ဟုမ္မလင်းအမတ်၊ ၁၀ နှစ်အရွယ် သမီးနှင့် မိသားစုဝင်များ အဖမ်းခံရပြီး အစပျောက်နေ – ဦးကျော်ဆွေဝင်း

07 October 2022

ဟုမ္မလင်းအမတ်၊ ၁၀ နှစ်အရွယ် သမီးနှင့် မိသားစုဝင်များ အဖမ်းခံရပြီး အစပျောက်နေ – ဦးကျော်ဆွေဝင်း

ဟုမ္မလင်းမြို့နယ် တိုင်း (၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းကို ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီကာလက တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

၁၀ နှစ်အရွယ် သမီးအပါအဝင် မိသားစုဝင် ၅ ဦး အဖမ်းခံရပြီးနောက် အဆက်အသွယ် ပြတ်တောက်နေသည့်အတွက် NLD အမတ်၏ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း နီးစပ်သူများက ပြောသည်။

By Myanmar Now

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NlD) ၏ စစ်ကိုင်းတိုင်းလွှတ်တော် ဟုမ္မလင်းမြို့နယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းနှင့် အသက် ၁၀ နှစ်အရွယ် သမီးအပါအဝင် မိသားစုလိုက် ဖမ်းဆီးခံရလိုက်ရပြီး အဆက်သွယ်ပြတ်တောက်နေကြောင်း နီးစပ်သူများထံမှ သိရသည်။

မိသားစုဝင် ၅ ဦး ခေတ္တ တိမ်းရှောင်နေထိုင်ရာ မုံရွာမြို့တွင် အောက်တိုဘာ ၅  ညနေတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရသူ  ၃၉  နှစ်အရွယ် ဦးကျော်ဆွေဝင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုများ၌ ပါဝင်သဖြင့် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ ထုတ်ခံထားရသည့်အတွက် ယမန်နှစ်ကတည်းက တိမ်းရှောင်နေရသည်။

မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို စစ်ကောင်စီက သတင်းအမှောင်ချထားပြီး အသက်အန္တရာယ်စိုးရိမ်နေကြောင်း နီးစပ်သူများက ပြောသည်။

“သတင်းအမှောင်ချခံထားရတယ်။ မေးလို့ မြန်းလို့မရရင် သတ်ဖြတ်မှုတွေပါ လုပ်နိုင်တဲ့အတွက် ဒါကို အထူးစိုးရိမ်မိတယ်။ စကစဘက်ကလည်း သတင်းထိမ်ချန်ထားတဲ့အတွက် ကျွန်တော်တို့က သူ့အတွက်ရော၊ သူ့မိသားစုအတွက် ရောစိုးရိမ်နေတယ်” ဟု စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ၎င်းတို့ကို ဆန့်ကျင်သူများ၊ NLD ပါတီဝင်များကို ပစ်မှတ်ထား ဖမ်းဆီးနေသည်။ လက်နက်ကိုင်လှုပ်ရှားမှုများ ပေါ်ပေါက်လာပြီးနောက် အဖမ်းအဆီး အတန်ငယ် လျော့နည်းသွားရာမှ မကြာသေးခင်လပိုင်းများအတွင်း NLD နှင့် ဆက်စပ်သူများ၊ ပါတီဝင်များ ဖမ်းဆီးသတ်ဖြတ်ခံရမှု ခပ်စိပ်စိပ် ပြန်ဖြစ်နေသည်။

စက်တင်ဘာ ၂၉ တွင် မန္တလေးတိုင်း ညောင်ဦးမြို့နယ်မှ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်း ဦးအောင်မင်းထိုက် ပစ်သတ်ခံရပြီးနောက် အောက်တိုဘာ ၂ တွင် မန္တလေးတိုင်း ညောင်ဦးမြို့နယ်တွင် NLD လွှတ်တော်ကိုယ်စားလှယ်၏ ညီတော်စပ်သူအပါအဝင် ပါတီနှင့် ဆက်စပ်နေသူ ၆ ဦး ဖမ်းဆီး သတ်ဖြတ်ခံရသည်။

ဩဂုတ်လကလည်း တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် NLD ပါတီ ထောက်ခံသူတစ်ဦး ဖမ်းဆီး သတ်ဖြတ်ခံရသလို ဇွန်လအတွင်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် NLD ဥက္ကဋ္ဌ အပါအဝင် သုံးဦး ပစ်ခတ် ဖမ်းဆီးခံရပြီးနောက် သေဆုံးသွားပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

စစ်တပ်က နိုင်ငံ့အာဏာသိမ်းယူပြီးနောက် ယခုနှစ်မေလအထိ တစ်နှစ်ကျော်ကာလအတွင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးဝင်းမြင့်နှင့် ဒေါက်တာဇော်မြင့်မောင် အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ပါတီဝင် ၉၁၇ ဦး ဖမ်းဆီးခံခဲ့ရကာ စစ်ကြောရေးနှင့် အကျဉ်းထောင်များတွင် သေဆုံးသူ ၁၈ ဦးရှိကြောင်းယခုနှစ် မေလ ၁၀ ရက်နေ့တွင် NLD က  ထုတ်ပြန်ထားသည်။

NLD လူ့အခွင့်အရေးချိုးဖောက်မှုများ မှတ်တမ်းကောက်ယူရေးအဖွဲ့က ပြုစုထားသည့် စာရင်းအရ အဖမ်းခံရသည့် NLD ပါတီဝင်များအနက် လွှတ်တော်ကိုယ်စားလှယ် ၁၁၉ ဦး ပါဝင်ပြီး ၉၈ ဦးမှာ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်သည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia