လွိုင်ကော်ထောင်တွင် နိုင်ကျဉ်းလူငယ်တစ်ဦး သေဆုံး၊ အလောင်းပြန်မရ – ကိုမောင်ငယ် (ခ) ဂျွန်

14 October 2022

လွိုင်ကော်ထောင်တွင် နိုင်ကျဉ်းလူငယ်တစ်ဦး သေဆုံး၊ အလောင်းပြန်မရ – ကိုမောင်ငယ် (ခ) ဂျွန်

ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းရှိ ကိုမောင်ငယ် (ခ) ဂျွန်၏ နေအိမ်တွင် စျာပန အခမ်းအနားအတွက် ပြင်ဆင်ထားသည်ကို အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – PKPF

စစ်ကောင်စီဘက်က အလောင်းပြန်ပေးမည်ဟု ကနဦးတွင် ပြောခဲ့သော်လည်း သွားရောက် ယူဆောင်ချိန် အကြောင်းမျိုးစုံပြ၍ ရှောင်လွှဲသည်။

By Myanmar Now

ကယားပြည်နယ် လွိုင်ကော်အကျဉ်းထောင်တွင် ယမန်နေ့ (အောက်တိုဘာ ၁၃) က သေဆုံးသည့် အသက် ၂၁ နှစ် အရွယ် နိုင်ငံရေးအကျဉ်းသား ကိုမောင်ငယ် (ခ) ဂျွန်၏ ရုပ်အလောင်းကို မိသားစုက ပြန်မရပေ။

ထိုနေ့ နံနက် ၇ နာရီဝန်းကျင်တွင် ထောင်အာဏာပိုင်တစ်ဦးက ကိုမောင်ငယ် သေဆုံးပြီဟု မိသားစုထံ ဖုန်းဆက်အကြောင်းကြားခဲ့ပြီး အလောင်းလာယူ၍ ရသည်ဟု ပြောခဲ့သေးကြောင်း မိသားစုနှင့် နီးစပ်သည့် လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးထံမှ သိရသည်။

သို့သော် မိသားစုက ထောင်သို့ သွားချိန်တွင် ရုပ်အလောင်းကို ရင်ခွဲရုံ ပို့ရဦးမည်ဟု ထောင်တာဝန်ရှိသူများက ပြောကြောင်း၊ ရင်ခွဲရုံရှိရာ လွိုင်ကော်ဆေးရုံသို့ သွားသည့်အခါတွင်မူ ဆရာဝန်တစ်ဦးက တရားရုံးသို့ ပို့လိုက်ပြီဟု အသိပေးကြောင်း ၎င်းက ဆက်ပြောသည်။

မိသားစုက လွိုင်ကော်မြို့နယ် တရားရုံးသို့ လိုက်သွားချိန်တွင်မူ ရုပ်အလောင်းမတွေ့ရကြောင်း ထိုသူက ဆိုသည်။

အလောင်းပြန်မရသည့် မိသားစုဝင်တို့က ကိုမောင်ငယ်၏ ဆံပင်နှင့် လက်သည်း၊ ခြေသည်းအချို့ ရယူနိုင်ရန် ရဲတပ်ဖွဲ့ဝင်အချို့နှင့် ညှိနှိုင်းနိုင်ခဲ့သည်ဟု သိရသည်။

ကိုမောင်ငယ်၏ ဆံပင်နှင့် လက်သည်း၊ ခြေသည်းတို့ကို အသုံးပြု၍ ကရင်နီရိုးရာဓလေ့အရ သင်္ဂြိုဟ်ရန် မိသားစုက စီစဉ်နေသည်ဟု ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် အထက်ပါ သတင်းရင်းမြစ်က တယ်လီဖုန်းမှတစ်ဆင့် ပြောသည်။

“တီဘီရောဂါ ငယ်ငယ်က ဖြစ်တယ်။ ငယ်ငယ်ကတည်းက ကျန်းမာရေးချို့တဲ့တယ်လို့ မိသားစုဝင်တွေက ပြောတယ်” ဟု ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတစ်ဦးဖြစ်သည့် ကိုမောင်ငယ်ကို လွန်ခဲ့သည့် တစ်နှစ်ဝန်းကျင်က လွိုင်ကော်မြို့ပေါ်တွင် စစ်တပ်က ဖမ်းကာ အကြမ်းဖက်မှုကို ထောက်ပံ့မှု၊ ထုတ်ဖော်မပြောဆိုမှုဆိုင်ရာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ ဖြင့် ထောင် ၅ နှစ် ချထားသည်ဟု သိရသည်။

“လွိုင်ကော်မြို့ထဲ သွားတော့ စစ်ဆေးရေးဂိတ်တစ်ခုမှာ သူ့ဖုန်းထဲမှာရှိတဲ့ သေနတ်ကိုင်ထားတဲ့ ပုံတချို့တွေ့တော့ ဖမ်းသွားတယ်။ (ဘယ်အဖွဲ့ကလဲဆိုတာ) သူ့မိသားစုဝင်ကလည်း မပြောပြဘူး။ PDF တစ်ဖွဲ့ဖွဲ့ထဲကလို့ပဲ သိရတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

ကိုမောင်ငယ်၏ အမှုအခြေအနေနှင့် သေဆုံးရသည့် အကြောင်းအရင်း၊ အကျဉ်းထောင်အတွင်း ဆေးကုသခွင့် အချိန်မီမရဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပေ။

မိသားစုနှင့် စစ်ကောင်စီထံ မေး၍မရသေးပါ။

သို့သော် စစ်ကောင်စီလက်ထက်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များ အမည်ဆိုးဖြင့် ပြန်လည်ကျော်ကြားလာသည်။ အလားတူဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်နေသည်။

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့ ပါဝင်သည့် ကရင်နီဒေသ (ကယားပြည်နယ်နှင့် ရှမ်းပြည်တောင်ပိုင်း ဒေသအချို့) တွင် စစ်ကောင်စီက ဒေသခံအများအပြားကို ခုခံသူများနှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးနေသည်။

စစ်ကောင်စီ၏ ရဲအချုပ်၊ စစ်ကြောရေးနှင့် အကျဉ်းထောင်များအတွင်း သေဆုံးရသည့် နိုင်ငံရေးအကျဉ်းသား ၇ ဦးထက်မနည်းရှိကြောင်း၊ ၂၇၃ ဦး ဖမ်းခံထားရကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ၏ အောက်တိုဘာ ၁ စာရင်းက ဆိုသည်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာတွင် ကရင်နီဒေသသည် ထိပ်တန်းမှ ပါဝင်နေသည်။ ယခုနှစ်ဆန်းပိုင်းအထိ စစ်ကောင်စီ ရုံးစိုက်ရာ ကယားပြည်နယ် မြို့တော် လွိုင်ကော်ကိုပင် ဒေသကာကွယ်ရေးအဖွဲ့များက ခြိမ်းခြောက်နိုင်ခဲ့သည်။

ထို့နောက်တွင် ကရင်နီဒေသ နေရာအများအပြားကို ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ကာ လေကြောင်း၊ လက်နက်ကြီး၊ အတွဲလိုက်ပစ်ဒုံး စသည့် သာလွန်လက်နက် အားကိုးဖြင့် စစ်ကောင်စီက တရစပ် စစ်ဆင်နေသည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia