းကျောင်းသူ သမီးကြီးက စစ်သင်တန်းတက်ပြီး ကျန်သမီးငယ် ၃ ယောက်က သူ့ကိုကူကြသည်။
စစ်သင်တန်း သင်တန်းသူ၊ သင်တန်းသားအရေအတွက်က ၃၀၀ ကျော်သည်မို့ နေ့စဉ်ဖွယ်ဖွယ်ရာရာမဟုတ် တောင် စားသောက်ရေးအဆင်ပြေရန် တတ်သည့်ပညာမနေသာဆိုသလို သူစီမံရသည်။
‘ဟင်းမရှိတဲ့နေ့ဆို ဓားတစ်ချောင်းနဲ့ တောထဲဝင်လိုက်ရင် တောဟင်းတစ်ခွက်တော့ ရလာတာပါပဲ၊ နေ့စဥ်ချက် ရတာကတော့ ပဲဟင်းပေါ့။ စစ်သားနဲ့ ပဲဟင်းကတော့ ခွဲမရဘူးလေ’ ဟု စစ်သင်တန်းတွင် စားဖိုးဆောင် တာဝန် ယူခဲ့ရပုံကို ကျေနပ်နှစ်သက်စွာတွေးရင်း ဦးကျော်က ပြန်ပြောင်းပြောပြသည်။
စစ်သင်တန်းတွင် ဆယ်ကျော်သက် လူငယ်များ အများဆုံးပါဝင်သည်။ လွတ်လပ်မှုကို ခုံမင်သည့် သူတို့အ တွက် တင်းကြပ်သည့် စစ်စည်းကမ်းများက အသားမကျသော်လည်း တော်လှန်ရေးပန်းတိုင်ကို ရောက်အောင်သွားလိုသည့် ပြင်းပြသော ဆန္ဒဖြင့် ခက်ခဲကြမ်းတမ်းမှုကို ရင် ဆိုင်အနိုင်ယူနေကြခြင်းဖြစ်သည်။
နံနက်လေးနာရီတွင် ‘အားလုံးအိပ်ယာထမယ်’ ဆိုသည့် သင်တန်းမှူး၏ ဝီစီသံနှင့်အတူ နံနက် လေးနာရီခွဲတွင် တန်းစီကွင်းသို့ အားလုံး ရောက်အောင် လုပ်ဆောင်ကြရသည်။ မိုးရွာရွာ နေပူပူ ဖြစ်သည်။
ဒီလိုလူငယ်လူရွယ်တွေ တောထဲတောင်ထဲ ဖြစ်သလို စားသောက်နေရသည့် အခြေအနေကို မြင်ရလျင် ဦးကျော် ဘယ်လိုမှ ခံစားနိုင်စွမ်းမရှိပေ။ စိတ်ထဲမည်သို့မျှ နေ ထိုင်၍ မကောင်း။
‘ကိုယ့်အိမ်မှာ ဇိမ်နဲ့နေခဲ့တဲ့ကလေးတွေ။ အမေခူးကျွေးတဲ့ ထမင်းကို အဆင်သင့်စားခဲ့ရတဲ့ ဆယ်ကျော်သက်လေး တွေ။ ဖြစ်သလို ကြုံသလို ဆင်းရဲပင်ပန်းခံပြီး စားသောက်နေရတာမြင်ရရင် စိတ်မကောင်းဘူး။ စားကောင်းသောက် ဖွယ်တွေနဲ့ ကြီးပြင်းခဲ့တာတွေကို တမ်း တမနေဘဲ ငတ်နေတဲ့ဘဝမှာ ဖြစ်သလိုနဲ့ ကျေနပ်နေကြတဲ့ သူတို့ရဲ့ခိုင်မာ တဲ့စိတ်ဓာတ်ကို မလေးစားဘဲမနေနိုင်ဘူး’ ဟု ဦးကျော်ကဆိုသည်။
ထို့အတွက်ကြောင့်ပဲ သူကျွမ်းကျင်ပိုင်နိုင်သည့် အချက် အပြုတ်ပညာဖြင့် လူငယ်လူရွယ်တွေ ဟင်းလျာကောင်း ကောင်း မရှိတောင် ခံတွင်းမြိန်စားကောင်းစေရန် သူကြိုးစားချက်ပြုတ်ပေးနေခြင်းဖြစ်သည်။ရိက္ခာဆီမရှိချိန်ဆို လျင် ဆီမပါသည့် ဟင်းလျာ။ ဟင်း ချို ၊ သင်္ဘောသီးသုပ်တို့ဖြင့် ထမင်းတစ်နပ်စားဝင်အောင် စသည်ဖြင့် စားမကောင်းစရာမရှိစေရန် သူစီမံချက်ပြုတ်ခဲ့သည်။
အလှူရှင်များ၏ လှူဒါန်းမှုရှိသည့် အချိန်ကာလမျိုးဆိုပါက ပေါက် စီ၊ ကြက်ဆီထမင်း ၊ ဒန်ပေါက်၊ ကြေးအိုးဆီ ချက်၊ အစိမ်းကြော်၊ ကြက်သံပုံးကင်၊ ကြက်နဲ့ဝက် မျိုးစုံချက်၊ ကိုရီးယား ထုပ်ထိုး စသဖြင့် အရသာမြိန် ဖွယ် ဖွယ်ရာရာဖြစ်အောင် လူငယ်လူရွယ်များအတွက် သူစီမံချက်ပြုတ်ပေးဖြစ်ခဲ့သည်။
‘သင်တန်းမှာတုန်းက လူ ၃၀၀ ကျော်စာ ချက်ပြုတ်ရတာဆိုတော့ ပင်ပန်းတာပေါ့။ ဒါပေမယ့်ပျော်တယ်။ ကျနော် လူပဲပန်းတယ်၊ စိတ်မပန်းဘူး။ ကိုယ်ချက်တဲ့ ဟင်းနဲ့ သူတို့စားကောင်းနေတာကိုကြည့်ပြီး ပီတိဖြစ်ပြီး အမောကို ပြေလို့’ ဟု ဦးကျော်က မိန့်မိန့်ကြီး ပြုံးရင်း ပြောသည်။
ဦးကျော်တို့ စစ်သင်တန်းနေရာသို့ စစ်သင်တန်းပြီး၍ မကြာခင်တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသ ဖြင့် စခန်းနေရာကို သူတို့အားလုံးစွန့်ခွာခဲ့ကြရသည်။
စခန်းနေရာသစ်ဆီရောက်ရန် ၁၃ ရက် ခြေကျင်လျှောက်ခဲ့ရသည်။ စခန်းသစ်နေရာတွင်လည်း သူကျွမ်းကျင်သည့် စားဖိုဆောင်တာဝန်ကို ဦးကျော်ထမ်းဆောင်ခဲ့သည်။
စခန်းသစ်သည် မြစ်ကမ်းနံဘေး၌ ဖြစ်သဖြင့် ဦးကျော်အတွက် စားဖိုတာဝန်အပြင် အလုပ်တစ်ခု ပိုလာခဲ့သည်။ နံနက်စာ စီစဉ်ပြီးချိန်တိုင်းတွင် မြစ်ကမ်းပါး၌ ပေါက်တူးတစ်လက်ဖြင့် အသီးအနှံစိုက်ပျိုးရန် တူးဆွမြောင်းဖော် သည့် အလုပ်ပင်ဖြစ်သည်။
‘ကမ်းနားမြေဆိုတာ စိုက်ပျိုးရေး လုပ်လို့အကောင်းဆုံးပဲ။ စိုက်ခွင့်ရပြီဆိုတာနဲ့ အကုန်စိုက်တော့တာ၊ ဘယ် လောက် စိတ်ချမ်းသာဖို့ကောင်းလဲ၊ ခုဆို ကိုယ်စိုက်တဲ့ အသီးအရွက်တွေကို ရဲဘော်တွေစားနေရပြီ’ဟု သူစိုက် ပျိုး ထားသော ကန်စွန်း၊ ချဥ်ပေါင်၊ ငရုတ်၊ ရုံးပတီ၊ ဗူး၊ ပဲ၊ ခဝဲတို့ကို ကြည့်ရင်း ဦးကျော်က ဆိုသည်။
နေရာသစ်တွင် အခြေကျပြီးနောက် စခန်းပြောင်းရွှေ့စဉ်က အကြောင်းအမျိုးမျိုးကြောင့် အတူမပါလာခဲ့ဘဲ ဘေး ကင်းလုံခြုံရာ၌ ကျန်နေရစ်စေခဲ့သော မိသားစုကို သူရှိရာသို့ ဦးကျော် ပြန်ခေါ်ခဲ့သည်။ ဇနီးနှင့်သမီးများက သူ့စား ဖိုဆောင် ကူဖော်လောင်ဖက်အဖြစ် ယူမြဲတာဝန်ကို ယူကြသည်။
‘တော်လှန်ရေးမှာ လက်နက်ကိုင် စစ်တိုက်နေမှ မဟုတ်ပါဘူး။ ကိုယ်နိုင်တဲ့ နေရာကနေ ပါဝင်နေဖို့ပဲလိုတာ။ ကျ နော်က သေနတ်ပစ်တတ်ပေမယ့် အချက်အပြုတ်မှာ ကျွမ်းဝင်ပြီးသားမို့ စားဖိုတာဝန်ကိုယူတာ။ အဲ့ဒီအတွက် ဘယ်လောက်ပင်ပန်း ပင်ပန်းဂုဏ်ယူတယ်’ ဟု တော် လှန်ရေး ရဲဘော်များအတွက် အချက်အပြုတ် စားဖိုဆောင် တာဝန် ရယူထားရခြင်းအပေါ် လှိုက်လှဲဝမ်းသာစွာဖြင့် ဦးကျော်က ပြောသည်။
View the original