02 November 2022
လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာအနေဖြင့် စစ်တပ်၏ အလုံးစုံ အပြစ်ဒဏ်ကင်းလွတ်နေမှုကြောင့် တရားမျှတမှုအရင်းအမြစ်လုံးဝ မရှိဖြစ်နေသည့် မြန်မာနိုင်ငံအတွင်း မတရားအသတ်ဖြတ်ခံခဲ့ရသော သတင်းထောက် (၉) ဦးကို အောက်မေ့သတိရလျက်၊ ဆိုးရွားစွာ ထိခိုက်ဒဏ်ရာရခဲ့ကြရသော၊ ညှင်းပန်းနှိပ်စက်ခံခဲ့ကြရသော၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံခဲ့ကြရသော သတင်းထောက်များနှင့်အတူ တသားတည်းရပ်တည်ကြောင်းထုတ်ဖော်ပြီး ယနေ့ကျရောက်လာသော “အပြည်ပြည်ဆိုင်ရာ သတင်းသမားများအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများမှ ပြစ်ဒဏ်ကင်းလွတ်နေခြင်းကို ရပ်တန့်ရေးနေ့” အား မှတ်တမ်းတင်အပ်ပါသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းခဲ့စဥ်မှစ၍ သတင်းထောက် (၄) ဦး အသတ်ခံခဲ့ရပြီးဖြစ်သည် ။ ဓာတ်ပုံဆရာ ကိုစိုးနိုင်သည် ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ နှင့် (၁၄) ရက်နေ့အတွင်းတွင် စစ်တပ်မှဖမ်းဆီးထိန်းချုပ်ထားစဥ် အသတ်ခံခဲ့ရကာ၊ သတင်းထောက် စိုင်းဝင်းအောင်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်သေဆုံးခဲ့သည်။ သတင်းထောက်ပူးသွီဒင်းသည် ၂၀၂၂ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့တွင် စစ်တပ်၏ လူသားဒိုင်းအဖြစ် ဖမ်းဆီးချုပ်နှောင်မှုကို ခံနေရစဥ်အတွင်း ရက်စက်စွာနှိပ်စက် သတ်ဖြတ်ခံခဲ့ရပြီး၊ ဓာတ်ပုံဆရာ ကိုအေးကျော်သည် ၂၀၂၂ ဇူလိုင်လ (၃၀) ရက်နေ့တွင် စစ်တပ်မှ ဖမ်းဆီးချုပ်နှောင်ထားစဥ် အသတ်ခံခဲ့ရသည်။
၂၀၂၁ခုနှစ် အာဏာသိမ်းမှုမတိုင်ခင် ကာလများတွင်လည်း သတင်းထောက် ငါးဦးအသတ်ခံခဲ့ရသည်။ ကိုစိုးမိုးထွန်းသည် ၂၀၁၆ ခုနှစ်တွင် အသတ်ခံခဲ့ရပြီး ကိုအောင်ကျော်နိုင် (ပါကြီး) သည် ၂၀၁၄ ခုနှစ်တွင် စစ်တပ်၏ ဖမ်းဆီးချုပ်နှောင်ထားချိန်အတွင်း သေသည်အထိ နှိပ်စက် သတ်ဖြတ်ခံခဲ့ရကာ သတင်းထောက် ခန်းဂျီနာဂအိ သည် ၂၀၀၇ခုနှစ် ရွှေဝါရောင်အရေးအခင်းကို သတင်းရယူနေစဥ် စစ်တပ်မှ ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ဦးသဝင်းနှင့် ဦးလှဟန်တို့သည် ၁၉၉၉ ခုနှစ်တွင် ၄င်းတို့၏ ရဲရင့်သော သတင်းခေါင်းစဥ်ကြောင့် သေသည်အထိ နှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်။
သတ်ဖြတ်ခြင်းသည် သတင်းမီဒီယာ ဆင်ဆာဖြတ်တောက်မှု၏ အပြင်းထန်ဆုံးပုံဖြစ်သည်။ တချိန်တည်းမှာပင် စစ်တပ်သည် အာဏာသိမ်းချိန်မှစ၍ သတင်းထောက်များစွာကို ဒဏ်ရာရအောင်လုပ်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှုများကို ကျူးလွန်လျက်ရှိသည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့တွင် ဆန္ဒပြသူများကို စစ်သားများက ကားဖြင့်ဝင်တိုက်ရာတွင် ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းနှင့် ဗီဒီယိုရိုက်ကူးသူ မမှူးရတနာခက်မို့မို့ထွန်းတို့ နှစ်ဦးသည် ဆိုးရွားစွာ ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ ထို့အပြင် သတင်းထောက် ရဲမွန်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်း၊ သတင်းထောက် ကိုဟန်သာငြိမ်းကို အဓမ္မပြုမည်ဟု ခြိမ်းခြောက်ခြင်းနှင့် အစီရင်ခံစာများ အရ အမျိုးသမီး သတင်းသမားများအပေါ် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် စစ်တပ်အရာရှိများသည် သတင်းထောက်များကို ဖမ်းဆီးထားစဥ်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများစွာကို ကျုးလွန်ခဲ့ပါသည်။ ကိုနေသန်မောင်အပါအဝင် အခြားသောသတင်းထောက်များစွာတို့သည်လည်း စစ်တပ်၏ဖမ်းဆီးချုပ်နှောင်ထားစဥ်အတွင်း ကျူးလွန်ခံခဲ့သည့် အခြားများစွာသောနှိပ်စက် ညှင်းပန်းမှုများအကြောင်းကို အစီရင်ခံခဲ့ကြသည်။
မည်သည့် အခြေအနေတွင်မဆို သတင်းသမားတစ်ယောက်အား သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်း သို့မဟုတ် ညှင်းပန်းနှိပ်စက်ခြင်းသည် တရားဝင်သည့် ကျိုးကြောင်းဆီလျော်မှု မရှိပေ။ ဖော်ပြပါကိစ္စဖြစ်ရပ်များ အားလုံးတွင် ပြစ်မှုမြောက်ကြောင်း သက်သေပြနိုင်သည့် လုံလောက်သည့်အဓိကသက်သေအထောက်အထားများ ထင်ရှားစွာ ရှိပါသည်။
လူတစ်ဦးအား ရာဇ၀တ်မှုဖြင့်စွပ်စွဲပြီး တရားမျှတသော တရားစီရင်ရေး နည်းလမ်းကို အပြည့်အဝမခံစားရဘဲ ချက်ချင်းသတ်ပစ်သည့် ကွပ်မျက်မှု ၊ အင်အားအလွန်အကျွံသုံးမှု၊ နှိပ်စက် ညှင်းပန်းခြင်း နှင့် လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း တို့သည် စစ်တပ်မှစစ်သားများကျူးလွန်လျှင် (မြန်မာတပ်မတော်အက်ဥပဒေ ၆၆(စ)) အပါအဝင် မြန်မာ့ပြည်တွင်းဥပဒေ (ရာဇသတ်ကြီးဥပဒေပုဒ်မများဖြစ်ကြသည့် ပုဒ်မ ၃၀၀၊ ၃၂၀၊ ၃၃၀၊ ၃၅၄၊ ၃၇၅၊ ၅၀၉) များတွင် ရာဇဝတ်မှုများအဖြစ်ပြဌာန်းထားသည်။ ထို့အပြင် ယင်းကျူးလွန်မှုများအား နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေများတွင်လည်း ထားမြစ်ထားပါသည်။
ယင်းအပြင် သတင်းထောက်များအပေါ် ကျူးလွန်သော ပြစ်မှုများ၏ အကြိမ်ရေနှင့် ပြင်းထန်မှုတို့အရ အဆိုပါကိစ္စရပ်များသည် တစ်ခုနှင့် တစ်ခု ဆက်စပ်မှုမရှိသည့် သီးခြားဖြစ်ရပ်တစ်ခုစီမဟုတ်ဘဲ၊ စစ်တပ်၏ ရက်စက်ပြင်းထန်ပြီး စနစ်တကျ ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများပင် ဖြစ်ကြောင်း ပြဆိုလျက်ရှိသည်။
အာဏာသိမ်းချိန်မှစ၍ သတင်းသမားများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများသည် စစ်ရာဇဝတ်မှုမြောက်နိုင်သည့် အနေအထားတွင် ရှိသည်။
ဂျီနီဗာသဘောတူစာချုပ်များ အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှုထောက်ထားမှုဆိုင်ရာ ဥပဒေများ၏ အရပ်သားများဟူသော ဖွင့်ဆိုချက်တွင် သတင်းထောက်များ အထူးသဖြင့် ပါဝင်နေသည်။ သတင်းထောက်များအပေါ် တိုက်ရိုက်တိုက်ခိုက်ခြင်း၊ ကြောက်လန့်အောင်ပြုမူခြင်း၊ သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း၊ ရိုက်နှက်ပြစ်ဒဏ်ပေးခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု နှင့် ဥပဒေအရ တရားမျှတလုံလောက်သည့်အကြောင်းပြချက်မရှိဘဲ လွတ်လပ်မှုဆုံးရှုံးစေခြင်း တို့သည် စစ်ရာဇဝတ်မှုများဖြစ်သည်။ အဆိုပါစစ်ရာဇဝတ်မှုများအားလုံးကို နိုင်ငံတကာနှင့် နိုင်ငံတကာမဟုတ်သည့် လက်နက်ကိုင်ပဋိပက္ခနှစ်မျိးစလုံးတွင် တားမြစ်ထားသည်။
ပြစ်ဒဏ်ကင်းလွတ်နေသည့် ဖြစ်ရပ်တစ်ခုစီကို အောက်မေ့သတိရခြင်းသည် သတင်းထောက်များအား လေးစားသည်ဆိုသည့် လက္ခဏတစ်ရပ်ဖြစ်သည်။ ၄င်းတို့၏ သတင်းပညာအလုပ်သည် မြန်မာနိုင်ငံအဝှမ်းဖြစ်ပျက်နေသည်များကို အများပြည်သူသိရှိစေရန် ဆောင်ရွက်ပေးသည်။ သတိရအောက်မေ့ခြင်းသည် ပြစ်မှုကျူးလွန်သူများအနေဖြင့် ၄င်းတို့၏ ရာဇဝတ်မှုများကို တစ်နေ့တွင်တာဝန်ခံရစေရန် နှင့် မြန်မာပြည်သူများရှေ့မှောက်သို့ တရားမျှတမှုဆောင်ကျဥ်းလာနိုင်စေရန်အတွက် ခြေလှမ်းတစ်ခုလည်းဖြစ်သည်။
စစ်တပ်ထိန်းချုပ်သည့် ရဲနှင့်တရားရုံးများသည် စုံစမ်းစစ်ဆေးခြင်းနှင့် ကျုးလွန်သူများကို အပြစ်ပေးအရေးယူခြင်းတို့ကို ပြုလုပ်နိုင်လိမ့်မည်မဟုတ်သလို ပြုလုပ်လိမ့်မည်လည်း မဟုတ်ပေ။ ကျူးလွန်ခံရသူများအတွက် ပြည်တွင်းကုစားမှု မရှိဘဲ ယင်းတို့အတွက် ပြည်တွင်းတရားစီရင်ရေး ကုန်ဆုံးသွားပြီဟု ယူဆရမည် ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတကာတရားရုံးများ နှင့် နိုင်ငံတကာယန္တရားများအပါအဝင် နိုင်ငံတကာရှိ တာဝန်ရှိသူများအားလုံးအနေဖြင့် ကျူးလွန်သူများကို တာဝန်ခံရစေရန် ဆောင်ရွက်သင့်သည်။ ပြည်ပတရားရုံးများ နှင့် ပြည်ပတရားစွဲဆိုသူများသည်လည်း ပြစ်မှုကျူးလွန်သူများ တာဝန်ခံရစေရန်နှင့် မြန်မာပြည်သူများထံသို့ တရားမျှတမှုကို ဆောင်ကျဥ်းပေးနိုင်ရန် ယင်းတို့နိုင်ငံအတွင်းရှိ မည်သို့သော အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့် ပြဋ္ဌာန်းချက်များကိုမဆို အသုံးပြုသင့်သည်။
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.