13 September 2022
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်ရန်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတို့မှာ မိုးတွင်းကာလတွင် ပိုမို အခက်တွေ့နေသည်။ (ဓာတ်ပုံ – ပေးပို့)
မကွေးတိုင်း၊ ရေစကြိုမှ ဒေသခံ ၈၀ ခန့်ကို လူသားဒိုင်းကာအဖြစ် ဖမ်းခေါ်ထားသည့် စစ်ကောင်စီတပ် စစ်ကြောင်းက လက်နက်ကိုင်ခုခံသူများကို လိုက်လံရှာဖွေနေသည်ဟု ဒေသခံတို့က ပြောသည်။
By Myanmar Now
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က စက်တင်ဘာ ၇ တွင် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ ၈၀ ခန့်ကို ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ပြောသည်။
အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်က စစ်ကြောင်းများခွဲကာ ရေလယ်ကျွန်းဒေသကို ဝင်ရောက်မှု ၁ လ ပြည့်ချိန်တွင် ရွာ ၁၀ ရွာမှ ဒေသခံများကို ဖမ်းသွားခြင်းဖြစ်သည်ဟု သိရသည်။
“အဖမ်းခံတာ ၇၀၊ ၈၀ လောက်တော့ ရှိမယ်၊ ရွာတစ်ရွာကို ဝင်ရင် အဖမ်းခံရတာတွေ ရှိတယ်၊ နောက်တစ်ရွာဝင်ရင် ထပ်ဖမ်းနဲ့ သူတို့စစ်ကြောင်းမှာ ဓားစာခံတွေလုပ်ထားတာ၊ ရိုက်တာနှက်တာတွေ လုပ်တယ်” ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရေလယ်ကျွန်းတာဝန်ခံ ကိုဆူးလုံးက ပြောသည်။
“ဒေသခံ ကာကွယ်ရေးအဖွဲ့တွေနဲ့ တွေ့ရင် သူတို့မတိုက်အောင် ဖမ်းထားတာ၊ အရင်လို အင်အား ၁၀၀ စစ်ကြောင်းက ၂၀၊ ၂၅ လောက်နဲ့ သွားကြတာဆိုတော့ ပြည်သူမပါဘဲ မသွားရဲဘူး၊ ပြည်သူကို ဓားစာခံလုပ်ပြီး သွားနေကြတာ”
ကံဦး၊ ဝါးဘိုး၊ မင်းရွာ၊ မိဖုရား၊ မဲကုန်း၊ မိုးကွဲ၊ မီးလောင်ကျွန်း၊ မြေတော်၊ ငတရော်၊ သပြေပင် စသည့်ရွာများကို ဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟုလည်း ကိုဆူးလုံးက ပြောသည်။
စက်တင်ဘာလ ၈ ရက်နေ့က ရရှိထားသော သတင်းအချက်အလက်များအရ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ရေလယ်ကျွန်းဒေသခံ အမျိုးသမီး ၁၂ ဦးထိ ရှိနေသည်ဟု သိရကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် Youth for Community ၏ တာဝန်ခံ မဂရေ့စ်က ပြောသည်။
စစ်ကောင်စီတပ်ရန်ကြောင့် ဒေသခံများ ရှောင်ပုန်းနေကြရသည်ဟုလည်း သိရသည်။
“အာဏာသိမ်းပြီးမှ အခုလို စစ်ရှောင်ရတာ ၆ ကြိမ်လောက်ရှိပြီ၊ အညာသူ အညာသားတွေအနေနဲ့ အခုလို စစ်ရှောင်ရမယ်လို့ အရင်တုန်းက တစ်ခါမှ မတွေးမိခဲ့ဖူးဘူး၊ ကျွဲတွေ၊ နွားတွေ ပစ်ထားခဲ့ရတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
စက်တင်ဘာ ၇၊ ည ၁၀ နာရီခန့် မိုးသည်းထန်ပြီး ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ် ရေတက်လာပြီး ရေကြီးနေသည့်ကြားမှ စစ်ကြောင်းထိုးလာခြင်းကြောင့် ညတွင်းချင်း ထွက်ပြေးခဲ့ကြရသည်ဟုလည်း ဒေသခံတို့က ပြောသည်။
“အများစုက စစ်မရှောင်ဘဲ နေရမှာကို ကြောက်ကြတာ ညီမရေ။ ကိုယ်ဝန်ဆောင်သည်၊ သက်ကြီးရွယ်အို၊ ကလေးအရွယ်စုံပဲ ရှောင်ရတာ။ သူတို့က အသက်ကြီးလို့၊ ငယ်လို့ ငဲ့ညှာစိတ်ရှိတာမဟုတ်တော့ မနေရဲကြတော့ဘူး။ တဖြည်းဖြည်းချင်း ရက်စက်ချင်တိုင်း ရက်စက်နေကြတာ” ဟု ရေလယ်ကျွန်းဒေသမှ စစ်ရှောင်နေရသူ တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ပြည်တွင်း၊ ပြည်ပ စစ်ပြေးဒုက္ခသည်ဦးရေ သုံးသန်းနီးပါးရှိလာကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ့ ISP-Myanmar က စက်တင်ဘာ ၆ တွင် ထုတ်ပြန်ထားသည်။
ထိုအထဲတွင် စစ်ကိုင်းတိုင်းသည် စစ်ပြေးဒုက္ခသည် အရေအတွက် အများဆုံးဖြစ်နေပြီး ၅၃၃,၈၃၃ ဦးဖြစ်သည်။ မကွေးတိုင်းအတွင်းတွင်မူ စစ်ပြေးဒုက္ခသည် ၁၇၁,၄၅၀ ဦးဖြင့် ဒုတိယအများဆုံးဖြစ်သည်ဟု ISP-Myanmar ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ပြေးဒုက္ခသည် ဒုတိယအများဆုံး ရှိနေသည့် မကွေးတိုင်းအတွင်း ရေလယ်ကျွန်းဒေသမှ ဒေသခံများသည် မြောင်မြို့နယ်တွင်းသို့ သွားရောက်ခိုလှုံနေရပြီး အများစုမှာ မိုးသည်းထန်မှုတို့ကြောင့် နေရာထိုင်းခင်းနှင့် အမိုးအကာအခက်အခဲများစွာ ကြုံနေကြရကြောင်း သိရသည်။
မြောင်မြို့နယ်၊ ရေစကြိုမြို့နယ်တို့နှင့် နီးစပ်သည့် ရေလယ်ကျွန်းဒေသတွင် မြောင်နှင့် ရေစကြို ဒေသကာကွယ်ရေးတပ်ဖွဲ့များရှိနေနိုင်သည်ဟု ယူဆချက်ဖြင့် အဆိုပါဒေသကို စစ်ကောင်စီတပ်သားများက ရက်ဆက် စစ်ကြောင်းထိုးကာ PDF များကို ရှာဖွေနေခြင်း ဖြစ်နိုင်သည်ဟုလည်း ဒေသခံများက ဆိုသည်။
လူသားဒိုင်းအဖြစ် ဒေသခံအများအပြားကို ခေါ်ဆောင်ထားသည်ဟူသော အချက်နှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးပမ်းသော်လည်း စစ်ကောင်စီ ပြန်ကြားရေး တာဝန်ယူထားသူတို့ကို တယ်လီဖုန်း ဆက်သွယ်၍ မရသေးသလို စစ်ကောင်စီကလည်း ထိုကဲ့သို့သော အပြုအမူမျိုးကို သတင်းအမှောင်ချထားတတ်သည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.