20 October 2022
Honest Information
ခင်ဘုန်းမို့။ ။
သစ်ပင်ကြီးတွေ ဝန်းရံထားတဲ့ တောအုပ်တစ်ခုရဲ့ ကွင်းပြင်အလည်မှာ စင်မြင့်တစ်ခု ဆောက်လုပ်ထားပြီး စစ်ဝတ်စုံဆင်တူ ဝတ်ဆင်ထားတဲ့ ရဲဘော်တွေက ချီတက်စစ်ရေးပြနေကြတယ်။ အဲ့ဒီနောက် ခေါင်းဆောင်တွေက အမှာစကားပြောတာ၊ ထူးချွန်စစ်သည်တွေကို ဆုချီးမြှင့်၊ သစ္စာရေသောက် စတဲ့အစီစဉ်တွေနဲ့ အခမ်းအနားကို ကျင်းပနေတယ်။
စစ်ဝတ်စုံ ယူနီဖောင်းအပြည့်အစုံ ဝတ်ဆင်ထားတဲ့ အမျိုးသမီးငယ်တစ်ဦးလည်း ဒီအခမ်းအနားမှာ ရှိနေတယ်။ သူ့အတွက် အခမ်းအနားတွေပွဲတွေ တက်ရတာ မဆန်းပါဘူး။ အရင်ကဆို ဝတ်ကောင်းစားလှနဲ့ လူတွေ၊မီးရောင်စုံတွေ၊ တဖျတ်ဖျတ်လတ်နေတဲ့ ကင်မရာမီးတွေနဲ့ ပြည့်နှက်နေတဲ့ အခမ်းအနားတွေကို တက်ခဲ့ဖူးတယ်။ အခုအခမ်းအနားက ဒီလိုအရာတွေမရှိပေမယ့် သူ့အတွက်ကတော့ စိတ်လှုပ်ရှားစရာနဲ့ ဘဝမှာမေ့မရအဖြစ်ဆုံးပါပဲ။
အကြောင်းကတော့ စစ်အာဏာရှင်ကို တိုက်ထုတ်မယ့် တပ်သားတစ်ဦးအဖြစ် အသိအမှတ်ပြုခံရတဲ့ သင်တန်းဆင်းပွဲ အခမ်းအနားတစ်ခုဖြစ်တာကြောင့်ပါ။ သူကတော့ မော်ဒယ်၊သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အသက်(၂၃)နှစ်အရွယ် ဟန်နီနွေဦးပါ။ ချစ်စရာကောင်းပြီး ရိုးရှင်းတဲ့အလှအပကြောင့် လူတော်တော်များများရဲ့ စိတ်ဝင်စားမှုနဲ့ ချစ်ခြင်းကို ခံခဲ့ရသူတစ်ဦးပါ။
အလှဓာတ်ပုံလေးတွေ၊ ကြော်ငြာတွေ၊ သီချင်းတွေ၊ ဇာတ်လမ်းတိုတွေမှာ သရုပ်ဆောင်ကာ အိပ်မက်နဲ့ ဝါသနာနောက်ကိုလိုက်ရင်း ဘဝကို ဖြတ်သန်းနေခဲ့သူလည်းဖြစ်တယ်။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ဖေဖော်ဝါရီကစပြီး မြန်မာပြည်သူတွေရဲ့ စိတ်ကူးနဲ့အနာဂတ်တွေ ပျက်စီးခဲ့ရလို ပြည်သူထဲက ပြည်သူတစ်ဦးဖြစ်တဲ့ ဟန်နီနွေဦးလည်း အလားတူကြုံတွေ့ခဲ့ရတယ်။
အဲ့ဒီနောက် ဟန်နီနွေဦးတစ်ယောက် စစ်အာဏာရှင်ဆန့်ကျင်ဖို့ တာဝန်တွေကို လူငယ်ပီပီ ပုခုံးထမ်းခဲ့ပါတော့တယ်။
၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ(၁)ရက်နေ့ကစပြီး စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း အွန်လိုင်းပေါ်ကတစ်ဆင့် စတင်သပိတ်မှောက်ခဲ့ပြီး နောက်ပိုင်းမှာတော့ လမ်းမပေါ်သပိတ်တိုက်ပွဲတွေမှာ ပါဝင်ခဲ့တယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် လမ်းမပေါ်ဆန္ဒပြပွဲတွေ လျော့နည်းသွားခဲ့ပြီးနောက်မှာ ပေါ်ပေါက်လာတဲ့ ပြောက်ကျားသပိတ်တွေမှာလည်း ပါဝင်ခဲ့တယ်။
“သွေးမြေကျခဲ့ရတဲ့လူတွေ၊ ပေးဆပ်ခဲ့ရတဲ့လူတွေ အများကြီးရှိသေးတဲ့အတွက် ဒီအဖြစ်ဆိုးကြီးက မပြီးသေးဘူး။ အကုန်လုံးအနေနဲ့ ပုံမှန်လိုနေထိုင်လို့ မရသေးဘူးဆိုတဲ့ စိတ်တစ်ခုထဲနဲ့ ပြောက်ကျားသပိတ်တွေမှာ ပါဝင်ဖြစ်ခဲ့တယ်” လို့ ဟန်နီနွေဦးကပြောတယ်။
ဒီလိုပါဝင်တဲ့အခါမှာလည်း သပိတ်တိုက်ပွဲဝင်ရဲဘော်တွေ၊ ဆန္ဒပြပွဲတွေမှာပါဝင်တဲ့ လူငယ်၊လူကြီးတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဟန်နီနွေဦး တစ်ယောက်လည်း ကြုံတွေ့ရတယ်။
ပြောက်ကျားသပိတ်တွေမှာ ပါဝင်တဲ့အခါ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြား အသက်အန္တရာယ် မထိခိုက်အောင်ကြိုးစားရ၊ သပိတ်တွေမှာပါဝင်တဲ့အတွက် အိမ်မှာမနေနိုင်တော့ဘဲ ရှောင်တိမ်းနေထိုင်ခဲ့ရတယ်။
တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်သူတိုင်းကို စစ်ကောင်စီကဖမ်းဆီးနေသလို ဒလန်လို့ခေါ်တဲ့ သတင်းပေးသူတွေကလည်း နေရာအနှံ့ရှိနေနိုင်တာကြောင့် အစစအရာရာ မလုံခြုံမှုတွေနဲ့ပြည့်နေပြီး သတိထား နေထိုင်ကြရတယ်။
လူသိထင်ရှား သူတစ်ဦးဖြစ်တဲ့ ဟန်နီနွေဦးအတွက် ပုန်းရှောင်နေထိုင်ရတာ ပိုခက်ခဲခဲ့တယ်။
ပြောက်ကျားသပိတ်တွေထွက်တိုင်း ဖမ်းဆီးခံရလုနီးပါး အခြေအနေတွေနဲ့ ရင်ဆိုင်ရပြီး ပြည်သူလူထုရဲ့ ကူညီပေးမှုကြောင့်သာ ယနေ့အချိန်ထိ အသက်ရှင်နေနိုင်တာ ဖြစ်တယ်လို့ ဟန်နီနွေဦးက ဖွင့်ဟတယ်။
ဒီလိုနဲ့ ပြောက်ကျားဆန္ဒပြပွဲတွေမှာ ပါဝင်တာ၊ လူမှုကွန်ရက်ကတစ်ဆင့် တော်လှန်ရေးနဲ့ ပတ်သက်တာမှန်သမျှ ဖော်ထုတ်ပြောဆိုတာ၊ ရန်ပုံငွေရှာဖွေတာ၊ ကမ်ပိန်းတွေမှာ ပါဝင်ဖို့လှုံ့ဆော်တာ စတဲ့လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ထုတ်မှသာ လိုချင်တဲ့ပန်းတိုင်ကို ရောက်နိုင်မယ်လို့ ယုံကြည်တဲ့ လူငယ်တော်တော်များများဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖြစ်လာခဲ့တယ်။ ဒီအထဲမှာ လူငယ်၊လူလတ် အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။
လူငယ်တစ်ဦးလည်းဖြစ်သလို အမျိုးသမီးလည်းဖြစ်တဲ့ ဟန်နီနွေဦးတစ်ယောက်လည်း လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တယ်။
လူသိများ ထင်ရှားသူဖြစ်တဲ့အတွက် ရန်ပုံငွေ ရှာဖွေပေးသူအဖြစ်နဲ့သာ လုပ်ကိုင်လို့ရပေမယ့် တော်လှန်ရေးလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် ပါဝင်ချင်တဲ့ဆန္ဒကြောင့် ဒီလမ်းကိုရွေးချယ်ခဲ့တယ်။
တော်လှန်ရေးလုပ်ငန်းတွေထဲမှာ ထဲထဲဝင်ဝင် ဝင်ရောက်အားပေးခြင်းအားဖြင့် ကျန်တဲ့သူတွေအတွက် အားတစ်ခုဖြစ်စေမယ်၊ အရွေ့တစ်ခုဖြစ်စေမယ်၊ ဒီလမ်းစဉ်ကိုရွေးချယ်မယ့်သူတွေ ၊ကိုယ်ကိုတိုင် လူအားနဲ့ပါဝင်မယ့် လူငယ်လူကြီးတွေ အကုန်ပါဝင်လာဖို့ မျှော်လင့်ရင်း ဒီလမ်းကို ရွေးချယ်ခဲ့တယ်လို့ ဟန်နီနွေဦးကပြောတယ်။
“ကျွန်တော်ကိုယ်တိုင်လည်း တကယ့်ကို ထဲထဲဝင်ဝင်ပါဝင်ပြီး စစ်မှုထမ်းချင်တဲ့ ဆန္ဒကြောင့်ဖြစ်တယ်”လို့ သူက ဆက်ပြောတယ်။
ဒီလမ်းကို လျှောက်လှမ်းဖို့ ရွေးချယ်လိုက်တဲ့အတွက် မိသားစုတွေ၊ အနာဂတ်တွေ၊ စိတ်ကူးအိပ်မက်တွေကို ခဏခေါက်သိမ်းထားခဲ့ရတယ်။ ခါးလောက်ရှည်တဲ့ ဆံပင်အရှည်ကြီးကို ညှပ်ပစ်လိုက်ရတာကစလို့ ပုံမှန်နေထိုင်မှုဘဝနဲ့ ဝါသနာပါတဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အားလုံးကို လွှတ်ချပစ်ခဲ့တယ်။
“ဒါတွေက ဘဝအဟောင်းတွေလို့ပဲ မှတ်ယူခဲ့တယ်။ ကျွန်တော်ရဲ့ ခါးလောက်ရှိတဲ့ ဆံပင်အရှည်ကြီးကို ညှပ်ချပစ်ပြီး ဒီကိုထွက်လာကတည်းက အဲ့ဘဝကို စွန့်လွှတ်ခဲ့ပြီ” လို့ ဟန်နီနွေဦးက သူ့ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ပြတ်သားစွာဆိုတယ်။
စစ်သင်တန်းတက်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဟာ အစားသောက်ဆင်းရဲတာ၊ ခက်ခဲပင်ပန်းတာ၊ ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေ ပြုလုပ်ရတာစတဲ့ အခြေအနေတွေနဲ့ရင်ဆိုင် ဖြတ်ကျော်ကြရပါတယ်။
သင်တန်းတက်ချိန်က မိုးတွင်းကာလဆိုတော့ မနက်ကနေညနေစောင်းတဲ့အထိ လေ့ကျင့်ရေးတွေ ဆင်းတဲ့အခါ ခြေထောက်တွေမှာ သဲဝဲစားတာတွေ ခံစားရတယ်။ နဂိုရောဂါအခံဖြစ်တဲ့ လေးဖက်နာရောဂါလည်း ပြန်ဖြစ်တာကြောင့် လေ့ကျင့်ရေး ပြုလုပ်နေတုန်း လဲကျတဲ့အထိ ဖြစ်ခဲ့တယ်။
ကျန်းမာရေးကြောင့် နှစ်ပတ်နီးပါးနားနေရပြီး စိတ်ဓာတ်တွေလည်း ကျခဲ့ရတယ်။ ဒါပေမယ့် ဟန်နီနွေဦးတစ်ယောက် ရဲဘော်ရဲမေတွေရဲ့ ဖေးမကူညီမှုနဲ့ သူတို့ရဲ့ရဲရင့်မှုသတ္တိရှိမှုတွေကိုကြည့်ပြီး အားပြန်မွေးခဲ့တယ်။
“သင်တန်းကာလကတော့ အချင်းချင်းကြည့်ပြီး ကူညီဖေးမရင်းနဲ့ ဖြတ်သန်းခဲ့တယ်”လို့ ဟန်နီနွေဦးက ပြောတယ်။
ပုံမှန်ဘဝကနေ ကွဲထွက်တဲ့ လူမှုဘဝပုံစံကြောင့်ရော လုပ်ငန်းပိုင်းဆိုင်ရာ တာဝန်ယူရတဲ့ အပိုင်းတွေ၊ ခက်ခဲပန်ပန်းမှုတွေ၊သင်တန်းစည်းကမ်းတွေ၊ ပြစ်ဒဏ်တွေကြား စိတ်ဓာတ်ကျတဲ့ အချိန်တွေလည်း ရှိခဲ့တယ်။
ဒီအချိန်တွေကို တစ်ရက်တစ်ရက် ငါဘာအတွက် လုပ်နေတာလဲဆိုတဲ့ စိတ်တခုနဲ့ ဖြတ်ကျော်ခဲ့တယ်လို့ ဟန်နီနွေဦးက ဆိုတယ်။
သင်တန်းတက်တုန်းက ကျန်းမာရေးကြောင့် အနားယူခဲ့ရပေမယ့် သင်တန်းဆင်းပွဲမှာတော့ လက်ဖြောင့်ဆု ပူးတွဲရခဲ့ပါသေးတယ်။ တစ်ချိန်ကအနုပညာအလုပ်တွေ လုပ်ကိုင်ရင်း မီးရောင်စုံတွေကြားမှာ ဘဝကိုဖြတ်သန်းခဲ့ပေမယ့် အခုအခါမှာတော့ ကြမ်းတမ်းလှတဲ့ စစ်ရေးလေ့ကျင့်မှုတွေ သေနတ်သံတွေကြား နေသားကျနေကာ ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်နေပါပြီ။
ဝါသနာပါတဲ့ သရုပ်ဆောင်အလုပ်တွေကို စွန့်လွှတ်ပြီး တော်လှန်ရေးခရီးလမ်းကို လျှောက်လှမ်းခဲ့ပေမယ့် ဒီရွေးချယ်မှုနဲ့ ပတ်သက်ပြီး တခါမှ နောင်တရတာမျိုး မရှိဘူးလို့ဆိုတယ်။
“ပုံမှန်လိုဖြစ်နေတဲ့ ဓာတ်ပုံတွေရိုက် တိုင်းပြည်ကြီးက အဆင်ပြေသလိုနေရင် ကျွန်တော့ဘဝကျွန်တော် သတ်ထားသလိုဖြစ်တဲ့အတွက် လက်ရှိလျှောက်လှမ်းနေတဲ့ လမ်းအောင်မြင်မှပဲ ဝါသနာပါတဲ့ ပျော်တဲ့အလုပ်တွေကို ပြန်လုပ်မယ်လို့ စဉ်းစားထားပါတယ်။ ဒါတွေမပြီးမချင်းကတော့ ဘာမှဆက်လုပ်ဖို့တော့ စိတ်ကူးမရှိပါဘူး” လို့ ဟန်နီနွေဦးက သူ့ခံယူချက်ကို ပြောတယ်။
လက်ရှိမှာလည်း တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေမှုအပိုင်းတွေကို အဓိကထား ဆောင်ရွက်နေပါတယ်။ ရှေ့ဆက်ပြီးလည်း လူရောစိတ်ရော ကျန်းမာအောင်ပြင်ဆင်နေပြီး ရန်ပုံငွေရှာဖွေတဲ့ ကမ်ပိန်းတွေပြုလုပ်ကာ တော်လှန်ရေးအတွက် လိုအပ်တာတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ဆိုတယ်။
တော်လှန်ရေးအောင်တဲ့အခါ ဟန်နီနွေဦးရဲ့ အဖြစ်ချင်ဆုံးဆန္ဒကတော့ ပင်လယ်ကမ်းခြေသွားပြီး လွတ်လွတ်လပ်လပ်နဲ့ လေကောင်းလေသန့်ရှုကာ နေဝင်ချိန်ကို ကြည့်ချင်တဲ့ဆန္ဒပါပဲ။
တော်လှန်ရေးအတွက် ကျရာနေရာက တာဝန်ဆက်လက်ထမ်းဆောင်ဖို့ ဟန်နီနွေဦးက အခုလို ဆုံးဖြတ်ထားပါတယ်။
“အခုအချိန်မှာ စစ်ရေးသတိအရ တခုခုအန္တရာယ်ဖြစ်လာတာရှိရင်လည်း ကိုယ်တိုင်ရှေ့တန်းထွက်ပြီးတော့ လိုအပ်တဲ့အချိန်ကြရင် လိုအပ်သလိုတာဝန်ထမ်းဆောင်မယ်”
Original post: Honest Information
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.