02 December 2022
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဖြစ်စဉ်တွေဟာ တရိပ်ရိပ်မြင့်တက်လာပေမယ့် တရားမျှ တမှုရရှိဖို့ အလှမ်းဝေးနေဆဲပါ။
၂၀၂၁ ခုနစ် ၊ဖေဖော်ဝါရီ ၁ မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကနေ ကျူးလွန်တဲ့လိင်ပိုင်းဆိုင်ရာရော၊ စစ်တပ် မဟုတ်ဘဲ အရပ်သားအချင်းချင်းကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေဟာ တိုးလာပေမယ့် တိကျတဲ့စာရင်း ကောက် ယူရရှိမှုက ခက်ခဲနေပါတယ်။
လက်ရှိကာလမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို တိုင်ကြားပါကလည်း ကျူးလွန်တဲ့သူကို အရေးယူနိုင်တဲ့ ယန္တရား က မရှိတဲ့အတွက် တိုင်ကြားသူလည်း မရှိသလောက်နည်းပါးလာကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) မှ အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲက ပြောပါတယ်။
၂၀၂၁၊ ဖေဖော်ဝါရီ ၁ ကစပြီး ကနေ့ထိ အိမ်တွင်းအကြမ်းဖက်မှု ၁၁၁ မှု အရပ်သားကျူးလွန်တဲ့ မုဒိမ်းမှု ၁၄ မှု၊ စစ်တပ်က ကျူးလွန်တဲ့အမှု ၁၆ မှုနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ၃ မှု ထက်မနည်းရှိကြောင်း WLB အဖွဲ့ရဲ့ နိုဝင်ဘာ ၂၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် သတင်းမီဒီယာတွေမှာဖော်ပြချက်အရ အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီး မီးရှို့သတ်ဖြတ်လက်စဖျောက်တဲ့ အမှု ၄၀ အထက်ရှိပြီး အကြမ်းဖက်မှုတွေကလည်း နေ့စဉ်ဖြစ်ပေါ်နေကာ ကျူးလွန်နေသူတွေကို အပြစ်ပေးအရေးယူဆောင်ရွက် မယ့် ယန္တရားမရှိတဲ့အတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေတယ်လို့ WLB ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Photo Credit – WLB
“ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအများကြီးတက်လာတယ်။ စစ်တပ်ကရော အချင်းချင်း ရော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေရှိတယ်။ လက်ရှိအခြေအနေက မတိုင်ကြားချင်ကြတော့ဘူး ။ တိုင်ကြားတဲ့ ယန္တရား လည်းမရှိ တိုင်ကြားရင်လည်း တရားမျှတမှုမရှိတော့မတိုင်ဘူး” လို့ နော်ဆဲဆဲက ဆိုပါတယ်။
လက်ရှိကာလမှာ တရားမျှတမှုရရှိဖို့နည်းလမ်းမရှိတော့ နယ်ဒေသတွေမှာဆို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ဓလေ့ ထုံးတမ်းနဲ့ ဖြေရှင်းနေရတာများပြီး အဲဒီအမှုတွေကို စစ်တမ်းကောက်ယူမှုကလည်း ခက်ခဲနေတဲ့ အခြေအနေဖြစ်နေတယ် လို့လည်း နော်ဆဲဆဲက ထောက်ပြပါတယ်။
“ စစ်တပ်က ကျူးလွန်မှုကို စုဆောင်းဖို့ကအရမ်းခက်ခဲတယ်။ ကောက်တဲ့သူရော ကျူးလွန်ခံရတဲ့အသိုင်းအဝန်းရော လုံခြုံ ရေးက စိုးရိမ်ရတော့ ကောက်ယူဖို့ကတော်တော်ခက်တယ်” လို့ သူက ဆိုပါတယ်။
WLB အနေနဲ့ အကြမ်းဖက်မှုမှန်သမျှကို လုံးဝဆန့်ကျင်ကန့်ကွက်ပြီး ဘယ်အကြမ်းဖက်မှုကိုမဆို ရှုတ်ချကန့်ကွက်ကြောင်း နှင့် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုမှန်သမျှကို မှတ်တမ်းတင်ပြီး တရားမျှတမှုရရှိရန် နိုင်ငံအဆင့်မှနိုင်ငံတကာအဆင့်ထိ အမြဲတမ်း မီးမောင်းထိုးပြနေကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားပါတယ်။
မြန်မာနိုင်ငံမှာ ၁၀ စုနှစ်များစွာကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အတွင်း အကြမ်းဖက်စစ်အုပ်စုက ဗမာမဟုတ်တဲ့ တိုင်းရင်း သားတွေအပေါ်ဖိနှိပ်ရန် အဓမ္မပြုကျင့်မှုနဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို စစ်လက်နက်တစ်ခု၊ လုပ်ရိုးလုပ်စဉ် နှိပ်ကွပ် မှုတစ်ခုအနေနဲ့ အသုံးပြုလေ့ရှိပါတယ် ။
“ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ကျမတို့ကွင်းဆင်းရတာ ခက်လာတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ တရား မျှတမှု ရဖို့မပြောနဲ့ ကျမတို့ဆီ သတင်းတက်လာတာတောင် သိပ်မရှိတော့ဘူး။ ကျမတို့ အရင်ကလိုသွားလာဖို့က မလွယ် ဘူး” လို့ တအာင်း(ပလောင်)အမျိုးသမီးအဖွဲ့အစည်း(TWO) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့ ပုန်းရှောင်ပြီးအလုပ်လုပ်ရသလို တစ်ချို့လည်း လွတ်မြောက်နယ်မြေသို့ သွားရောက်တိမ်းရှောင်နေရပြီး မြေပြင်သတင်းအချက်အလက်ကို အရင်ကလို အလွယ်တကူ မရရှိတော့ကြောင်း (TWO)က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။
“ ကျမတို့တွေက ပုန်းရှောင်ပြီးလုပ်နေရတော့ ဒီနှစ်နှစ်အတွင်းက သတင်းအချက်အလက်ရဖို့ခက်တယ်။ ဖုန်းလိုင်းလည်း မရ၊ အင်တာနက်လည်းမရှိတဲ့နေရာတွေရှိတော့ သွားဖို့ကလည်းမလွယ်ဘူး” လို့ သူက ပြောပါတယ်။
အဓမ္မပြုကျင့်ခံရသူ ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းခံရသူများအနေနဲ့ လုံခြုံစိတ်ချရတဲ့အခြေအနေမှာရှိနေပါက လူ့ အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်နေတဲ့သူများထံဆက်သွယ်ပြီး ဖြစ်စဉ်တွေကို ပြောပြကာ မှတ်တမ်းတင် သိမ်းဆည်းမှုပြုလုပ်နိုင်ဖို့ AAPP နဲ့ WLB ကလည်း တိုက်တွန်းပြောဆိုထားပါတယ်။
လိင်းပိုင်းဆိုင်ရာကျူးလွန်သူတွေကို အရေးယူဆောင်ရွက်နိုင်တဲ့ ယန္တရားတွေဆီပို့ဖို့ မှတ်တမ်းတွေကို ကောက်ယူနေ ကြောင်းလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါ တယ်။
“ အရေးယူဆောင်ရွက်ဖို့အတွက် မှတ်တမ်းတွေရှိတယ်။ ဒါတွေကို အရေးယူဆောင်ရွက်နိုင်တဲ့ ယန္တရားတွေဆီပို့တာရှိပါ တယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တစ်ချို့ကိစ္စက အရမ်းရက်စက်တယ်။ ရွာကိုမီးရှို့တယ် ။ အဲ့ချိန်မှာ အဓမ္မပြုကျင့်တဲ့ ကိစ္စတွေရှိတယ်။ မျက်မြင်တွေက ထွက်ပြေးနေရတာတွေရှိတယ်” လို့ ဦးတိတ်နိုင်က ဆိုပါတယ်။
လက်ရှိ စစ်တပ်ကကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာအရေအတွက်ကို စာရင်းအတိအကျပြုစုရန် ခက်ခဲနေပြီး တစ်ချို့သတင်း တွေ ကြားပဲကြားသိရကာ သက်သေဆက်လိုက်နေရသေးကြောင်း ဦးတိတ်နိုင်က ဆိုပါတယ်။
“ ရာခိုင်နှုန်းအရက ပြောဖို့ခက်တယ်။ ဥပမာ ကြားနေရတာအများကြီးရှိတယ်။ သေချာအတည်ပြုနိုင်တာ အရေးယူနိုင်တဲ့ အနေအထားမရှိတာတွေရှိတယ်။ ဆက်လိုက်နေတာရှိတယ်။ သေချာတာကတော့ ၁၀ ဆလောက် ပိုများလာတယ်”လို့ ဦးတိတ်နိုင်က လက်ရှိအခြေအနေကို ပြောပြပါတယ်။
Photo Credit – WLB
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLBက နိုဝင်ဘာ၂၅တွင်ကျရောက်ခဲ့သော နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့မှာ “တရားမျှတမှု+တာဝန်ခံမှု=ပြစ်ဒဏ်ကင်းလွတ်ခွင့်များကိုအဆုံးသတ်ခြင်း” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ၁၆ ရက်တာအတွင်းလှုပ်ရှားမှုများ၊ ပုံစံမျိုးစုံဖြင့်အသံထုတ်ဖော်ခြင်းများ၊ ဖဲကြိုးဖြူကမ်ပိန်းများ ပြုလုပ်သွား မယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ရှည်လျားတဲ့ပြည်တွင်းစစ် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့နိုင်ငံဖြစ်ပြီး အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ ပိုမိုများပြားလာတဲ့ အဓိကအကြောင်းအရင်းမှာ ဖိုဝါဒကြီးစိုးစနစ်ကျင့်သုံးခြင်းနဲ့ စစ်အာဏာရှင်စနစ်လို့ အမျိုးသမီးအရေး တက်ကြွဆောင်ရွက်သူတွေက မှတ်ချက်ပြုပါတယ်။
အမျိုးသမီးတွေ၊ အမျိုးသမီးငယ်တွေနဲ့ လိင်စိတ်ကွဲပြားသူတွေအပါအဝင် ဘယ်သ့ူအပေါ်မဆို အကြမ်းဖက်မှု အမြန်ဆုံး ရပ်တန့်ရန် ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ အတူတကွ ပူးပေါင်းဆောင်ရွက်ရန်လည်း WLB က တိုက်တွန်းပြောဆိုပါတယ်။
စစ်တပ်ကကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ရပ်တန့်စေရန်နဲ့ တရားမျှတမှုရရှိရန် နိုင်ငံတကာတာဝန် ရှိသူတွေက အမြန်ဆုံးအကောင်အထည်ဖော်ရန် WLB မှ ၁၆ရက်သာ လှုပ်ရှားမှုမှာ ထည့်သွင်းတောင်းဆိုထားပါတယ်။။
အစစအရာရာခက်ခဲနေချိန် လုံခြုံရေးစိုးရိမ်နေရချိန်မှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့သူတွေ၊ အကြမ်းဖက်ခံရသူရဲ့ ဆွေမျိုးအသိုင်းအဝန်းတွေ ခြိမ်းခြောက်နိုင်တဲ့အလားအလာရှိတဲ့အတွက် တိုင်ကြားမှုမရှိခဲ့ပေမယ့် နောင်တစ်ချိန်မှာ အရေး ယူနိုင်ဖို့ မှတ်တမ်းကောက်ယူမှုတွေကို လုပ်ဆောင်သွားမယ်လို့ WLB မှ နော်ဆဲဆဲက ဆိုပါတယ်။
“ လက်ရှိအခြေအနေမှာ စိုးရိမ်မှုတွေ လုံခြုံရေးအနေအထားကိုနားလည်ပါတယ်။ ဒါပေမယ့် တရားမျှတမှုရရှိဖို့ တစ်ချိန်ချိန် မှာ ကျမတို့အရေးယူဆောင်ရွက်နိုင်ဖို့ ကျူးလွန်ခံရသူတွေက တိုင်ကြားဖို့လိုအပ်ပါတယ်။ ဒါဟာနောင်တစ်ချိန်မှာ တရား မျှတမှု တာဝန်ယူမှု၊ တာဝန်ခံမှုအတွက် အထောက်အကူပြုနိုင်တဲ့လုပ်ဆောင်ချက်တွေပါ” လို့ နော်ဆဲဆဲက ဆိုပါတယ်။
Original Post: Honest Information
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.