05 December 2022
၂၀၂၀ ဩဂုတ်လအတွင်းက ရန်ကုန်မြို့တွင် အကတိုက်နေသည့် ဇာတ်မင်းသားဖိုးချစ်ကို တွေ့ရစဉ်။ (ဓာတ်ပုံ – EPA/EFE)
ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခဲ့ဖူးသူ ဇာတ်မင်းသားဖိုးချစ်မှာ အာဏာသိမ်းပြီး ငါးရက်အကြာတွင် သဘင်အစည်းအရုံးဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခဲ့သည်။
By ဟန်သစ်
စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သူ မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း ဇာတ်မင်းသားဖိုးချစ်မှာ အဖမ်းခံရပြီးနောက် စစ်ကောင်စီ စစ်ကြောရေး ရောက်နေသည်ဟု နီးစပ်သူများထံမှ သိရသည်။
နိုင်ငံကျော် ဇာတ်မင်းသား ဖိုးချစ်မှာ နိုဝင်ဘာ ၃၀ ရက်နေ့က နေအိမ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကာ ၎င်းနှင့် နီးစပ်သည့် တေးရေးဆရာ သျှန်ထွန်း (မြန်မာစာ) သည်လည်း ထိုနေ့၌ပင် ရန်ကုန်မြို့အထွက်တွင် အဖမ်းခံရသည်ဟု သဘင်လောကနှင့် နီးစပ်သူများထံမှ သိရသည်။
“ဆရာသျှန်ထွန်းက ပုဂံမှာ ပွဲရှိလို့ သွားတာ။ သိရတာတော့ အတူဖမ်းခံရတာ မဟုတ်ဘူး” ဟု သဘင်လောကသားတစ်ဦးက ယနေ့ (ဒီဇင်ဘာ ၅) ပြောသည်။
ဇာတ်မင်းသားဖိုးချစ်နှင့် သျှန်ထွန်း (မြန်မာစာ) ကို မည်သည့်နေရာသို့ ဖမ်းဆီးသွားသည်ကို မသိရသော်လည်း စစ်ကြောရေးရောက်နေသည်ဟု စုံစမ်းသိရှိရသည်။
“တွေခွင့်မရဘူး၊ လုံးဝမတွေ့ရဘူး ပြောတယ်။ ဘာကြောင့်ဆိုတာ အတိအကျမသိဘူး။ ကိုသျှန်ထွန်းက သူ့(ဖိုးချစ်) ခြံမှာ နေတာ၊ ဘယ်မှာဖမ်းခံရလဲ မသိဘူး။ သတင်းပေးတဲ့လူရှိလို့ ဖမ်းသွားတာနေမယ်” ဟု သဘင်အသိုင်းအဝိုင်းနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
အာဏာသိမ်းပြီးစတွင် စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူမှန်သမျှကို ဖမ်းဆီးရန် ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဝရမ်းစာရင်းများ ထုတ်ပြန်ခဲ့ဖူးရာ အခြားသော အနုပညာရှင်များနည်းတူ ဇာတ်မင်းသားဖိုးချစ်လည်း ပါဝင်ခဲ့သည်။
နိုင်ငံကျော်ဇာတ်မင်းသား ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။
သို့သော် စစ်တပ်ထောက်ခံသည့် လူမှုကွန်ရက်စာမျက်နှာများကမူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို ထောက်ပံ့နေ၍ ဖမ်ဆီးခြင်းဖြစ်ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့တွင် နေ့စဉ်ရက်ဆက် ပေါ်ပေါက်ခဲ့သော စစ်အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြပွဲများတွင် အခြားအနုပညာရှင်များနည်းတူ ဇာတ်မင်းသားဖိုးချစ်လည်း ဦးဆောင်ပါဝင်ခဲ့ပြီး အာဏာသိမ်းပြီး ငါးရက်အကြာတွင် သဘင်အစည်းအရုံးဥက္ကဋ္ဌရာထူးမှလည်း နုတ်ထွက်ခဲ့သည်။
ထို့ပြင် ဇာတ်မင်းသား ဖိုးချစ်မှာ အဖမ်းမခံရမီအချိန်ထိ ဒီမိုကရေစီရရှိရေးကို ထောက်ခံအားပေးကြောင်း လူမှုကွန်ရက်တွင် ဆက်တိုက်ရေးသားလေ့ရှိသည်။
‘မြို့ရွှေမန်းသားဖိုးချစ်’ ဇာတ်သဘင်အဖွဲ့ကို တည်ထောင်ဦးဆောင်ခဲ့သူ ဖိုးချစ်မှာ ဆိုကရေးတီးပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများ ရရှိခဲ့သူဖြစ်ပြီး ၂၀၀၀ ပြည့်နောက်ပိုင်းမှစ၍ ၎င်းကိုယ်တိုင် တီထွင်ဆန်းသစ်ထားသည့် တင်ဆက်မှုများဖြင့် အထူးကျော်ကြားလာသူဖြစ်သည်။
သျှန်ထွန်း (မြန်မာစာ) မှာ ဖိုးချစ်၏ ဇာတ်သဘင် နှစ်ပါးသွားသီးချင်းများကို ပင်တိုင်ရေးပေးနေသူဖြစ်သည်ဟု သိရသည်။
ဇာတ်မင်းသားဖိုးချစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ စတင်အာဏာရသည့် ၂၀၁၆ ခုနှစ်အတွင်းက အာဇာနည်အထိမ်းအမှတ်အဖြစ် “ငါသည် အောင်ဆန်း” ဆိုသော ပြဇာတ်ကို ဦးဆောင် ကပြခဲ့ဖူးသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.