14 September 2022
လက်ပံတောင်းဒေသ တောင်ကြေးနီစီမံကိန်းနယ်မြေတွင် ၂၀၁၃ မတ် ၁၃ ရက်နေ့က တွေ့ရသော ရဲများ (ဓာတ်ပုံ – EPA)
တရုတ်ကြေးနီစီမံကိန်းဝင်းအတွင်းမှ ရဲ ၂ ဦးသည် G3 အမျိုးအစား သေနတ်ကိုယ်စီ ကိုင်ဆောင်ပြီး အာဏာဖီဆန်လာရာ ဘေးကင်းသည့်နေရာသို့ ပို့ဆောင်ထားသည်ဟု သိရသည်။
By Myanmar Now
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ လုံခြုံရေးတာဝန်ကျ ရဲ ၂ ဦး လက်နက်နှင့်အတူ စက်တင်ဘာ ၁၂ ရက်နေ့က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာကြောင်း ဒေသခံ ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
အာဏာသိမ်းစစ်တပ်နှင့် တရုတ်ကုမ္ပဏီတို့ အကျိုးတူလုပ်ကိုင်နေသည့် ထိုစီမံကိန်းနယ်မြေမှ ထွက်ခွာလာသည့် ၎င်းတို့ ၂ ဦးသည် G3 အမျိုးအစား သေနတ်နှစ်လက် ယူဆောင်လာသည်ဟု ဆိုသည်။
“ကာကွယ်ရေးတပ်ဖွဲ့ထဲက ရဲဘော်နဲ့ ချိတ်ဆက်မိတာ ကြာပါပြီဗျ။ (ရွာတွေကို) စစ်ကြောင်းထိုးတုန်းက သူတို့ မပါခဲ့ပါဘူး၊ သူတို့ တအားထွက်ချင်နေတာပါလို့ ငိုပြောတယ်ဗျ။ ဖိနှိပ်တာတွေ လုံးဝမခံနိုင်လို့ပါတဲ့” ဟု ဒေသအခြေစိုက်အဖွဲ့တစ်ဖွဲ့ဖြစ်သော One Star Task Force အဖွဲ့မှ တာဝန်ခံ ကိုကျော်ကြီးက ပြောသည်။
တစ်ဦးမှာ အာဏာသိမ်းစစ်ကောင်စီကို ပြန်လည်တိုက်ခိုက်လိုပြီး နောက်တစ်ဦးမှာ နိုင်ငံအတွင်းတစ်နေရာသို့ သွားလိုသည်ဟု ပြောကြောင်း၊ လတ်တလော ဘေးကင်းလုံခြုံရာနေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
၎င်းတို့ အာဏာဖီဆန် ထွက်ခွာလာသည့် နံနက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်က စီမံကိန်းအနီးရှိ ကျေးရွာများတွင် လိုက်လံရှာဖွေခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဝမ်ပေါင်ကြေးနီစီမံကိန်းဝင်း လုံခြုံရေးအတွက် ရဲများ ချထားသည်မှာ ကာလကြာရှည်ပြီ ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်သားများလည်း စခန်းချတပ်စွဲထားသည်။ အင်အားအသေးစိတ်ကို မသိရပေ။
ကြေးနီစီမံကိန်းကို ဆက်လက်လည်ပတ်ခြင်းမပြုရန် ဒေသခံကာကွယ်ရေးအဖွဲ့များက မေလဆန်းတွင် တောင်းဆိုရာ အာဏာသိမ်းစစ်တပ်၏ စီးပွားရေးမိတ်ဖက် တရုတ် ဝမ်ပေါင်ကုမ္ပဏီက စီမံကိန်း ခြိမ်းခြောက်ခံနေရကြောင်း မေ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို့နောက် စစ်တပ်က အင်အားဖြည့်တင်းကာ နယ်မြေရှင်းလင်းရေးရည်ရွယ်ချက်ဖြင့် စီမံကိန်းအနီးကျေးရွာများကို စီးနင်းပြီး အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
ဇွန် ၂၁ နံနက်တွင် ကြေးနီစီမံကိန်းအနီးရှိ မိုးကြိုးပြင်(မြောက်) ရွာကို စစ်တပ်က အင်အား ၇၀ ခန့်ဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ခုတ်ထစ်သတ်ဖြတ်ခံထားရသည့် အသက် ၅၀ အရွယ် ဦးတင်စိုးနှင့် ၄၀ အရွယ် ဦးပွကြီးဆိုသူတို့၏ ရုပ်အလောင်းများကို နောက်တစ်နေ့တွင် ဒေသခံများက တွေ့ရှိခဲ့ရသည်။
ထို့ပြင် ကြေးနီစီမံကိန်းမှ ကြေးပြားများကို စစ်ကောင်စီတပ်က မော်တော်ယာဉ်များဖြင့် လာရောက်သယ်ဆောင်ချိန်တိုင်း ပုသိမ် – မုံရွာလမ်းတစ်လျှောက် လုံခြုံရေးအင်အားအများအပြားချကာ အနီးအနားကျေးရွာများကို လက်နက်ကြီး များဖြင့် ပစ်ခတ်လမ်းကြောင်းရှင်းလေ့ရှိသည်ဟု အဆိုပါစီမံကိန်းမှ CDM ဝန်ထမ်းတစ်ဦးက ပြောသည်။
“ကြေးနီထုတ်တဲ့ရက်တွေဆိုရင်တော့ ရွှေတောင်ဦးက အောင်ဇေယျကုန်းက စစ်သားတွေ ယင်းမာပင်အရှေ့ခြမ်းမှာ အခြေစိုက်ထားတဲ့ ရဲတပ်ရင်း ၂၈ က မြန်မာဝမ်ပေါင်က စစ်သားတွေရယ် ပုသိမ် – မုံရွာလမ်းမကြီးတစ်လျှောက် ဝမ်ပေါင်ကုမ္ပဏီကနေ ချင်းတွင်းတံတားထိပ်အထိ သူတို့က လုံခြုံရေးယူတယ်။ လုံခြုံရေးဖြန့်ယူလာပြီဆိုရင် သေချာပြီ၊ လှုပ်လှုပ်လှုပ်လှုပ်ဖြစ်ပြီဆို ရွာကလူတွေက ပြေးပြီ”
လက်နက်နှင့်တကွ CDM ဝင်လာမည့် စစ်ကောင်စီလက်အောက်ခံတပ်သားများကို ဂုဏ်ပြုငွေ သိန်း ၇၀ အထိ ပေးနိုင်ရန် စီစဉ်နေကြောင်း One Star Task Force အဖွဲ့တာဝန်ခံက ပြောသည်။
CDM ဝင်လာသည့် စစ်သား၊ ရဲတို့အတွက် ထောက်ပံ့ကူညီမှုများ လုပ်ဆောင်နေသူတစ်ဦးကလည်း ဖိတ်ခေါ်ကြောင်း ပြောသည်။
“ကျန်တဲ့ရဲဘော်တွေလည်း ပြည်သူထဲက ပေါက်ဖွားလာတဲ့သူတွေဖြစ်တဲ့အတွက် သူတို့ခေါင်းဆောင်တွေ၊ အာဏာရူးအတွက် အသက်ကို မပေးဆပ်ဘဲ ကိုယ့်တိုင်းပြည်အတွက် CDM မှာ ပါဝင်လာကြဖို့ တောင်းဆိုချင်ပါတယ်” ဟု ဆိုသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ရဲ ၂၉၃၇ ဦး ပါဝင်လာသည့်အနက် အဆင့်မြင့်ဆုံးရာထူးအဖြစ် ရဲမှူး ၂ ဦး ပါဝင်ကာ ဒုရဲမှူး၊ ရဲအုပ်၊ ဒုရဲအုပ်၊ ရဲအရာခံ၊ ရဲတပ်သားနှင့် စာရေးများပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယခုနှစ် ဧပြီလက ထုတ်ပြန်ခဲ့သည့် စာရင်းအရ သိရသည်။
ထိုစီမံကိန်းအနီးမှ ကျေးရွာများသည် ယခင်ကလည်း ထိုစီမံကိန်းကြောင့် ထိခိုက်နစ်နာမှုများရှိခဲ့ကြပြီး စီမံကိန်းဖျက်သိမ်းရေး ဆန္ဒပြခဲ့ရာတွင် သံဃာများကိုပါ မီးလောင်ဗုံးဖြင့် အကြမ်းဖက်ဖြိုခွင်းခဲ့သည်။
ဒေသခံတို့ အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက်နေကြသည့် ထိုစီမံကိန်းကို တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီနှင့် စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(UMEHL) တို့ ပူးတွဲကာ လက်ပံတောင်းတောင်၊ စံပယ်တောင်နှင့် ကြေးစင်တောင်တို့တွင် ကြေးနီထုတ်လုပ်တူးဖော်နေကြခြင်းဖြစ်သည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.