22 November 2022
ခင်ဘုန်းမို့။ ။
အခန်းတစ်ခုလို့တောင်ပြောလို့မရတဲ့ ဝါးစိုက်တဲလေးထဲမှာ ကုတင်တစ်ခုချထားပြီး ဘေးကစားပွဲပေါ်မှာတော့ ဓာတ်ဆားထုတ်တွေ၊ သွေးပေါင်ချိန်တိုင်းကိရိယာ၊ အကြောဆေးသွင်းပစ္စည်းအချို့၊ သောက်ဆေး၊ လိမ်းဆေး အနည်းငယ် တင်ထားတာ တွေ့ရတယ်။ အဲ့ဒီနေရာမှာရှိနေတဲ့ အမျိုးသမီးငယ်တစ်ဦးကတော့ ကုတင်ပေါ်က လူနာကို စစ်ဆေးလိုက်၊သောက်ရမယ့် ဆေးတွေပေးလိုက်နဲ့ လုပ်စရာရှိတာကို လုပ်နေပါတယ်။
ဆေးခန်းလို့သာ အမည်တပ်ထားပေမယ့် ဆေးဝါးတွေက စုံစုံလင်လင်ရှိလှတာတော့ မဟုတ်ပါဘူး။ ဒီဆေးခန်းမှာ ကုသပေးနေသူ အမျိုးသမီးငယ်က မအိလို့ခေါ်တဲ့အသက်(၂၈)နှစ်အရွယ် CDM ကျန်းမာရေးကြီးကြပ်(၂) ဝန်ထမ်းတစ်ဦးပါ။
မအိဟာ စစ်အာဏာရှင်စနစ်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်ဘဲ CDM လုပ်ရှားမှုမှာ ပါဝင်ခဲ့ရုံတင်မက တော်လှန်ရေးကာလမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တွေ၊သပိတ်တိုက်ပွဲဝင်ရဲဘော်တွေ၊ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်တဲ့ ဆေးကုသမှုပေးနိုင်ဖို့ အခမဲ့ဆေးခန်းလေးတစ်ခု ဦးစီးနေတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။
ဆရာဝန်ဖြစ်ချင်ခဲ့သူ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်က ကျေးရွာတစ်ရွာမှာ မွေးဖွားခဲ့တဲ့ မအိအတွက် ငယ်ဘဝတုန်းက ဖြစ်ချင်တာတွေ၊ စိတ်ကူးအိပ်မက်တွေက အထူးတလည်မရှိခဲ့ပါဘူး။ အကြီးဆုံးသမီးဖြစ်တဲ့အတွက် မိသားစုကို ပြည့်ပြည့်စုံစုံထားချင်တဲ့ ဆန္ဒကသာ မအိအတွက် အနာဂတ်ရည်မှန်းချက်တွေ ဖြစ်ခဲ့တယ်။ ပညာစုံအောင် ကြိုးစားကာ ဘွဲ့ရ၊ အလုပ်ရ၊ ဝင်ငွေရှာပြီး မိသားစုကို ထောက်ပံ့နိုင်သူဖြစ်ဖို့သာ အဓိကဖြစ်ခဲ့တယ်။
အရွယ်ရောက်တဲ့အချိန် ဆေးကုသမှုနဲ့ ပတ်သက်ပြီးအနည်းငယ်စိတ်ဝင်စားခဲ့ပေမယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အမှတ်မကောင်းခဲ့တာကြောင့် ဆေးကျောင်းတတ်ဖို့ မဖြစ်နိုင်ခဲ့ဘူး။
အဲ့ဒီနောက် မုံရွာတက္ကသိုလ် ဆက်တက်ပြီး ဘွဲ့ရတဲ့အချိန်မှာတော့ ကျန်းမာရေးဝန်ကြီးဌာနကခေါ်တဲ့ အလုပ်စာမေးပွဲဝင်ဖြေကာ အလုပ်ရခဲ့တယ်။ နဂိုကတည်းက ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာ စိတ်ဝင်စားတာကြောင့် အလုပ်နဲ့ဝါသနာက တစ်ထပ်ထည်းကျခဲ့တယ်။
အဲ့ဒီနောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ တာဝန်ထမ်းဆောင်ကာ မိသားစုအတွက် လိုအပ်တာတွေ ဖြည့်ဆည်းပေးရင်း ဘဝကို ဖြတ်သန်းနေခဲ့တယ်။
CDMခရီးအစ
အလုပ်တာဝန်တွေ၊ မိသားစုတာဝန်တွေကြား ဘဝကိုဖြတ်သန်းနေတုန်းမှာပဲ စစ်အာဏာသိမ်းမှုကြောင့် မအိအနာဂတ်တွေ ကမှောင့်ကမ ဖြစ်ခဲ့ရတယ်။စစ်ကောင်စီက မဲမသမာမှုဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းတာကို ကိုယ်တိုင်က ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ ရွေးကောက်ပွဲပြုလုပ်စဉ် မဲရုံတွေမှာ Medical Cover အဖြစ် လုပ်ကိုင်ပေးဖူးတာကြောင့် မဲမသမာမှုဆိုတာကို လက်မခံနိုင်ခဲ့ဘူး။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ အစကတည်းက ဖဲကြိုးနီကမ်ပိန်းတွေမှာ ပါဝင်ခဲ့ပြီး လုပ်သက်(၈)နှစ်ရှိတဲ့ အလုပ်ကိုစွန့်လွှတ်ကာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်ဖို့ဆုံးဖြတ်ခဲ့တယ်။ အဲ့ဒီနောက် ဇာတိရွာကိုပြန်ကာ လမ်းမပေါ် လူထုသပိတ်တိုက်ပွဲတွေမှာ ပါဝင်ခဲ့တယ်။ တစ်ဖက်မှာလည်း CDMပြုလုပ်ထားတဲ့အတွက် မိသားစုရဲ့စားဝတ်နေရေးကို လျစ်လျူရှုလို့မရခဲ့ဘူး။ စားဝတ်နေရေးအတွက် တောင်ယာအလုပ်၊ လယ်အလုပ် စတာတွေကို နေ့စားအငှားလိုက်ပြီး ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရတယ်။
နောက်ပိုင်းမှာတော့ ဒီလိုအလုပ်တွေလုပ်ပြီး နေလိုက်ရုံနဲ့ မရတော့ဘူးလို့ စဉ်းစားမိတဲ့အတွက် တော်လှန်ရးလုပ်ငန်းတွေထဲကို ခြေစုံပစ်ဝင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ စားဝတ်နေရေးအတွက်တော့ မိဘတွေကို ကိုယ်တိုင်ဖြေရှင်းဖို့ အကူအညီတောင်းရတယ်။
သပိတ်တိုက်ပွဲဝင်အမျိုးသမီး
မုံရွာ၊ချင်းတွင်းမြစ်အနောက်ဘက်ကမ်း၊ ယင်းမာပင်စတဲ့မြို့တွေမှာ ပြုလုပ်တဲ့ သပိတ်စစ်ကြောင်းတွေမှာ ပါဝင်ခဲ့တယ်။ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ရဲ့ Medical Teamမှာ ပါဝင်ခဲ့တယ်။
နောက်ပိုင်းမှာတော့ ယင်းမာပင်-ဆာလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီရဲ့ အဖွဲ့ဝင်၊ သွေးမအေးတဲ့ ရွှေနွယ်သွေးသပိတ် ဦးဆောင်ကော်မတီရဲ့အဖွဲ့ဝင် အမျိုးသမီးတစ်ဦး ဖြစ်လာသလို အမျိုးသမီးမဟာမိတ်အင်အားစုရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်လာတယ်။
တော်လှန်ရေးလုပ်ငန်းတွေထဲ ခြေစုံပစ်ဝင်လိုက်တာကြောင့် တခြားလူတွေကြုံရတဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးစိုးရိမ်ရတာ၊ မိသားစုနဲ့ ခွဲခွာနေထိုင်ရတာတွေ မအိလည်းကြုံတွေ့ရတယ်။ မအိဟာ လမ်းမပေါ် သပိတ်တိုက်ပွဲတွေ အားကောင်းပြီး ပြည်သူတွေ တော်လှန်ရေးမှာ များများပါဝင်လာနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့တယ်။
“တော်လှန်ရေးအားကောင်းနေဖို့အတွက် ပြည်သူလူထုကို ကျွန်မတို့သိတာတွေ ပြန်မျှဝေမယ်ဆိုပြီးတော့ အရမ်းအားသန်ခဲ့တာ”လို့မအိက ပြောတယ်။
Photo credit – Spring Archive
ဆေးခန်းကိုဦးစီးခဲ့
အရင်က ကျန်းမာရေးကြီးကြပ်(၂)တစ်ဦးဖြစ်ခဲ့တဲ့အတွက် မအိဟာ မွေးဖွားသေဆုံးစာရင်းကောက်ယူတာ၊ ကာကွယ်ဆေးထိုးလုပ်ငန်းတွေမှာ သားဖွားဆရာမတွေနဲ့ ပူးတွဲလုပ်ကိုင်ရတာ၊ ရောဂါကာကွယ်နှိမ်နင်းရေး၊ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖူးခဲ့တယ်။ မူလကတည်းက သပိတ်ဦးဆောင်ကော်မတီမှာ ဖွဲ့စည်းထားတဲ့ Medical Team အနေနဲ့ ကိုဗစ်တတိယလှိုင်းကာလတုန်းက ကျေးရွာက ပြည်သူတွေကို ကိုဗစ်ရောဂါ စစ်ဆေးပေးတာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးတာတွေ ဆောင်ရွက်ခဲ့တယ်။
အဲ့ဒီနောက် တော်လှန်ရေးကာလကြာလာတာနဲ့အမျှ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ထုတ်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ကြသူတွေ ပေါ်ပေါက်လာတယ်။ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပေါ်လာပြီး ဒဏ်ရာအနာတရရသူတွေ၊ အသေပျောက်တွေ၊ စစ်ဘေးရှောင်ရသူတွေ ရှိလာခဲ့တယ်။
“စစ်ရဲ့သဘောတရားအရကိုက စစ်ဖြစ်ပြီဆိုရင်နှစ်ဘက်လုံးတော့ အထိအခိုက်ရှိကြတာပဲ။ အဲ့အချိန်မှာ ကိုယ်ဘက်က ထိခိုက်တဲ့ရဲဘော်တွေကို လုပ်ပေးနိုင်သလောက် လုပ်ပေးချင်တဲ့စိတ် ဖြစ်တယ်”လို့မအိက သူ့ခံယူချက်ကို ပြောတယ်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်ရဲဘော်တွေရဲ့ ထိခိုက်ဒဏ်ရာတွေကို ကုသပေးချင်တဲ့စိတ်နဲ့ ရန်ပုံငွေလေးရှာကာ၊ ဆေးဝါးတွေ ကြိုတင်စုဆောင်းရင်း တစ်နိုင်တစ်ပိုင် ရွေ့လျားအခမဲ့ ဆေးခန်းလေး ဖွင့်ဖြစ်ခဲ့တယ်။ ခွဲစိပ်ဒဏ်ရာတွေကို မကုသပေးနိုင်ပေမယ့် ဆေးရုံဆေးခန်းမရောက်ခင် သွေးထွက်လွန်ပြီး အသက်မဆုံးရှုံးအောင် လုပ်ပေးချင်စိတ်နဲ့ စတင်ခဲ့တယ်။
ရဲဘော်တွေ ထိခိုက်ဒဏ်ရာရတဲ့ နေရာတွေကို အဓိကလိုက်လံကုသပေးဖြစ်တယ်။ စစ်ကောင်စီတပ်သားတွေ အချိန်မရွေးရောက်လာနိုင်တာကြောင့် ဆေးခန်းကို အတည်တကျမဖွင့်နိုင်ဘဲ ရွေ့လျားဆေးခန်းအဖြစ်သာ လုပ်ကိုင်နေရတယ်။
တော်လှန်ရေးရဲဘော်တွေအပြင် စစ်ဘေးရှောင်ပြည်သူတွေ၊ ကြားကာလပညာရေးဖော်ဆောင်နေတဲ့ စာသင်ကျောင်းတွေမှာ ကျောင်းကျန်းမာရေးစစ်ဆေးပေးတာ၊ ကျန်းမာရေးပညာပေးဟောပြောတာ
လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောင့်မှုတွေကို တခြားCDMကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆောင်ရွက်နေတယ်။
ဆေးခန်းစတင်ဖို့အတွက် ပထဆုံးလူထုရဲ့ အလှူငွေတွေ၊ ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီရဲ့ ရန်ပုံငွေလေးတွေနဲ့ စတင်ခဲ့တယ်။အဲ့ဒီကတစ်ဆင့် ဆေးဝါးတွေ စုဆောင်းရင်း ဆေးခန်းလေးကို စတင်ခဲ့တယ်။
ဆေးခန်းအတွက် လိုအပ်တဲ့ဆေးဝါးနဲ့ ပတ်သက်တာတွေကို ကိုယ်တိုင်စီမံရတယ်။
လက်ရှိအချိန်မှာ တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ ရဲဘော်တွေရဲ့ ထိခိုက်မှုတွေများလာသလို စစ်ဘေးရှောင်ပြည်သူတွေမှာ အဖြစ်များတဲ့ ဝမ်းပျက်ဝမ်းလျောရောဂါတွေ၊ ရာသီတုပ်ကွေးတွေကို အဓိကကုသပေးရတယ်။
ရဲဘော်တွေအပြင် စစ်ဘေးရှောင်အမျိုးသမီးတွေလိုအပ်တဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို ဖြည့်ဆည်းပေးတာ၊ အမျိုးသမီးတွေမှာ အများဆုံးဖြစ်တဲ့ သွေးအားနည်းရောဂါတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကျောင်းကျန်းမာရေးဖော်ဆောင်တဲ့နေရာမှာ အပျိုဖော်ဝင် အလယ်တန်းအဆင့် အထက်တန်းအဆင့်ရှိတဲ့ ကျောင်းသူအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖြစ်တယ်လို့ မအိကဆိုတယ်။ ကုသပေးရတာတွေကများပြီး စုဆောင်းထားတဲ့ဆေးဝါတွေသာ ကုန်သွားပေမယ့် ပြန်မဖြည့်နိုင်ဘဲ ရှိသလောက်နဲ့သာ ဆေးခန်းကို လည်ပတ်နေရတယ်။
“အနောက်မှာ အလှူရှင်ကောင်းကောင်းမရှိဘူး။ အလှူရှင်တွေနဲ့ အချိတ်အဆက် သိပ်မရှိတဲ့အတွက် ဆေးဝါးလုံလောက်မှု သိပ်မရှိဘူး။ လက်ရှိဆိုရင် ဆေးကပြတ်တော့မယ့် အနေအထားကိုရောက်နေပြီ” လို့ မအိက ဆေးခန်းအခြေအနေကို ဖွင့်ဟတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသမှာ ဆေးခန်းဖွင့်ရတာ မလွယ်လှပါဘူး။ ဒါတောင်ဆေးခန်းက နေရာအတည်တကျရှိတာမဟုတ်။ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးလာပြီဆိုရင် သယ်နိုင်သလောက် ဆေးပစ္စည်းတွေကို သယ်ပြီးထွက်ပြေးရတယ်။
“ကျွန်မရဲ့ အသုံးအဆောင်ပစ္စည်းဆိုတာ ဘယ်တုန်းကမှမသယ်ဘူး။ စစ်ကြောင်းထိုးလာလို့ ပြေးရတော့မယ့် အနေအထားဆိုရင် အိတ်ထဲကို ဆေးကောက်ထည့်ပြီး ပြေးတယ်။ ဒါပေမယ့် အကုန်မသယ်နိုင်ဘူး” လို့မအိက ဆိုတယ်။
ဒီလိုအခြေအနေမျိုးမှာဆို ပြည်သူတွေလှူထားတာ ဆုံးရှုံးရတဲ့အတွက် မအိတစ်ယောက် စိတ်ဒုက္ခရောက်ရတယ်။ ဒါ့အပြင် ကိုယ်တိုင်က နာမည်ကျော်ကြားသူမဟုတ်တဲ့အတွက် ရန်ပုံငွေရှာဖွေတဲ့အခါမှာလည်း ထင်သလောက်မရတဲ့အတွက် အားမရတာတွေ ဖြစ်ရတယ်။ အမျိုးသမီးဖြစ်တဲ့အတွက်လည်း တစ်နေရာနဲ့ တစ်နေရာ သွားလာရတာတွေ၊ ညအိပ်ညနေသွားလာရတာ၊ နေထိုင်ရတာ မလုံခြုံမှုတွေ၊ အခက်အခဲတစ်ချို့ ကြုံရတယ်။
မအိအတွက် အကြီးမားဆုံးစိန်ခေါ်မှုကတော့ ကိုယ်လုပ်နေတဲ့လုပ်ငန်းတွေကို လူထုယုံကြည်မှုရအောင် ဆောင်ရွက်ရတာပဲဖြစ်တယ်။ ဆေးခန်းအတွက် ဆေးရှာတဲ့နေရာနဲ့ သပိတ်တွေမှာ ဟောပြောရတဲ့အခါတွေ ဖြစ်တယ်။
တော်လှန်ရေးလုပ်ငန်းတွေမှာ အားသွန်ခွန်စိုက်လုပ်နေပေမယ့် မအိတစ်ယောက် စိတ်ဓာတ်ကျချိန်တွေလည်း ရှိခဲ့တယ်။
ဒီအချိန်တွေမှာ လုပ်လက်စ အလုပ်တွေရပ်။ တစ်ယောက်ထဲနေကာ၊ တော်လှန်ရေးလုပ်ငန်းတွေကို အမှန်တကယ် ရပ်တန့်နိုင်ပြီလား၊ ဆေးကုသမှုလုပ်ငန်းတွေကို မလုပ်ဘဲနေနိုင်ပြီလားဆိုတဲ့ မေးခွန်းတွေ ကိုယ့်ကိုကိုယ်မေးရင်း ကျဆုံးသွားတဲ့ ရဲဘော်တွေအကြောင်း တွေးကာ အားတင်းရှေ့ဆက်ခဲ့တယ်။ အခုဆိုရင် မအိကိုယ်တိုင် ဦးစီးတည်ထောင်ခဲ့တဲ့ ရွေ့လျားအခမဲ့ဆေးခန်းရဲ့ သက်တမ်းက (၉)လနီးပါးရှိပါပြီ။
ပရဟိတသမားဖြစ်ချင်သူ
စစ်အာဏာမသိမ်းခင် ကျန်းမာရေးဝန်ထမ်းဘဝမှာ တာဝန်ကျတဲ့ဒေသက မိဘမဲ့ကျောင်းတွေ၊ သက်ကြီးရွယ်အိုတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေ ပြုလုပ်ပေးခဲ့တဲ့ မအိတစ်ယောက် တော်လှန်ရေးအောင်တဲ့အခါ အလုပ်ချင်ဆုံးဆန္ဒကတော့ ပရိဟိတ လုပ်ငန်းတွေ လုပ်ကိုင်ချင်တာပါပဲ။
ရှေ့ဆက်ပြီးလည်း တော်လှန်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရင်း ပြည်သူထုနဲ့ ရဲဘော်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးဖို့ ဆုံးဖြတ်ထားပါတယ်။
“ပြည်သူလူထုတွေအနေနဲ့ လက်ရှိအခက်အခဲ အကြပ်အတည်းတွေကြားမှာ အားလုံးဖြတ်သန်းနေကြတာ အားလုံးလည်း သိရှိပြီးဖြစ်တယ်။ ဒီစိန်ခေါ်မှုတွေက ဘယ်လောက်ပဲ ကြပ်တည်းနေပါစေ။ ကျွန်မတို့ပြည်သူတွေ အားလုံးတောင့်ခံပေးထားကြပါ” လို့မအိက ဆိုပါတော့တယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.