“နောင်ဘဝမှာ ကျွန်တော့်လို သားမျိုး မမွေးပါနဲ့” – မောင်စန်းမင်းပိုင်

09 October 2022

“နောင်ဘဝမှာ ကျွန်တော့်လို သားမျိုး မမွေးပါနဲ့” – မောင်စန်းမင်းပိုင်

မိသားစုရဲ့ အငယ်ဆုံးသား သူ့ကြောင့် အိမ်က မိသားစုဝင်တွေ စစ်ကြောရေးမှာ အဖမ်းခံရပြီးနှိပ်စက်ခံရဖူးပါတယ်။

သူ့ကြောင့်ပဲ အဖေဟာအိပ်ယာထဲမှာလဲခဲ့ရပြီး အမေကတော့ အိမ်ကထွက်ပြေးသွားခဲ့တဲ့ သူ့ကို  ထောင်မှာလာပြီး တွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ သူ့ဘဝရဲ့ အားကိုးစရာ ရွှေတောင်ကြီးနှစ်ခုစလုံး လုံးလုံးပြိုလဲသွားခဲ့ရပါတယ်။

သူ ထောင်က ထွက်ပြေးပြီး ၆ ရက်အကြာမှာ သူရဲ့ အဖေရော အမေပါ တစ်ရက်တည်း လူတစ်စုက အိမ်ပေါ်ကိုလာပြီး ကလဲ့စားချေတာလို့ ဆိုကာ သေနတ်နဲ့ ပစ်သတ်သွားတာခံခဲ့ရတာဖြစ်ပါတယ်။

အခုလို မိဘနှစ်ပါး အသတ်ခံရပြီး ဘဝပျက်ခဲ့ရတဲ့ အခြေအနေတွေကို သတိရနေပေမယ့် စစ်အာဏာရှင်ကို ဆန့်ကျင်မယ့်စိတ်က လျော့မသွားဘူးလို့ လွတ်မြောက်နယ်မြေရောက် မောင်စန်းမင်းပိုင်က ပြောပါတယ်။

“နောက်ဘဝမှာ ကျွန်တော်လို့ သားမျိုးမမွေးပါနဲ့” လို့ တမလွန်ရောက်မိဘတွေကို သူက ပြောခွင့်ရရင်ပြောခဲ့ချင်တယ်လို့ သန်လျင်လူငယ်ထိန်းသိမ်းရေး စခန်းမှာ စစ်ကောင်စီ ဆန့်ကျင်မှုနဲ့ အဖမ်းခံရပြီး လွတ်မြောက်နယ်မြေ ရောက်လာသူ မောင်စန်းမင်းပိုင်က ပြောပါတယ်။

စစ်ကောင်စီဆန့်ကျင်ရေးမှာပါဝင်ခဲ့တဲ့ ဂျန်ဇီးလူငယ်

အသက် ၁၇ နှစ်အရွယ်ဆိုတာ သာမန်အားဖြင့် ပညာရပ်တစ်ခုခု၊ဝါသနာပါတဲ့ အရာတစ်ခုကို ရူးသွပ်ပြီး အိမ်မက်တွေနောက်ကို လိုက်နေတဲ့ အရွယ် သို့မဟုတ် လူငယ်ဘဝရဲ့ ပျော်ရွှင်မှုအရသာကို ခံစားနေရမယ့်အရွယ်ဖြစ်ပေမယ့် စစ်အာဏာသိမ်းမှုအောက်မှာရောက်နေတဲ့ မြန်မာပြည်က ( Generation Z) ဂျန်ဇီးလူငယ်တွေကတော့ ပုံစံမျိူးစုံနဲ့ လူရောစိတ်ပါ အနာတရ ဖြစ်နေကြရပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးမှာပါဝင်ခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် မောင်စန်းမင်းပိုင်ကတော့ အာဏာသိမ်းတာကို ဆန့်ကျင်တော်လှန်မှုတွေလုပ်ရင်း မိဘနှစ်ပါးသတ်ဖြတ်ခံလိုက်ရတဲ့ မြန်မာပြည်က ဂျန်ဇီးလူငယ်တစ်ဦးပါ။

အာဏာသိမ်းစက လမ်းပေါ် ထွက်ဆန္ဒထုတ်ဖော်မှုတွေကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့လို့ လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ခဲ့တဲ့ မြို့ပြပြောက်ကျား လူငယ်တစ်ဦလည်း ဖြစ်ခဲ့ပါတယ်။

မြို့ပြပြောက်ကျား လူငယ်အဖြစ် စစ်အာဏာသိမ်းတာကို ဆန့်ကျင်ရင်း ပြီးခဲ့တဲ့ ၂၀၂၁သြဂုတ်လမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံလိုက်ရပြီး ကလေးထောင်လို့ အများခေါ်ကြတဲ့ သန်လျင်လူငယ်ထိန်းသိမ်းရေးစခန်းကို ရောက်ခဲ့တာပါ။

AAPP

ထိန်းသိမ်းရေးစခန်းက ထွက်ပြေးကြတဲ့ နိုင်ကျဥ်းလူငယ်တွေ

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်မှာတော့ သန်လျင်မြို့နယ်တစ်ခုလုံး လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ကြပြီး မြို့အတွင်းအဝင်သာခံပြီး မြို့ပြင်ကိုလူတွေရော ကားတွေပါ ပေးမထွက်တဲ့အထိ စစ်ဆေးတင်းကျပ်ခဲ့တဲ့အကြောင်း သန်လျင်မြို့ခံတွေက ဘီဘီစီကို ဆက်သွယ်ပြောပြကြပါတယ်။

နေ့လယ်ခင်းကြီး ရပ်ကွက်တွေထဲ စစ်တပ်ကပိတ်ဆိုပြီး အိမ်တွေကို တစ်အိမ်တက်ဆင်း ဓာတ်ပုံတွေ ပြပြီးလိုက်လံစစ်ဆေးတာတွေ လုပ်ခဲ့ပေမယ့် အကြောင်းအရင်းကို တိတိကျကျသိခဲ့ကြရပါဘူး။

တကယ်တော့ အဲဒီနေ့က သန်လျင်လူငယ် ထိန်းသိမ်းရေးစခန်းမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ နိုင်ငံရေးမှုတွေနဲ့ အကျဥ်းကျနေသူ လူငယ် ၁၄ ယောက် ထောင်ဖောက်ပြေးခဲ့ကြတာပါ။

 အဲဒီအထဲမှာ မောင်စန်းမင်းပိုင်လည်း ပါပါတယ်။ အခုတော့ သူတို့အားလုံး လွတ်မြောက်ဘေးကင်းရာနေရာကို ရောက်နေပြီလို့ ဆိုကြပါတယ်။

မိဘတွေဆီရောက်လာတဲ့ ကြမ္မာဆိုး

စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းမှာတော့ လွတ်မြောက်နယ်မြေ ရောက်နေတဲ့ မောင်စန်းမင်းပိုင်ဆီကိုသတင်းဆိုးတစ်ခု ရောက်လာခဲ့ပါတယ်။

“ရပ်ကွက်ထဲက သူငယ်ချင်းတစ်ယောက်က မင်း စိတ် ခိုင်ခိုင်ထားနော်ဆိုပြီး ဖုန်းဆက်တယ်။ အဖေနဲ့အမေကို အရပ်ဝတ်တွေနဲ့ အိမ်စီးကားတွေနဲ့  ပျူစောထီးတွေ အိမ်ပေါ် လာပြီး သေနတ်နဲ့ပစ်သွားတယ်တဲ့။ သေနတ်သံတွေလည်း ဆူညံသွားတယ်။ သူတို့ထွက်သွားတော့ ဘေးနားကလူတွေ အိမ်ပေါ် တက်ကြည့်တာ အဖေနဲ့ အမေက သွေးအိုင်ထဲမှာ ဆုံးနေပြီ” လို့ မောင်စန်းမင်းပိုင်က မိဘနှစ်ပါးသေဆုံးရတဲ့ဖြစ်ရပ်ကို ပြန်ပြောပြပါတယ်။

 လာရောက်ပစ်ခတ်ချိန်မှာ ကလဲ့စားချေတာလို့ ပြောသွားတာတွေရှိပြီး လက်နက်ကိုင်အရပ်ဝတ်တွေဟာ ရပ်ကွက်ထဲအထိ ညနေခင်း လူစည်ကားချိန် လာပစ်ခတ်သွားတာကြောင့် ဒီလူတွေဟာ စစ်ကောင်စီလက်အောက်က ပျူစောထီးအဖွဲ့တွေဖြစ်တယ်လို့ ရပ်ကွက်ဒေသခံတွေက သတ်မှတ်ပြောဆိုကြပါတယ်။

 လာရောက် ပစ်ခတ်သတ်ဖြတ်ချိန်မှာ ပြောဆိုသွားတဲ့ ကလဲ့စားချေတာဆိုတဲ့ ပြောဆိုချက်ဟာ အဲဒီနေ့ မနက်ပိုင်းက တောင်ဒဂုံ ၂၅ ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးလင်မယား ပစ်ခတ်ခံရတာကြောင့် ဖြစ်နိုင်တယ်လို့လည်း ကိုစန်းမင်းပိုင်ကပြောပါတယ်။

‘’အဲဒါကို ကျွန်တော်နဲ့ ဆက်စပ်တယ်လို့ သူတို စွပ်စွဲထင်မြင်ပြီး လုပ်သွားတာ’’လို့ သူက ပြောပါတယ်။

 အသက် ၅၈ နှစ်အရွယ်စီရှိကြတဲ့ မောင်စန်းမင်းပိုင်ရဲ့ မိခင် ဒေါ်သီသီစိုးနဲ့ ဖခင်ဖြစ်သူ ဦးစန်းမြင့်ကတော့ ပစ်ခတ်မှုကြောင့်သေဆုံးသွားပြီး နာရေးကိုလည်း တိတ်တဆိတ် လုပ်ခဲ့ကြရသလို နာရေးမှာလည်း စစ်တပ်ရဲ့ စောင့်ကြည့်ခြင်းကို ခံခဲ့ရပါတယ်။

မိသားစုရဲ့ အငယ်ဆုံးသား၊ သမဂ္ဂကျောင်းသား

 အာဏာသိမ်း ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ အငယ်ဆုံးသားလေးကြောင့် ဖခင်ဖြစ်သူနဲ့ အကိုဖြစ်သူဟာလည်း စစ်ကြောရေးမှာ ရိုက်နှက် စစ်ဆေးမေးမြန်းတာတွေ ခံခဲ့ကြရဖူးတယ်လို့ သူကပြောပြပါတယ်။

‘’အမေကတော့ သန်လျင်ထိန်းသိမ်းရေးစခန်းမှာ ရုံးထုတ်ရင် လာတွေ့တယ်။ ဆေးနဲ့ ပိုက်ဆံတွေပေးတယ်။ အဖေကတော့ အဲဒီအချိန်ထဲက ကျွန်တော့စိတ်နဲ့ အိပ်ယာထဲ လဲနေပြီ။ ကျွန်တော်ထောင်ဖောက်မပြေးခင် တစ်လလောက်မှာတော့ အိမ်နဲ့ အဆက်အသွယ်ပြတ်ခဲ့တယ်’’လို့ မောင်စန်းမင်းပိုင်က မိဘတွေနဲ့ နောက်ဆုံးအဆက်အသွယ်ရခဲ့တဲ့ အခြေအနေကို ပြောပြပါတယ်။

‘’စိတ်ထိခိုက်ရတယ်။ အိမ်ပြေးအဖြစ်လုပ်ပြီး တော်လှန်ရေးမှာ ပါဝင်ခဲ့တာတော့ကြာပါပြီ။ အခုဆိုပြန်စရာ အိမ်လည်းမရှိတော့ဘူး။အဖေနဲ့အမေလည်း ကျွန်တော့်ကြောင့် အသတ်ခံလိုက်ရပြီ။ အကိုနဲ့ အစ်မကိုလည်း မျက်နှာမပြရဲတော့ဘူး။ ဒီတစ်သက် အကိုနဲ့အစ်မကိုလည်း ပြန်မတွေ့ရတော့ဘူးထင်တယ်’’ လို့  မောင်စန်းမင်းပိုင်က ကြေကွဲဆို့နင့်တဲ့အသံနဲ့ ပြောပြပါတယ်။

တမလွန်က  မိဘများဆီအမှာစကား

လွတ်မြောက်နယ်မြေကို ရောက်နေတဲ့ မောင်စန်းမင်းပိုင်ရဲ့ စိတ်တွေဟာ အာဏာရှင်ကိုဆန့်ကျင်မယ်ဆိုတဲ့ ခံယူချက်ဆီကတော့ မလွတ်မြောက်နိုင်သေးဘူးလို့ ဆိုပါတယ်။

‘’ရန်သူက ရန်သူလိုပြုမူနေတယ်၊ ကျွန်တော်တို့လည်းလုပ်စရာရှိတာ ဆက်လုပ်ရမယ်’’ လို့သူကဆိုပါတယ်။

မိဘရင်ခွင်နဲ့ ဝေးခဲ့ပြီးနောက် သေကွဲထပ်ကြုံလာရပေမဲ့ ဆက်ပြီး‌ တော်လှန်နေအုံးမယ်လို့ဆိုပါတယ်။

ပြောခွင့်မရှိတော့ပေမယ့် ကြားနိုင်အုံးမယ်ဆိုရင် တမလွန်က မိဘတွေကို သူပြောချင်တာကတော့

‘’အဖေ့အိမ်မက်တွေကို ချိုးဖျက်ခဲ့တဲ့ ကျွှန်တော့်လို သားမျိုးမမွေးဘဲနဲ့ ကျွန်တော့် အစ်မလို မိဘကျေးဇူးသိတတ်ပြီး ကျွန်တော့်အကိုလို စာတော်တဲ့သားမျိုးမွေးပါလို့ ပြောချင်တယ်။ နောင်ဘဝမှာ အဖေနဲ့အမေ လူပြန်ဖြစ်ရင် သားကောင်းသမီး‌ကောင်းနဲ့ တွေ့ပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်….”


Original post.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia