By ယုဇန
ထရေစီသည် မိဘများကို နောက်ဆုံးတွေ့ခဲ့ရသည်မှာ လွန်ခဲ့သော ၂ နှစ်နီးပါးက ဖြစ်သည်။ သူသည် ဆေးတက္ကသိုလ် (၁) နောက်ဆုံးနှစ် ကျောင်းသူဘဝတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အသက် ၂၃ နှစ်ပြည့် မွေးနေ့ပွဲကျင်းပပြီး နောက်တရက်၌ သူ၏မိသားစုကို ရန်ကုန်တွင် ချန်ထားခဲ့ရသည်။
ယခုအခါ အသက် ၂၄ နှစ်ပြည့်ပြီဖြစ်သော ထရေစီသည် အဆင်ပြေချောမွေ့သော မြို့ပြဘဝနှင့် အာမခံချက်ရှိသော အနာဂတ်ကို စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေး၏ ကြမ်းတမ်းလှသော တောတွင်းဘဝနှင့် အလဲအထပ် လုပ်ခဲ့သူတဦး ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုအပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်ကောင်စီက သတ်ဖြတ်နှိမ်နင်းသောကြောင့် ထရေစီကဲ့သို့သော လူငယ်ပေါင်းများစွာသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် ဒေသများတွင် သွားရောက်ခိုလှုံရသည်။
ယခုအခါ အချို့သည် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့်အတူ တိုက်ခိုက်နေပြီး ထရေစီ ကဲ့သို့သောသူများသည် ၎င်းတို့ လေ့လာထားသော ပညာများဖြင့် မရှိမဖြစ် လိုအပ်သော အကျိုးဆောင်မှု ပြုလုပ်နေပြီး ရဲဘော်ရဲဘက်များနှင့် ဒေသခံများကို ဆေးဝါးကုသပေးနေသည်။
ယခုအခါ ထရေစီသည် လွန်ခဲ့သောနှစ် မေလမှစတင်ပြီး စစ်ကောင်စီတပ်များနှင့် လူမျိုးစုလက်နက်ကိုင်တပ်များအကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည့် ကရင်နီ (ကယား) ပြည်နယ်တွင် နေထိုင်နေသည်။
အခြားသူ အများအပြားကဲ့သို့ပင် ထရေစီသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားသည့် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်သည်။ ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး တဦးဖြစ်သောကြောင့် သူသည် နိုင်ငံတဝှမ်းမှ စစ်အုပ်ချုပ်ရေးဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ပါဝင်သည်။ သို့သော် စစ်ကောင်စီတပ်များက လှုံ့ဆော်မှုဖြင့် စွဲချက်တင်ပြီး သူ၏ အိမ်ကို ဝင်ရောက်စီးနင်းသောအခါ ထွက်ပြေးရသည်။
“တော်လှန်ရေး မပြီးမချင်း စစ်ကောင်စီကို ဆက်လက် တိုက်ခိုက်ရမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ရန်ကုန်က ထွက်လာခဲ့တယ်” ဟု ထရေစီက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“မတရားမှုတွေကို ရပ်ကြည့်မနေနိုင်ဘူး။ ပြည်သူတွေ အနာဂတ်ဆုံးရှုံးတာ မလိုချင်ဘူး။ အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ လုပ်လို့ရတာ အကုန်လုပ်မယ်” ဟု သူကပြောသည်။
ထရေစီသည် ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်သို့ ရောက်လာပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ (PDFs)၊ ဒေသခံများနှင့် စစ်ဘေးရှောင်များအတွက် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်သည်။ မြို့နယ်အတွင်း ဝေးကွာသော ဒေသများမှ ကျောင်းသားများအတွက် သင်ကြားရေး အထောက်အကူပြုများကို ဝေငှကာ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်မှ ကျောင်းများတွင် ကျန်းမာရေးပညာပေးများ သင်ကြားပေးသည်။
ရန်ကုန်ဆေးတက္ကသိုလ် (၁) မှ စီနီယာ အကိုအမများနှင့် အများပြည်သူအကူအညီဖြင့် ပေးပို့သည့် အစားအသောက်များကို စစ်ဘေးရှောင်စခန်းများသို့ မျှဝေပေးသည်။ ထို့အပြင် သူနှင့် လုပ်ဖော်ကိုင်ဖက်များသည် ၎င်းတို့ဒေသတွင် နယ်လှည့် ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့တခုကိုလည်း ထူထောင်ခဲ့သည်။
၎င်းတို့ဒေသမှ ဆေးခန်းတခန်းကို ယခုအခါ ခွဲစိတ်ကုသမှုအမျိုးမျိုး လုပ်နိုင်သည့် ဆေးရုံတရုံအဖြစ် အဆင့်မြှင့်တင်လိုက်ပြီ ဖြစ်သည်။ ထိုဆေးရုံမှ ခွဲစိတ်ကုသမှုများကို သူ၏ဆေးတက္ကသိုလ်မှ စီနီယာများ၏ အကူအညီဖြင့် ပြုလုပ်နေကြောင်း ထရေစီက ပြောသည်။ အမည်မဖော်လိုသော အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ၊ ပြည်သူ့စေတနာ့ဝန်ထမ်းများနှင့် NUG ကျန်းမာရေးဝန်ကြီးဌာနက ၎င်းတို့ကို ကူညီနေသည်။
စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အင်အားစုများအကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက် ထိုဆေးရုံသည် အပြင်းအထန် ဒဏ်ရာရလာသူ တဒါဇင်ကျော်ကို ကုသပေးရသည်။ ထိုသို့သော အချိန်များတွင် ထရေစီနှင့် လုပ်ဖော်ကိုင်ဖက်များသည် နေ့ရောညပါ ခွဲစိတ်ကုသပေးရသည်။
“လူနာတွေက ခွဲစိတ်ခန်းရောက်လာတော့ ခြေထောက် မပါတော့တာ၊ လက် မပါတော့တာ၊ ဗိုက်ကပွင့် နေတာမျိုးတွေ ဖြစ်နေတာ” ဟု တော်လှန်ရေးတပ်ဖွဲ့မှ ဒဏ်ရာရသူများအကြောင်း သူကပြောပြသည်။
စစ်ကောင်စီ၏ အမြောက်ဆံထိမှန်ပြီး ဝမ်းဗိုက်တွင် အပြင်းအထန် ဒဏ်ရာရလာသော လူငယ် ရဲဘော်တဦးအား သယ်ဆောင်လာသည်ကို သူမှတ်မိနေသည်။ သူ အသက် ဆက်လက်ရှင်သန်ရန် အခွင့်အလမ်း နည်းသော်လည်း ထရေစီနှင့် အခြားဆရာဝန်များက သူ့ကို ဆက်လက် ကုသပေးသည်။ ၆ နာရီကြာ အပြင်းအထန် ကုသရပြီးနောက် ထိုရဲဘော် အသက်ရှင်သေးသော်လည်း နောက် နာရီဝက် အကြာတွင် ကွယ်လွန်သွားသည်။
ထိုရဲဘော် ကျဆုံးသောကြောင့် သူနှင့် လုပ်ဖော်ကိုင်ဖက်များ စိတ်နှလုံးကြေကွဲရကြောင်း ထရေစီက ပြောပြသည်။
“လူငယ်တော်လှန်ရေးသမားတွေရဲ့ တိုက်ပွဲအတွက် ကျမ မဆောက်တည်နိုင်လောက်အောင် ခံစားရတယ်။ တချိန်တည်းမှာပဲ ကျမက စစ်ခွေးတွေနဲ့ သူတို့အတွက် အလုပ်လုပ်ပေးနေသူတွေကို မုန်းတယ်၊ ရွံတယ်၊ ဒေါသထွက်တယ်” ဟု စိတ်ခံစားမှုကြောင့် ကွဲအက်နေသော အသံဖြင့် သူကပြောသည်။
တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ရန် သဘောတူခဲ့သော မိဘများနှင့် ခွဲခွာလိုက်ရသောကြောင့် ဝမ်းနည်းကြောင်း ထရေစီက ပြောသည်။
“ကျမ စိတ်ဓာတ်ကျရတဲ့အခါ တော်လှန်ရေးသမားတွေ စွန့်လွှတ်အနစ်နာခံရတာကို ကျမ စဉ်းစားတယ်။ သူတို့တွေက အသက်တွေပေးသွားလို့ မိဘတွေနဲ့ ဘယ်တော့မှ ပြန်မတွေ့ရ တော့ဘူးလေ” ဟုလည်း ဧရာဝတီ သတင်းဌာနသို့ သူကပြောသည်။
ထရေစီနှင့် လုပ်ဖော်ကိုင်ဖက်များကို အားကိုးနေရသည်မှာ PDF တပ်ဖွဲ့ဝင်များသာမကဘဲ ထိုဒေသမှ အရပ်သားများနှင့် စစ်ဘေးရှောင်များလည်း ပါဝင်သည်။ စစ်ကောင်စီတပ်များသည့် ကျေးရွာများကို မကြာခဏ တိုက်ခိုက်သောကြောင့် အရပ်သားဒေသခံများသည် မကြာခဏ ဒဏ်ရာရသလို နေအိမ်များကိုလည်း ဆုံးရှုံးကြသည်။ တချိန်တည်းတွင် IDPs စစ်ဘေးရှောင် ဒေသခံစခန်းများတွင်လည်း လူသားချင်း စာနာမှု အကူအညီမရသောကြောင့် ကျန်းမာရေး ညံ့ဖျင်းခြင်းနှင့် အရေးပေါ်အခြေအနေများကို ကြုံတွေ့နေရသည်။
IDPs စစ်ဘေးရှောင်စန်းများတွက် စောင်မလုံလောက်ဘဲ ကလေးငယ်များသည် အေးသောရာသီတွင် အအေးမိကာ သန့်ရှင်းသောရေ မရသောကြောင့် ဝမ်းလျှောကြသည်။ တချိန်တည်းတွင် အသက်အရွယ် ကြီးရင့်သော စစ်ဘေးရှောင်များသည် သွေးတိုး၊ နှလုံး၊ ဆီးချိုစသည့် နာတာရှည်ရောဂါများ ခံစားနေရပြီး ဆေးဝါး မလုံလောက်သောကြောင့် လွန်စွာဖျားနာသောအခါမှသာ ဆေးရုံသို့ရောက်လာကြသည်။
“ကျမတို့က သူတို့ကို နေ့ရောညပါ စောင့်ရှောက်တယ်။ သူတို့ပြန် နာလန်ထလာရင် ကျမတို့ အရမ်း ဝမ်းသာကြတယ်” ဟုလည်း သူကပြောသည်။
ထရေစီကဲ့သို့ပင် ဂျူလီယာသည်လည်း ချင်းပြည်နယ်မှ အရပ်သားများနှင့် လူမျိုးစုလက်နက်ကိုင်များကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူတဦး ဖြစ်သည်။
လူထုအာဏာဖီဆန်ရေး ဆေးဝန်ထမ်းများ၏ အင်အား
အသက် ၃၃ နှစ်ရှိပြီဖြစ်သော ဂျူလီယာသည် စစ်အာဏာမသိမ်းမီက ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှ ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းတဦးဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် သူနှင့် လုပ်ဖော်ကိုင်ဖက် အများအပြားသည် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ကြသည်။ တနိုင်ငံလုံးမှ ကျန်းမာရေးလုပ်သားများသည် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပထမဆုံး ပညာရှင်များဖြစ်သည်။ တနိုင်ငံလုံးရှိ ဆေးရုံများမှ ကျန်းမာရေးလုပ်သားများသည် ဆေးရုံများတွင် CDM စာတန်းများ ချိတ်ဆွဲကာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည်။
မြန်မာမှ ကျန်းမာရေးလုပ်သား ၁၁၀,၀၀၀ အနက် ၆၀,၀၀၀ သည် CDM လှုပ်ရှားမှုတွင် ပါဝင်သောကြောင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ် ရပ်ဆိုင်းသွားသည်။
ကျန်းမာရေး CDM လှုပ်ရှားမှုတွင် ပါဝင်သူ ၅,၀၀၀ နီးပါးသည် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှ တော်လှန်ရေးအုပ်စုများနှင့်အတူ ကျန်းမာရေး လုပ်သားများအဖြစ် ဆက်လက် လုပ်ကိုင်နေသည်ဟု ထိုစာရင်းကို ပြုစုနေသည့် CDM ကျန်းမာရေးလုပ်သားကွန်ရက်၏ အဆိုအရ သိရသည်။ ထိုသူများတွင် အထူးကုဆရာဝန် ၃၂၀၊ သူနာပြုဆရာမ ၅၆၀ နှင့် အခြေခံ ကျန်းမာရေးလုပ်သား ၁,၅၅၄ ဦးနှင့် စေတနာ့ဝန်ထမ်းများ ပါဝင်ကြောင်း NUG ၏ အဆိုအရ သိရသည်။
ဂျူလီယာသည် ထိုကျန်းမာရေးဝန်ထမ်းများအနက် တဦးဖြစ်ကာ တော်လှန်ရေးတပ်များ၏ အခြေစိုက် စခန်းတွင်သာမက မင်းတပ်မြို့နယ်မှ ဝေးကွာသော နေရာများတွင်လည်း တာဝန်ထမ်းဆောင်သည်။ ယခင်က သူသည် ကျန်းမာရေးဝန်ကြီးဌာနတွင် ၁၀ နှစ် လုပ်ကိုင်ဖူးသည်။
“စစ်အာဏာသိမ်းတာကို အရမ်းဆန့်ကျင်ရှုတ်ချလို့ CDM လှုပ်ရှားမှုမှာ ကျမပါဝင်တယ်” ဟု ဂျူလီယာက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
သူနှင့်မိတ်ဆွေများသည် မင်းတပ်တွင် တိုက်ပွဲများ မဖြစ်ပွားမီ ၂၀၂၁ ခုနှစ်၊ မေလမတိုင်မီတွင် CDM ဆေးကုခန်းတခုကို တည်ထောင်ကြသည်။ ထို့နောက် သူသည် ချင်းကာကွယ်ရေးတပ် CDF (မင်းတပ်) က စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည့် ဝေးကွာသောနေရာတခုသို့ ပြောင်းရွှေ့သွားခဲ့သည်။
၂၀၂၁ ခုနှစ်မေလတွင် သူနှင့်အခြားကျန်းမာရေးလုပ်သား ၅ ဦးသည် ရှေ့တန်းစစ်မျက်နှာတွင် ၁၄ ရက်ကြာ တာဝန်ထမ်းဆောင်ရသည်။
“ကျမတို့ဘက်မှာ လက်နက် မလုံလောက်တော့ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ရတယ်။ ဒဏ်ရာ အပြင်းအထန်ရပြီး သွေးတွေ အရမ်းထွက်နေတဲ့ ရဲဘော်တွေအတွက် ပတ်တီးတွေ အများကြီး သုံးရတယ်” ဟု သူကပြောပြသည်။
ယခင်က စစ်ပွဲအခြေအနေမျိုးနှင့် မရင်ဆိုင်ခဲ့ဖူးသောကြောင့် အစောပိုင်းတွင် ကြောက်လန့်ခဲ့သည်။ သို့သော် တိုက်ပွဲတွင် ဒဏ်ရာရသော CDF ရဲဘော်များကို ကုသပေးရင်း ထိုအကြောက်တရားကို ကျော်လွှားနိုင်ခဲ့သည်။
ဒဏ်ရာရသည့် ရဲဘော်များ၏ သွေးများ အများအပြား စွန်းထင်းနေသောကြောင့် ကျန်းမာရေး လုပ်သားများ မထိုင်နိုင်သည့် တာပေါ်လင်စ တခုကို တွေ့ခဲ့ကြောင်း သူကပြောပြသည်။
“ရဲဘော်တယောက်က အမြောက်ဆံထိလို့ ဦးခေါင်းခွံကြေပြီး ဆုံးတယ်။ ကျန်တဲ့သူတွေလည်း မေးရိုးကျိုးတာတို့၊ ခြေထောက်ကို ကျည်ဆံမှန်တာတို့ ဖြစ်ကြတယ်။ စာရေးကိရိယာ ကိုင်ရမယ့်အစား လက်နက်တွေကိုင်ရတဲ့ ဒီလူငယ်တွေအတွက် ကျမ ဝမ်းနည်းတယ်” ဟု သူကပြောသည်။
စစ်မြေပြင်မှ အဝေးသို့ ရောက်နေချိန်တွင် သူသည် CDF အခြေစိုက်စခန်းတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးသည်။ တော်လှန်ရေးတပ်ဖွဲ့ဝင် အများအပြားသည် မသန့်ရှင်းသော ရေကြောင့် ကျောက်ကပ်တွင် ကျောက်တည်ကြသည်။ ဆိုးရွားသော ရာသီဥတုနှင့် လေ့ကျင့်ရေးကြောင့် သူကိုယ်တိုင်လည်း ဖျားနာဖူးသည်။
ရှေ့တန်း စစ်မျက်နှာသို့ သွားရန်လိုအပ်တိုင်း သူအသင့်ရှိနေသည်။ တချိန်တည်းတွင် သူသည် မြို့နယ်အတွင်းမှ အလှမ်းဝေးသည့် ကျေးရွာများတွင် သူ၏အဓိက ကျွမ်းကျင်သည့် လုပ်ငန်းဖြစ်သည့် အမျိုးသမီးနှင့် ကလေးကျန်းမာရေး ဝန်ဆောင်မှုများလည်း ပေးရသည်။
ဝေးကွာသည့် ကျေးရွာများတွင် ဆေးပစ္စည်းကိရိယာ လုံလုံလောက်လောက် မရှိသောကြောင့် အခက်အခဲများစွာ ရင်ဆိုင်ရသည်။
“အာဏာမသိမ်းခင်တုန်းက ဌာနတခုအနေနဲ့ ဝန်ဆောင်မှု အပြည့်ပေးခဲ့တာ” ဟုလည်း သူကပြောသည်။
“ဒါပေမယ့် မနှစ်ကစပြီး အလုပ်တွေအားလုံးကို ကျမတို့ပဲလုပ်ရတယ်။ အာဏာသိမ်းချိန်ကစတင်ပြီး ကျမတို့မှာ ဆေးဝါးနဲ့ ဆေးပစ္စည်းကိရိယာ မလုံလောက်တော့ဘူး” ဟု အများပြည်သူကျန်းမာရေး ဝန်ဆောင်မှုပေးရာတွင် ကြုံရသည့် အခက်အခဲများအကြောင်း သူကပြောပြသည်။
သို့သော် ဂျူလီယာနှင့် အခြား CDM ဆေးဝန်ထမ်းများသည် ၎င်းတို့တာဝန်ယူရသည့် နေရာများတွင် ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ပေးရန် ဆုံးဖြတ်ထားကြသည်။
ဒို့မြေ ဆေးတပ်ဖွဲ့
စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ၏ အခိုင်အမာဒေသဖြစ်သော စစ်ကိုင်းတိုင်း အနောက်ပိုင်းတွင် ကျန်းမာရေး ဝန်ဆောင်မှုများပေးရန် CDM ဆေးဝန်ထမ်းများက ဒို့မြေ ဆေးတပ်ဖွဲ့ကို လွန်ခဲ့သော ၃ လက တည်ထောင်သည်။ ထိုအဖွဲ့သည် စစ်ဘေးရှောင်များ အတွက်သာမက တော်လှန်ရေး အင်အားစုများကိုလည်း ကျန်းမာရေး စောင့်ရှောက်ပေးနေသည်။
အသက် ၃၆ နှစ်ရှိပြီဖြစ်သော ကိုမြတ်သူသည် ဒို့မြေ ဆေးတပ်ဖွဲ့ကို ထူထောင်သည့် CDM ဆေးဝန်ထမ်းတဦး ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် ၂ ရက်အကြာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ CDM လှုပ်ရှားမှုတွင် မပါဝင်မီက သူသည် ပြည်သူ့ကျန်းမာရေး အရာရှိတဦးအဖြစ် လုပ်ကိုင်ခဲ့သည်မှာ ၁၈ နှစ် ရှိပြီဖြစ်သည်။
“ကျနော်တို့ကို CDM လှုပ်ရှားမှုမှာ ပါဝင်စေတာက စစ်အာဏာသိမ်းမှုပဲ” ဟု ကိုမြတ်သူက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
လွန်ခဲ့သော နှစ်မှစတင်ပြီး အခြား CDM ဆေးဝန်ထမ်းများကဲ့သို့ပင် ကျေးရွာများသို့ လှည့်လည်သွားကာ ပြည်သူများကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုများပေးသည်။ သူနှင့် လုပ်ဖော်ကိုင်ဖက်များသည် လွန်ခဲ့သော ၃ လမှစတင်ပြီး PDF အဖွဲ့ဝင်များကိုလည်း ကျန်းမာရေး ဝန်ဆောင်မှုများ ပေးသည်။
ကိုမြတ်သူနှင့် အခြားဆေးဝန်ထမ်း ၂ ဦးသည် ရှေ့တန်းစစ်မျက်နှာ နောက်ဘက်တွင် စခန်းချပြီး ဒဏ်ရာရသော ရဲဘော်များအတွက် ရှေးဦးသူနာပြုစုမှုများ လုပ်ဆောင်ပေးသည်။ အပြင်းအထန် ဒဏ်ရာရသော ရဲဘော်များကို တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ဒေသရှိ ဆေးရုံများသို့ ပို့ဆောင်ပေးသည်။
တော်လှန်ရေးရဲဘော် အများအပြား ကျဆုံးရခြင်း၊ ခြေလက်အင်္ဂါ ဆုံးရှုံးရခြင်းကိုလည်း သူကြုံဖူးသည်။
“ဒီမှာကတော့ ပျော်ရွှင်စရာထက် နာကျင်စရာတွေပဲရှိတယ်” ဟုလည်း သူကပြောသည်။
သူ့မိသားစုက သူ့အတွက် စိုးရိမ်သလို သူ့မိသားစုအတွက်လည်း သူက စိုးရိမ်ရသည်။ စစ်ကောင်စီ တပ်များသည် သူ၏ဒေသမှ ကျေးရွာများကို နေ့စဉ်နီးပါး တိုက်ခိုက်နေသည်။
စစ်ကောင်စီလေတပ်ကလည်း ဒေသတွင်းတွင် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ လုပ်သည်။
“လေယာဉ်တွေလာရင် ဘာမှ လုပ်မရဘူး။ ပြေးရတာပဲ” ဟုလည်း သူကပြောပြသည်။
ဦးမညွှတ် အရှုံးမပေးသော CDM ဆေးဝန်ထမ်းများ
၎င်းတို့၏ ဒေသအသီးသီးတွင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုများ ထူထောင်ပြီးနောက် CDM ကျန်းမာရေး ဝန်ထမ်းများသည် ဆေးဝါးနှင့် အခြားလိုအပ်သော ပစ္စည်းများ မလုံလောက်သော်လည်း ၎င်းတို့အလုပ်ကို ၎င်းတို့ ဆက်လက် လုပ်ကိုင်နေသည်။
“တော်လှန်ရေး ပြီးတဲ့အထိ ရဲဘော်တွေနဲ့အတူ ဆက်လက် တိုက်ပွဲဝင်မယ်။ တော်လှန်ရေး ပြီးရင် ကျနော့်ဌာနမှာ ကျနော်ပြန်လုပ်မယ်” ဟု ဧရာဝတီ သတင်းဌာနသို့ ကိုမြတ်သူကပြောသည်။
ပြည်သူများနှင့် တော်လှန်ရေး အင်အားစုများသည် တရားသော စစ်ကို တိုက်ခိုက်နေသောကြောင့် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့်တိုက်ပွဲ အောင်မြင်ရမည်ဟု ဂျူလီယာ ယုံကြည်သည်။
“ကျမတို့ မလွဲမသွေ အောင်မြင်ရမယ်။ ဒါပေမယ့် အချိန်တော့ လိုတယ်။ ကျဆုံးသွားတဲ့ ရဲဘော်တွေကို ဘယ်တော့မှ မစွန့်လွှတ်ဘူး။ နောက်ဆုံးအချိန်အထိ စစ်တပ်ကို ဆက်လက် တိုက်ပွဲဝင်မယ်” ဟု သူကပြောသည်။
PDF စခန်းများတွင်သာမက စစ်ဘေးရှောင်များစခန်းများနှင့် အရပ်သားဒေသများတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးရင်း ဆေးဝန်ထမ်းများသည် တနိုင်ငံလုံးမှ ၎င်းတို့ ဆေးအဖွဲ့များအတွက် ပြည်သူလူထုထံမှ အလှူခံရသည်။
စစ်တပ်အုပ်ချုပ်မှုအောက်တွင် ပေါ့ပေါ့ဆဆ မနေဘဲ တော်လှန်ရေး အင်အားစုများကို မည်သည့်နည်းဖြင့်မဆို ထောက်ပံ့ရာတွင် ပါဝင်ရန် ပြည်သူများကို ထရေစီက တိုက်တွန်းသည်။
“ကျမတို့ဟာ တော်လှန်ရေး အမြန်ဆုံးပြီးအောင် တိုက်ပွဲဝင်နေတယ်။ ဒီတိုက်ပွဲမှာ ပါဝင်စေချင်တယ်” ဟု သူကပြောသည်။
Original Post: The Irrawaddy