မြန်မာနိုင်ငံ၏ အကျပ်အတည်း အဆုံးသတ်နိုင်ရေး  ဘုံသဘောတူညီချက်ငါးရပ်ကို ကျော်လွန်လုပ်ဆောင်ရန်၊ စစ်အုပ်စု၏ ကိုယ်စားလှယ်များကို အာဆီယံအစည်းအဝေးနှင့် ယန္တရားများအားလုံးမှ ချန်လှပ်ထားရန်၊ နှင့် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ပူးတွဲလုပ်ဆောင်ရန် အရပ်ဘက်လူထုအဖွဲ့အစည်း ၄၅၇ ဖွဲ့က အာဆီယံကို  တိုက်တွန်းတောင်းဆို

မြန်မာနိုင်ငံ၏ အကျပ်အတည်း အဆုံးသတ်နိုင်ရေး  ဘုံသဘောတူညီချက်ငါးရပ်ကို ကျော်လွန်လုပ်ဆောင်ရန်၊ စစ်အုပ်စု၏ ကိုယ်စားလှယ်များကို အာဆီယံအစည်းအဝေးနှင့် ယန္တရားများအားလုံးမှ ချန်လှပ်ထားရန်၊ နှင့် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ပူးတွဲလုပ်ဆောင်ရန် အရပ်ဘက်လူထုအဖွဲ့အစည်း ၄၅၇ ဖွဲ့က အာဆီယံကို  တိုက်တွန်းတောင်းဆို

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်

သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံ၏ အကျပ်အတည်း အဆုံးသတ်နိုင်ရေး  ဘုံသဘောတူညီချက်ငါးရပ်ကို ကျော်လွန်လုပ်ဆောင်ရန်၊ စစ်အုပ်စု၏ ကိုယ်စားလှယ်များကို အာဆီယံအစည်းအဝေးနှင့် ယန္တရားများအားလုံးမှ ချန်လှပ်ထားရန်၊ နှင့် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ပူးတွဲလုပ်ဆောင်ရန် အရပ်ဘက်လူထုအဖွဲ့အစည်း ၄၅၇ ဖွဲ့က အာဆီယံကို  တိုက်တွန်းတောင်းဆို

အာဆီယံအနေဖြင့် မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်ရန် ခိုင်မာသော ခြေလှမ်းများ လုပ်ဆောင်ရမည်။

အာဆီယံသည် မြန်မာနိုင်ငံရှိ အမျိုးမျိုးသော အကျပ်အတည်းများကို ဖြေရှင်းရန်အတွက် အလုပ်မဖြစ်နေသော ဘုံသဘောတူညီချက်ငါးရပ် (5PC) အစား သေချာခိုင်မာသည့် လုပ်ငန်းအစီအစဥ် တစ်ရပ်နှင့် အစားထိုးရမည်ဟု အောက်တိုဘာလ ၂၄ ရက်နေ့ (တနင်္လာနေ့) တွင် အာဆီယံခေါင်းဆောင်များထံ ပေးပို့သော အရပ်ဘက်လူထုအဖွဲ့အစည်း ၄၅၇ ဖွဲ့တို့၏ ပူးတွဲစာတွင် တောင်းဆိုလိုက်သည်။ အာဆီယံသည် ၎င်း၏ ထိပ်သီးအစည်းအဝေးများနှင့် တခြားအစည်းအဝေးအားလုံးတွင် မြန်မာစစ်အုပ်စု၏ နိုင်ငံရေးကိုယ်စားလှယ်များနှင့် နိုင်ငံရေးနှင့် မဆက်စပ်သည့် ကိုယ်စားလှယ်များကို ဖိတ်ကြားခြင်းကို ရပ်တန့်ကာ ယင်းအစား အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် တိုင်ပင်ဆွေးနွေးခြင်းနှင့် ပံ့ပိုးခြင်းများကို လုပ်ဆောင်ရမည်ဟု အရပ်ဘက်လူထုအဖွဲ့အစည်းများက ပြောသည်။

ထို့အပြင် ထိုအဖွဲ့အစည်းများက အာဆီယံကို အာဆီယံအထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာအား ပြန်လည်ပြင်ဆင်ကာ အာဆီယံဥက္ကဌမှ အထူးသံတမန်ကို သုံးနှစ်သက်တမ်းတစ်ခါဖြင့် ရွေးချယ် ခန့်အပ်ခြင်းနှင့်အတူ အထူးသံတမန်၏ သတ်မှတ်တာဝန်နှင့်လုပ်ပိုင်ခွင့်များကိုလည်း ရှင်းရှင်းလင်းလင်း ချမှတ်ထားရန် တောင်းဆိုသည်။

မကြာမီကာလတွင် ပြုလုပ်မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံ ထိပ်သီးအစည်းအဝေးများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ခဲ့သည့် ကျရှုံးနေသော စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရန် လုပ်ဆောင်သော အာဆီယံ၏ အားထုတ်မှုများကို စာမျက်နှာအသစ်ဖွင့်ပြီး ထိရောက်သော လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲလုပ်ဆောင်နိုင်ရန် အခွင့်အလမ်းပင် ဖြစ်သည်။

ပြီးခဲ့သော လပေါင်း ၂၀ အတွင်းတွင် စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို မရပ်မနားတောက်လျှောက် ကျူးလွန်လာခြင်း ဖြစ်သည်။ ဘုံသဘောတူညီချက်ငါးရပ်ကို မလိုက်နာသောကြောင့် သတိပေးပြောဆိုခံရသော်လည်း အနှစ်မပါ အခွံသက်သက်သာဖြစ်သော အာဆီယံ၏ သတိပေးချက်များနှင့် “တွေ့ဆုံဆွေးနွေးမှုများ” က စစ်အုပ်စုကို အလုံးစုံသော ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်ကျူးလွန်ရန် ပိုမိုအတင့်ရဲစေသည်။

ရှေ့ပြေးအသံအဖွဲ့၏ ဥက္ကဌ ဒေါ်ခင်ဥမ္မာက “စစ်အုပ်စုက ကျူးလွန်နေတဲ့ ဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေကို အဆုံးသတ်နိုင်ဖို့ အင်ဒိုနီးရှားရဲ့ အာဆီယံဥက္ကဌရာထူးနဲ့ ခိုင်မာတဲ့ခေါင်းဆောင်မှုဟာ အာဆီယံမှာ အဓိက မောင်းနှင်အားတစ်ခုဖြစ်လာမယ်လို့ ကျမတို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

“မြန်မာပြည်သူတွေရဲ့ ရုန်းကန်လှုပ်ရှားမှုအပေါ် အာဆီယံရဲ့ လက်ရှိချဥ်းကပ်ပုံကြောင့် ဖြစ်ခဲ့ရတဲ့ ကြီးမားကျယ်ပြန့်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို နောက်ကြောင်းပြန်လှည့်ဖို့အတွက် အရေးပါတဲ့ လုပ်ငန်းစဥ်တွေကို ရှေ့လျှောက်မှာ အာဆီယံက လုပ်ဆောင်လာမယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ၎င်းက ဆက်ဆိုသည်။

“အာဆီယံဟာ အရပ်ဘက်လူထုအဖွဲ့အစည်းတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတို့နဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုတွေအပေါ် အခြေခံပြီး ရှင်းလင်းပြတ်သားတဲ့ စံသတ်မှတ်ချက်တွေပါတဲ့ လုပ်ငန်းအစီအစဥ်အသစ်တစ်ရပ်ကို အရေးပေါ် ချမှတ်ရတော့မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲက “ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေပေမယ့်လည်း အကူအညီတွေလိုအပ်နေတဲ့ အန္တရာယ်ကျရောက်နိုင်ခြေအများဆုံး ပြည်သူတွေဆီ အကူအညီတွေကို အရောက်ပံ့ပိုးရာမှာ ဒေသခံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ကိုင်ဆောင်ရွက် နေသူတွေက မရှိမဖြစ် ဖြစ်ပါတယ်” ဟုဆိုသည်။

“အကူအညီတွေကို လက်နက်သဖွယ် အသုံးချနေခြင်းရဲ့ဒုက္ခကို ပြည်သူတစ်သန်းကျော်က ဆက်လက် မခံစားရဖို့အတွက် အာဆီယံအနေနဲ့ စစ်အုပ်စုက စီမံကွပ်ကဲရေးဘုတ်အဖွဲ့မှာ ပါဝင်ထားတဲ့ သူ့ရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းအဖွဲ့ဖြစ်တဲ့ AHA စင်တာအပေါ် မှီခိုနေတာကို ရပ်ရမှာဖြစ်သလို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပေးအပ်ရာမှာ စစ်အုပ်စုနဲ့ ပူးပေါင်းနေတာတွေကိုလည်း ရပ်ရမှာ ဖြစ်ပါတယ်။ အဲဒီအစား အာဆီယံဟာ အကူအညီတွေကို ဒေသခံဦးဆောင်မှုဗဟိုပြုရေးကို ထောက်ခံပံ့ပိုးပြီး အရင်းအမြစ်တွေကို နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတွေကနေတစ်ဆင့် အပါအဝင် ဒေသခံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တွေဆီကို လမ်းကြောင်းလွှဲ ပေးပို့ရပါမယ်” ဟု ၎င်းက ဆက်ဆိုသည်။

ASEAN Parliamentarians for Human Rights ၏ ဘုတ်အဖွဲ့ဝင် Kasit Pironya က “လူ့အခွင့်အရေးအခြေခံမူတွေကို လိုက်နာဖို့အတွက် အာဆီယံအထူးသံတမန်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ပြန်လည်ပြင်ဆင်ရမှာဖြစ်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်ဖို့အရေးဟာ သူ့တို့ရဲ့ တစ်ခုတည်းသော လုပ်ငန်းရည်မှန်းချက်အဖြစ် ထားရှိရမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားရဲ့ ဥက္ကဌရာထူး အောက်မှာ အထူးသံတမန်ဟာ အရပ်ဘက်လူထုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရတို့နဲ့ ချက်ချင်းထိတွေ့ဆက်ဆံရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

“လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဟာ ဒေသတွင်းလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပါတယ်။ နောက်ထပ် ဒေသတွင်းမတည်ငြိမ်မှု ဖြစ်စေမယ့်အရာတွေကို တားဆီးဖို့အတွက် အာဆီယံဟာ စစ်အုပ်စုရဲ့ ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး ရုန်းကန်နေတဲ့ မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီသင့်ပါတယ်” ဟု ၎င်းက ဆက်ဆိုသည်။

ယခုစာကို ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ ဆွေးနွေးမည့် အောက်တိုဘာလ ၂၇ ရက်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးမတိုင်မီ ပေးပို့လိုက်ပါသည်။ အာဆီယံထိပ်သီးအစည်းအဝေးကိုလည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားရန် ရှိပါသည်။

ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်

  • ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံဖွဲ့၊ info@progressive-voice.org
  • နော်ဆဲဆဲ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ equality20@protonmail.com
  • Carlos Sardiña Galache၊ ASEAN Parliamentarians for Human Rights၊ carlos@aseanmp.org

English version.


PDF ဖြင့်ရယူရန် Burmese I English.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia