04 October 2022
စစ်ကိုင်းတိုင်း ရွှေဘိုမြို့ရှိ အကျဉ်းထောင်ကို ၂၀၁၉ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ -EPA
မီးရထား CDM ဝန်ထမ်းမှာ မောပန်း၊ အသက်ရှူမဝဖြစ်နေသဖြင့် ဆေးကုပေးရန် တောင်းဆိုရာ ထောင်အာဏာပိုင်တို့က ငြင်းဆိုပြီး ၂ နာရီဝန်းကျင်အတွင်း အသက်ဆုံးခဲ့ရသည်။
By Myanmar Now
မန္တလေးတိုင်း မိတ္ထီလာအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမပေးခြင်းကြောင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးသွားသည်ဟု စုံစမ်းသိရှိရသည်။
သေဆုံးသူမှာ ကိုဇော်လပြည့် (ခ) ဇွန်လပြည့် ဆိုသူဖြစ်ကာ မောပန်းခြင်း၊ အသက်ရှူမဝခြင်း ဝေဒနာများ ခံစားနေရသဖြင့် ဆေးကုသခွင့်ရရန် တောင်းဆိုသော်လည်း မရခဲ့ဘဲ စက်တင်ဘာ ၁၈ ရက်တွင် ကွယ်လွန်သွားသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စက်တင်ဘာ ၁၅ မှစ၍ မောပန်း၊ အသက်ရှုမဝသည့် ဝေဒနာကို ခံစားနေရသည့် ကိုဇော်လပြည့်ကို နောက် နှစ်ရက်အကြာ (စက်တင်ဘာ ၁၇ ) တွင် အကျဉ်းထောင်ဆေးခန်းက ဆေးတစ်လုံးထိုးကာ သောက်ဆေးပေးခဲ့သော်လည်း မသက်သာခဲ့ဟု အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။
“ပြန်လာပြီး ပိုမိုမောပန်းလာ၊ အစားပါ မဝင်ဖြစ်လာတာ” ဟု ၎င်းက ဆိုသည်။
စက်တင်ဘာ ၁၈ နံနက် ၇ နာရီတွင် ကိုဇော်လပြည့် ဆေးခန်းထပ်ပြချိန်တွင် ဆေးတစ်လုံးထိုးပေးပြီးနောက် “စိတ်ကြောင့်ဖြစ်နေတာ၊ ဘာမှ မဖြစ်ဘူး” ဟု ထောင်အာဏာပိုင်တို့က ပြောဆိုခဲ့ကြောင်း ၎င်းကပင် ပြောသည်။
သို့သော် နောက်တစ်နာရီအကြာအတွင် ရောဂါသက်သာလာခြင်းမရှိသဖြင့် ကိုဇော်လပြည့်က ဆေးကုသမှု ရရန် ထပ်မံကြိုးပမ်းသော်လည်း အခြားအကျဉ်းသား ၃ ဦးက ‘ဟန်ဆောင်မနေနဲ့ အဆောင်ပြောင်းခံချင်တာ လား’ ဟု ခြိမ်းခြောက်ပြန်လွှတ်ခံရကြောင်း ထိုသူကပင် ဆက်ပြောသည်။
ဆေးကုခွင့်မရသည့် ကိုဇော်လပြည့်မှာ ထိုနေ့ နံနက် ၉ နာရီတွင် အကျဉ်းထောင်အတွင်း အိမ်သာတက်ကာ ပြန်အဆင်းတွင် လဲကျသွားခဲ့ကြောင်း၊ ယင်းကို မြင်လိုက်သည့် အခြားအကျဉ်းသားများက ပြုစု၍ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပေးရန် အကျဉ်းထောင်အာဏာပိုင်များကို ဝိုင်းဝန်းတောင်းဆိုခဲ့ရသည်ဟု ဆိုသည်။
‘သေချာကြည့်ပေးပါ ဆရာ၊ ကိုယ်တွင်းအင်္ဂါတစ်ခုခုဖြစ်နေတာလား မသိဘူး’ ဟု နိုင်ကျဉ်းများ ဝိုင်းပြောကာမှ အရေးပေါ် ဆေးကုသမှုများပေးကာ အပြင်ဆေးရုံသို့ ပို့ရန် စီစဉ်ခဲ့သော်လည်း အသက်မမီခဲ့ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
ကိုဇော်လပြည့်မှာ စက်တင်ဘာ ၁၈ နံနက် ၁၀း၄၅ တွင် ပြင်ပဆေးရုံသို့ ရောက်ရှိခဲ့သော်လည်း ၁၁ နာရီ မိနစ် ၂၀ တွင် ကွယ်လွန်သွားခဲ့ရသည်ဟု ၎င်းက ဆိုသည်။
ကိုဇော်လပြည့် ကွယ်လွန်ခြင်းမှာ နှလုံးအဆို့ရှင် ပိတ်ဆို့ပိတ်၍ ဖြစ်သည်ဟု ထောင်အာဏာပိုင်တို့က အကြောင်းပြခဲ့ကြောင်း၊ တာဝန်ယူ တာဝန်ခံမှုမရှိသည့် ထိုဖြစ်စဉ်သည် မိတ္ထီလာထောင်အတွင်း နိုင်ကျဉ်းများကို စစ်ကောင်စီက ဖိနှိပ်နေမှု၊ ဆေးကုခွင့်ကဲ့သို့သော ရပိုင်ခွင့်များ ဆုံးရှုံးနေမှုတို့အတွက် သက်သေဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
သာစည်မီးရထားတွဲပြင်ဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်သော ကိုဇော်လပြည့်သည် ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းအပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူဖြစ်ကြောင်း၊ ထိုနှစ် နိုဝင်ဘာ ၇ တွင် ဖမ်းဆီးခံခဲ့ရကာ ၂၀၂၂ ဇူလိုင်လတွင် စစ်ကောင်စီက အကြမ်းဖက်ဥပဒေ ပုဒ်မ (၅၂/က) ဖြင့် ထောင်ဒဏ် ၇ နှစ် ချခဲ့ကြောင်း Burma VJ သတင်းဌာနတွင် ဖော်ပြထားသည်။
ကိုဇော်လပြည့်၏ မိသားစုဝင်များထံ Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပေ။
စင်တင်ဘာ ၂၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဖိအားပေးသဖြင့် အလုပ်ပြန်ဝင်ရသည့် CDMကျောင်းဆရာတစ်ဦး မိတ္ထီလာစစ်ကြောရေးစခန်းတွင် သေဆုံးခဲ့သည်။
အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီက နိုင်ငံတစ်ဝန်း သတ်ဖြတ်ခဲ့သူများထဲမှ ၂၃၀၀ ကျော်၊ ဆက်လက် ဖမ်းဆီးထားသူများထဲမှ ၁၅၀၀၀ ထက်မနည်း၏ အချက်အလက်များ ရရှိထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ၂၀၂၂ စက်တင်ဘာလကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီက ထိုအရေအတွက်များကို အတည်မပြုသလို အကျဉ်းထောင်တွင်း အသက်သေဆုံးသည်အထိ ဖိနှိပ်ခံရသည်ဆိုသော ဖြစ်စဉ်များအပေါ် နှုတ်ဆိတ်နေဆဲဖြစ်သည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.