တွံတေးတွင် NLD ထောက်ခံသူအမျိုးသမီး အဖမ်းခံရပြီး နှစ်ရက်အကြာ သေဆုံး

တွံတေးတွင် NLD ထောက်ခံသူအမျိုးသမီး အဖမ်းခံရပြီး နှစ်ရက်အကြာ သေဆုံး

ကျေးရွာအုပ်ချုပ်ရေးမှူးများ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ဒေသခံ ၅၀ ခန့်ကို ဖမ်းဆီးနှိပ်စက်ခဲ့ရာ သေဆုံးသူများရှိနေသည့်နည်းတူ အပြင်းအထန်ဒဏ်ရာဖြင့် ဆေးရုံရောက်နေသူများလည်းရှိသည်ဟု သိရသည်။ 

By Myanmar Now

ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူ အမျိုးသမီးတစ်ဦးမှာ စစ်တပ်က ဖမ်းသွားပြီး နှစ်ရက်အကြာတွင် သေဆုံးသွားကြောင်း မိသားစုထံမှ သိရသည်။

တွံတေးမြို့နယ် ဇီးဖြူကုန်းရွာမှ အသက် ၄၀ ကျော်အရွယ် ဒေါ်ခင်မျိုးနွယ်ဆိုသူ အမျိုးသမီးမှာ ပြီးခဲ့သည့်လ ၂၇ ရက်တွင် အဖမ်းခံရခြင်းဖြစ်ကာ နောက်နှစ်ရက်အကြာ ဩဂုတ် ၂၉ တွင် သေဆုံးပြီဖြစ်ကြောင်း စစ်ကောင်စီက မိသားစုကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ကလေးလေးဦး၏ မိခင် ဒေါ်ခင်မျိုးနွယ်ကို မေးမြန်းစရာရှိသည်ဆိုကာ ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီက ကျန်ရစ်သူ သားသမီးများထံ ထိုသို့အကြောင်းလာခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ဘာကြောင့်သေတယ် ဆိုတာလဲ မပြောဘူး။ သတင်း လုံးဝ ဖုံးဖိထားတယ်။ ညနေပိုင်းလောက်မှာ လာပြောသွားတာပေါ့။​ မင်းတို့အမေတော့ ဆုံးပြီ ဆိုပြီးတော့” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့အနောက်ဘက် လှိုင်မြစ်တစ်ဖက်ကမ်း တွံတေးမြို့နယ်၊ ဇီးဖြူကုန်းရွာအနီး ဩဂုတ် ၂၂ ညနေက ဖြစ်ပွားခဲ့သော ပစ်ခတ်မှုနှင့် ဆက်စပ်၍ တစ်ပတ်အတွင်း ဇီးဖြူကုန်းရွာနှင့် ရွာနီးချုပ်စပ် မြဂိုး၊ မြကန်သာရွာ တို့မှ ဒေါ်ခင်မျိုးနွယ်အပါအဝင် ဒေသခံ ၅၀ ခန့် ဖမ်းဆီးခံရသည်။

စစ်တပ်က ဒေါ်ခင်မျိုးနွယ် သေဆုံးပြီဖြစ်ကြောင်း လာရောက်အကြောင်းကြားပြီးနောက် နောက်တစ်ရက် ဩဂုတ် ၃၀ ရက်နေ့တွင် မင်္ဂလာဒုံစစ်ဆေးရုံသို့ မိသားစုဝင်များ လိုက်သွားခဲ့သော်လည်း အလောင်းကိုသာ ကြည့်ရှုခွင့်ရခဲ့သည်ဟု သိရသည်။

“မျက်နှာလေးပဲ ကြည့်ခွင့်ရတယ်လို့ ကြားပါတယ်။ ဘာဒဏ်ရာတွေရခဲ့တယ် မသိရဘူး။ ဝင်ကြည့်ကတည်းက ဖုန်းတွေလည်း သိမ်းခံရတယ်လို့ ပြောတယ် သင်္ဂြိုဟ်တဲ့ရက်ကိုတော့ မသိရဘူး” ဟု အထက်ပါ နီးစပ်သူ က ဆက်ပြောသည်။

ဒေါ်ခင်မျိုးနွယ်တွင် အသက် ၁၀ နှစ်အောက်အရွယ် သား၂ ဦး၊ တက္ကသိုလ်ကျောင်းသူ သမီး ၂ ဦးရှိပြီး ခင်ပွန်းဖြစ်သူမှာ တစ်ရပ်တစ်ကျေးတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း၊ ၎င်းတို့မိသားစုမှာ NLD ထောက်ခံသူများဖြစ်ကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၂ က တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ပြန်လာသော ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့၏ ကားကို မြို့ပြပြောက်ကျားအဖွဲ့က လမ်းခုလတ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ ဦး သေဆုံးခဲ့သည်။ ထို့နောက် စစ်တပ်က ဒေသခံများကို ဆက်တိုက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူ ဒေသခံများအနက် ဇီးဖြူကုန်းကျေးရွာ ရေထိန်းတံခါးအနီးမှ ဆီဆိုင်လုပ်ငန်းလုပ်ကိုင်သူ အသက် ၃၀ ကျော်အရွယ် ကိုကျော်ဦးဆိုသူနှင့် ကျွဲသလင်းကျေးရွာမှ အသက် ၃၀ ကျော်အရွယ် ကိုဂေါင်းကြီးဆိုသူ သေဆုံးသွားသည်ဟုလည်း သိရသည်။

ထို့အတူ ဒေါ်ခင်မျိုးနွယ်နှင့်အတူ အဖမ်းခံခဲ့ရသည့် အသက် ၄၀ အရွယ် ဒေါ်ကြည်အေးဆိုသူ အမျိုးသမီးမှာ  အပြင်းအထန် နှိပ်စက်ခံရပြီး ရရှိထားသောဒဏ်ရာများကြောင့် တွံတေးဆေးရုံသို့ ပို့လိုက်သည်ဟုသာ သိရသော်လည်း နောက်ထပ် သတင်းအစအနမရတော့ကြောင်း အထက်ပါ တွံတေးဒေသခံက ပြောသည်။

“တွံတေးဆေးရုံမှာရှိတုန်းက သိတာကတော့ တစ်ကိုယ်လုံးကို ရေသန့်ဘူးကို မီးရှို့ပြီး (ကော်) အစက် ချထားတာတွေ၊ ခြေထောက်တွေကို သံတုတ်နဲ့ လှိမ့်ထားတာတွေ၊ အဲ့ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရထားတယ်လို့တော့ သိရတယ်” ဟု ဒေါ်ခင်မျိုးနွယ်၏ မိသားစုနှင့်လည်း နီးစပ်သူ ၎င်းက ပြောသည်။​

ဇီးဖြူကုန်းရွာမှ ဒေသခံ ၁၀ ဦးကျော် ဆက်လက်ဖမ်းဆီးခံထားရပြီး ၈ ဦးမှာ အသက် ၅၇ နှစ်အရွယ် လယ်သမား ဦးကြည်စိုး၊ ၄၇ နှစ်အရွယ် ခြံစိုက်ပျိုးရေးလုပ်သူ ကိုသောင်းထိုက်စိုး၊ ၂၀ အရွယ် ကျပန်းလုပ်ကိုင်သူ ကိုထိန်ဝင်း၊ ၂၅ နှစ်အရွယ် ကိုဟိန်းလေး၊ ၃၇ နှစ်အရွယ် ဈေးရောင်းသူ ကိုအောင်အောင်၊ ၄၈ နှစ်အရွယ် ရေလုပ်သား ကိုကျော်သက်ဝေ၊ ၄၀ အရွယ် မကြည်အေးနှင့် ၅၀ အရွယ် ဒေါ်မြင့်မြင့်ဦး တို့ဖြစ်သည်ဟု သိရသည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia