ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအရာရှိ ထောင် ၁၀ နှစ်ချခံရ – ဦးအောင်နိုင်ဦး

13 October 2022

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအရာရှိ ထောင် ၁၀ နှစ်ချခံရ – ဦးအောင်နိုင်ဦး

ကယားပြည်နယ်သို့ ၂၀၁၇ ခုနှစ်အတွင်း သွားရောက်သည့် ခရီးစဉ်တစ်ခုတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လိုက်ပါစောင့်ရှောက်နေသည့် လုံခြုံရေးများ။ (ဓာတ်ပုံ − EPA)

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တွင် နေအိမ်အကျယ်ချုပ်ကျစဉ်က ရဲအဖြစ် လုံခြုံရေးတာဝန်ယူခဲ့သူ သမ္မတရုံးညွှန်မှူးမှာ အကြမ်းဖက်ပုဒ်မစွဲချက်ကိုလည်း ရင်ဆိုင်ရဦးမည် ဖြစ်သည်။

By Myanmar Now

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးဆိုင်ရာ အရာရှိ ဦးအောင်နိုင်ဦးကို စစ်ကောင်စီ၏ နေပြည်တော်အချုပ်ထောင် အထူးတရားခွင်က အစိုးရလျှို့ဝှက်ချက်အက် ဥပဒေ ပုဒ်မ ၃(၁)(ဂ) ဖြင့် ယနေ့ (အောက်တိုဘာ ၁၃) တွင် ထောင် ၁၀ နှစ်ချလိုက်သည်။

၎င်းမှာ လွန်ခဲ့သော နှစ် ၃၀ ဝန်းကျင် စစ်အာဏာရှင်ဟောင်းလက်ထက် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ နေအိမ်၌ အကျယ်ချုပ် ကျခံနေရစဉ်က ရဲအဖြစ် စောင့်ကြပ်ခဲ့ဖူးကာ ကိုသားငယ်ဟု လူသိများသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်တွင် ဦးအောင်နိုင်ဦးကို နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ NLD ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ငြင်းပယ်၍ အာဏာသိမ်းပြီး ၁၀ လဝန်းကျင်အကြာ (၂၀၂၁ နိုဝင်ဘာ)တွင် စစ်ကောင်စီက ဦးအောင်နိုင်ဦးကို ဖမ်းကာ နေပြည်တော်အချုပ်ထောင်သို့ ပို့သည်။

ဦးအောင်နိုင်ဦးသည် အာဏာသိမ်းမှု ဆန့်ကျင်သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခ) ဦးကျော်မင်းယုနှင့် ဆက်သွယ်သည်ဟု ဆိုကာ ထောင် ၁၄ နှစ် ချနိုင်သည့် အထက်ပါအမှုအပြင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပါ ပုဒ်မ တစ်ခုဖြင့်ပါ  တရားစွဲခံရခြင်းဖြစ်သည်။

အသက် ၅၀ အရွယ် ဦးအောင်နိုင်ဦးမှာ အကြမ်းဖက်ဥပဒေပုဒ်မကို ဆက်လက်ရင်ဆိုင်ရဦးမည်ဟု စုံစမ်း သိရှိရသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးပေ။

ဦးအောင်နိုင်ဦးမှာ NLD အစိုးရလက်ထက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို “အမေ” ဟုပင် ခေါ်သည်အထိ လေးလေးစားစား တာဝန်ထမ်းဆောင်သည်ကို တွေ့ရသည်ဟု ပါတီခေါင်းဆောင်များနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ယခုနှစ်ဆန်းပိုင်းတွင် ပြောထားသည်။

“(ဒေါ်အောင်ဆန်းစုကြည်) ခရီးစဉ်တွေမှာ အမြဲပါတယ်။ NLD ရုံးသွားမယ်ဆိုရင်တောင် သူက ၃၊ ၄ နာရီ ကြိုရောက်ပြီး လုံခြုံရေးအတွက် လိုအပ်တာတွေ လုပ်တယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦး (ခ) ကိုသားငယ်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီက အမှုပေါင်း ၁၉ မှု စွပ်စွဲကာ ၁၄ မှုဖြင့် ထောင် ၂၆ နှစ် ချပြီးဖြစ်သည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံ တာဝန်ထမ်းဆောင်စဉ်က ဦးအောင်နိုင်ဦးနှင့်အတူ လုံခြုံရေးတာဝန်ယူခဲ့သူများကိုပါ စစ်တပ်က ဖမ်းကာ ထောင်ဒဏ်များချထားသည်။

ထိုအရာရှိများအနက် ထောင် ၃ နှစ်ထက်မနည်း ချခံရပြီးဖြစ်သည့် ရဲအုပ် ပြည့်ဖြိုးအောင်နှင့် ဒုရဲအုပ် ချယ်ရီထက်တို့မှာ ထင်ရှားသည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia