သူနာပြုဆရာမတစ်ဦး စစ်ကြောရေးတွင် သေဆုံးဟု CDM ဆရာဝန်များပြော – CDM သူနာပြုဆရာမ ဒေါ်ပိုးသန္တာအောင်

16 November 2022

သူနာပြုဆရာမတစ်ဦး စစ်ကြောရေးတွင် သေဆုံးဟု CDM ဆရာဝန်များပြော – CDM သူနာပြုဆရာမ ဒေါ်ပိုးသန္တာအောင်

ဒေါ်ပိုးသန္တာအောင်အပါအဝင် ဖမ်းဆီးရသူများအား စစ်ကောင်စီမှ ထုတ်ပြန်ထားသည်ကို တွေ့ရစဉ်။

စစ်ကိုင်းတိုင်းအတွင်း ဖမ်းမိသည့် ဆေးပစ္စည်းများသည် PDF များကို ထောက်ပံ့ရန်ဖြစ်သည်ဟု စွပ်စွဲကာ  မန္တလေးမှ ကျန်းမာရေးဝန်ထမ်း ၃၀ ထက်မနည်းကို စစ်ကောင်စီက ပြီးခဲ့သည့်လအတွင်း ဖမ်းဆီးခဲ့သည်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များကို ဆေးဝါးထောက်ပံ့ပေးသည်ဟူသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် မန္တလေးမြို့မှ သူနာပြုဆရာမတစ်ဦး စစ်ကောင်စီ၏ စစ်ကြောရေးတွင် သေဆုံး သွားသည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်ထားသည့် ဆရာဝန်အသိုင်းအဝိုင်းမှ သိရသည်။

မန္တလေးဗဟိုအမျိုးသမီးဆေးရုံမှ CDM သူနာပြုဆရာမ ဒေါ်ပိုးသန္တာအောင်သည် ယခုလ ၁၄ ရက် ညပိုင်းက သေဆုံးသွားပြီဟု ကြားသိရကြောင်း CDM  ဆရာဝန်တစ်ဦး ဖြစ်သော ဒေါက်တာစိုးသူရဇော်က Myanmar Now ကို ပြောသည်။

“သတင် Source သုံးခုလောက်ကနေ ကြားနေရတာပါ။ မနေ့ညပိုင်းကစပြီး သူနာပြုတစ်ယောက် ကျဆုံး တယ်ဆိုပြီး သတင်းစကြားရတာပါ။ ဒီမနက်တော့ မပိုးလို့ နာမည်နဲ့ထွက်လာတာပါဗျ” ဟု ၎င်းက ယမန်နေ့ (နိုဝင်ဘာ ၁၅) ပြောသည်။

အောက်တိုဘာလကုန်ပိုင်းက စစ်ကိုင်းတိုင်း ပုလဲ-ဂန့်ဂေါလမ်းဆုံတွင် ကုန်တင်ယာဉ်တစ်စီးပေါ်မှ တွေ့ရှိသည့် ဆေးဝါးနှင့်စပ်ဆက်ပစ္စည်းများမှာ PDF များကို ထောက်ပံ့ရန်ဖြစ်သည်ဟု စွပ်စွဲကာ မန္တလေးမြို့မှ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း အများအပြားကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ဗဟိုအမျိုးသမီးဆေးရုံမှ ဒေါ်ပိုးသန္တာအောင် အပါအဝင် မန္တလေးဆေးတက္ကသိုလ် ခွဲစိတ်ဌာနမှ ကထိက ဒေါက်တာမင်းဇော်ဦး၊ မန္တလေးဆေးရုံကြီးသူနာပြုဆရာမ မဇင်မာဝင်း၊ ကုတင် ၃၀၀ သင်ကြားရေးဆေးရုံ မှ ဒေါက်တာကြည်သဒ္ဓါဖြူနှင့် သူနာပြု ဒေါ်ယွန်းနန္ဒာထွန်းတို့ အောက်တိုဘာ၂၉ တွင် ဖမ်းဆီးခံရပြီး နောက်နှစ်ရက်တွင်  ဆရာဝန် ၉ ဦး ထပ်အဖမ်းခံရသည်။

ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဆေးပစ္စည်းများသယ်ဆောင်လာသည့် ယာဉ်မောင်း အပါအဝင် အောင်မြေသာစံမြို့နယ် ရွှေမေတ္တာကားဂိတ်မှ ဂိတ်စာရေး ဦးညီညီလှိုင်၊ ဂိတ်မှူး ဦးစိုးဝင်းထွန်း တို့ကိုလည်း ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ယခုလ ၂ ရက်တွင် ထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီက မန္တလေးမြို့ပေါ်ရှိ ကျန်းမာရေးဝန်ထမ်း ၁၆ ဦးကို ထပ်မံဖမ်းဆီးခဲ့သည်။

ထပ်အဖမ်းခံရသူများမှာ ကျန်းမာရေး ဝန်ထမ်း ၈  ဦး၊ သားဖွားမီးယပ်အထူးကု ဆရာဝန် ၂ ဦး၊ ခွဲစိတ်အ ထူးကု ဆရာဝန် ၁ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ခွဲစိတ်အထူးကုဆရာဝန် ၁ ဦး၊ CDM သူနာပြု ၃ ဦး ၊ ဒုတိယနှစ် ဆေးကျောင်းသူ ၁ ဦးတို့ ဖြစ်သည်ဟု ဒေါက်တာစိုးသူရဇော်က ပြောသည်။

“သက်ပြည့်ပင်စင် မယူချင်တဲ့ စစ်ဗိုလ်တစ်ယောက်ကြောင့် ငါတို့တစ်တိုင်းပြည်လုံး ဒုက္ခရောက်ကြ ရတယ်။ သူနာပြုက သူနာပြုအလုပ်လုပ်လို့ကွပ်မျက်ခံရတာ ဒီနိုင်ငံမှာပဲ ရှိတယ်” ဟု ဒေါက်တာ စိုးသူရဇော်က ဆိုသည်။နောက်ဆက်တွဲ ဖမ်းဆီးခံရသူ ၁၆ ဦးနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဖမ်းဆီးခံထားရသည့် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပတ်သက်၍ လက်ရှိအခြေအနေကို မသိရှိရသေးမီ သူနာပြုဆရာမ ဒေါ်ပိုးသန္တာအောင် စစ်ကြောရေးတွင် သေဆုံးသည်ဟု သတင်းထွက် လာခြင်းဖြစ်သည်။

“မပိုးသန္တာအောင်အပြင် နောက်တစ်ယောက်လည်း စစ်ကြောရေးမှာ ကျဆုံးတယ်လို့ ကြားနေတယ်။ ခွဲစိတ်အထူးကု ဆရာမင်းဇော်ဦးကိုလည်း ရိုက်နှက်ထားလို့ သွေးတွေအန်နေတယ်လို့ သတင်းရတယ်” မန္တလေးမှ လူသိများသည့် ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာဟိန်းဇော်ညိုက လူမှုကွန်ရက်တွင် ရေး သားထားသည်။

“လက်နက် မကိုင်ဘူး၊ PDF မဟုတ်ဘူး။ ပြည်သူကို ဆေးကုပေးတာပဲ။ စစ်တပ်က သူတို့ကို ဖီဆန်အန်တုလို့ ကျန်းမာရေးအသိုင်းအဝိုင်းကို လုံးဝအငြိုးနဲ့ကို ချနေတာ” ဟု ၎င်းက ဆိုသည်။

မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးသည့်နည်းတူ သူနာပြုဆရာမ ဒေါ်ပိုးသန္တာအောင် သေဆုံး သည်ဟူသော သတင်းနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီသည် ယခုနှစ် မတ်လအတွင်းကလည်း CDM ပြုလုပ်သည့် အထူးကုဆရာဝန်ကြီး ၁၄ ဦးကို ဆေးကုသခွင့် လိုင်စင် ပိတ်သိမ်းခြင်း၊ CDM ဆရာဝန်များအား လက်ခံထားသည့် ဆေးရုံများကို လိုင်စင် ပိတ်သိမ်းမည်ဟု ကြေညာခဲ့ရာ မန္တလေးတွင် အလုပ်အကိုင်လက်လွှတ်ရသည့်ဆရာဝန် ရာဂဏန်း ရှိသည်ဟု သိရသည်။

စစ်ကောင်စီသည် နိုင်ငံတဝှမ်းရှိ ကျန်းမာရေးဝန်ထမ်းများကို ဖမ်းဆီးနှိပ်ကွပ်လျှက်ရှိရာ အာဏာသိမ်းပြီး ချိန်မှစ၍ ကျန်းမာရေးဝန်ထမ်း ၅၈ ဦး သေဆုံးကာ ၇၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း၊ ဆေးရုံဆေးခန်း ၅၀ ကျော်နှင့်လူနာတင်ယာဉ် ၄၀ ကျော်ကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့သည့်လအတွင်း ထုတ်ပြန်ထားသည်။

English version.


Original Post.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia