ဓားဒဏ်ရာတွေနဲ့ အသတ်ခံခဲ့ရတဲ့ ချင်းအမျိုးသမီး၂ယောက် – မိုင်ရွှေစင်ရဲ၊ မိုင်နောင်ပါလ

13 October 2022

ဓားဒဏ်ရာတွေနဲ့ အသတ်ခံခဲ့ရတဲ့ ချင်းအမျိုးသမီး၂ယောက် – မိုင်ရွှေစင်ရဲ၊ မိုင်နောင်ပါလ

မကွေးတိုင်း ငဖဲမြို့နယ် ဘုံးဘောရွာကနေ ဂုတ်ကြီးရွာကို အသွား အောက်တိုဘာ ၆ရက်နေ့ကတည်းက ပျောက်ဆုံးနေတဲ့ ချင်းအမျိုးသမီးလေး နှစ်ယောက်ကို ၄ရက်အကြာမှာ  ဓားဒဏ်ရာတွေနဲ့ ပြန်တွေ့ခဲ့ကြပါတယ်။

မိုင်ရွှေစင်ရဲနဲ့ မိုင်နောင်ပါလ တို့ကို ဘုံးမော အရှေ့မြောက်ဘက် မြေလတ်ရွာမှာ လည်ပင်းနဲ့ ရင်ဘတ်တို့မှာ ဓါးဒဏ်ရာတွေနဲ့ အောက်တိုဘာ ၉ရက်နေ့မှာ ရွာသားတွေက တွေ့ရှိခဲ့တာပါ။

သူတို့နှစ်ယောက်ဟာ တစ်ရွာတည်းသား အရှိုချင်း အမျိုးသမီးတွေဖြစ်ပြီး အသက်၂၁နှစ်ရှိ မိုင်ရွှေစင်ရဲကတော့ မူကြို ဆရာမတစ်ယောက်ဖြစ်ကာ ၁၄နှစ်အရွယ် မိုင်နောင်ပါလ ကတော့ ၇တန်းကျောင်းသူ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခဒေသတွေမှာ အမျိုးသမီးငယ်သေဆုံးမှုတိုးလာ

အထောက်အထား

ချင်းအမျိုးသမီးနှစ်ယောက်ရဲ့ အလောင်းတွေကို မင်းဘူး အမ်းကားလမ်းမ တောင်ဘက်ပိုင်းမှာ ရွာသားတွေက တွေ့ရှိခဲ့တာ ဖြစ်ပြီး မိုင်ရွှေစင်ရဲ ရဲ့အလောင်းကို အောက်ပိုင်းအ၀တ်ဗလာနဲ့ မှောက်လျက် အနေအထား တွေ့တာလို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

ဒါ့အပြင် လည်ပင်း ၊ ရင်ဘတ် ၊ ဗိုက် ၊ ပေါင်နဲ့ ကျောကုန်း ပတ်လည်တို့မှာ ထိုးသွင်းဒဏ်ရာ ၁၁ချက် တွေ့ရတယ်လို့ ဆိုပါတယ်။

အသက် ၁၄နှစ်အရွယ် ၇တန်းကျောင်းသူလေးကတော့ လည်ပင်း ၊ နားထင် ၊ ဗိုက်နဲ့ ရင်ဘတ် တို့မှာ ထိုးသွင်း ဒဏ်ရာ ၆ချက်လောက် တွေ့ရတာ ဖြစ်ပါတယ်။

လိင်အကြမ်းဖက်ခံရမှု ရှိမရှိ ချင်းလူ့အခွင့်အရေး အဖွဲ့တွေ စုံစမ်းစစ်ဆေးနေပြီ

နယ်မြေ အနေအထား

သေဆုံးသူတွေရဲ့ အနေအထား ၊ ထိုးသွင်း ဒဏ်ရာတွေကို ကြည့်ပြီး အသတ်မခံရခင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံရနိုင်တယ်လို့ ပြောဆိုမှုတွေ ရှိပေမဲ့ ဘီဘီစီ အနေနဲ့ ဒါကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အခင်းဖြစ်ရာ ဒေသတ၀ိုက်မှာ နယ်မြေ ရဲစခန်း ရှိသလို စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေလည်း ရှိပြီး ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း လှုပ်ရှားမှု ရှိတဲ့ နေရာလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ချင်းအမျိုးသမီးငယ်နှစ်ဦး သတ်ဖြတ်ခြင်းခံရတာနဲ့ ပတ်သက်လို့ အကြီးအကျယ် တုန်လှုပ်ရပြီး မိသားစုနဲ့ အတူဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်းနှင့် ကျူးလွန်သူတွေကို ဖော်ထုတ်ဖမ်းဆီးဖို့ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို လိုအပ်သလို ကူညီပံ့ပိုး ပေးသွားမယ်လို့ ချင်းအရပ်ဘက် အဖွဲ့တစ်ခု ဖြစ်တဲ့ ICNCC ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ထုတ်ပြန်ထားပါတယ်။

သုံးသပ်ချက်

သေဆုံးသူတွေ အလောင်းကို ၄ရက်ကြာမှ ပြန်တွေ့တာကြောင့် အထောက်အထား ရရှိဖို့ ခက်ခဲပေမယ့် ထိုးသွင်းဒဏ်ရာတွေနဲ့ အလောင်းအနေအထားတွေကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက် ခံရတယ်ဆိုတဲ့ သံသယ ၀င်နိုင်စရာရှိတယ်လို့ ချင်းပြည်နယ် အစိုးရ၀န်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုကင်းမဲ့နေချိန်မှာ လူတိုင်းမှာ အချိန်မရွေး အန္တရာယ် ကျရောက်နိုင်ပြီး အမျိုးသမီးတွေ အတွက်တော့ ပိုဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

ဒီလိုမျိုး တိုင်းပြည်ပျက်နေချိန်မှာ တစ်ဦးနဲ့တစ်ဦး လူသားဆန်ဖို့ ၊ နားလည်မှု ရှိကြဖို့လိုပြီး လူတိုင်းဟာ လိုက်နာသင့်တဲ့ ကျင့်၀တ်တွေကို လိုက်နာကြပါ ၊ သေနတ်ကိုင်သူတွေ အနေနဲ့ ဒီလိုကိစ္စကျူးလွန်ရင် လက်ရှိ အခြေအနေ အရ ဥပဒေက ကင်းလွတ်နိုင်ပေမယ့် ဘာသာတရားက စောင့်ကြည့်မှာ မဟုတ်ဘူးလို့ သူက ထောက်ပြ ပါတယ်၊

လက်နက်ကိုင်ဆောင် ထားသူတွေ အနေနဲ့ စစ်တိုက်တာတော့ တိုက်တာဘဲ လူတွေကို ဂုဏ်သိက္ခာရှိရှိ ဆက်ဆံဖို့ ဆလိုင်းအိုက်ဇက်ခင်က ပန်ကြားထားပါတယ်။


Original post.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia