ကန့်ဘလူတွင် ၁၆ နှစ် ကျောင်းသူနှင့် အမျိုးသား ၄ ဦးကို စစ်တပ်က ဖမ်းသွား

ကန့်ဘလူတွင် ၁၆ နှစ် ကျောင်းသူနှင့် အမျိုးသား ၄ ဦးကို စစ်တပ်က ဖမ်းသွား

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဝင်များ ခြံရံလျက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြသည်ကို ၂၀၂၂ နိုဝင်ဘာလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ – 96 Soilders PDF

ရဟတ်ယာဉ်ဖြင့် ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ခြေလျင်ပြန်ထွက်ချိန်တွင် ၉ တန်းကျောင်းသူကို PDF အားပေးဟု စွပ်စွဲ၍ ဖမ်းခေါ်ကာ ရဲစခန်းသို့ ပို့လိုက်သည်ဟု ဒေသတွင်းသတင်းများက ဆိုသည်။

By Myanmar Now

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မြောက်ပိုင်း ကျေးရွာများသို့ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်၍ ရုတ်တရက် ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က ၁၆ နှစ်အရွယ် ၉တန်း ကျောင်းသူနှင့် အမျိုးသား ၄ ဦးကို ဖမ်းသွားသည်။

စက်တင်ဘာ ၇ရက်တွင် ရဟတ်ယာဉ် ၃ စီးပေါ်မှ ဆင်းလာသည့် အင်အား ၁၀၀ ခန့်တပ်ဖွဲ့မှာ ထွက်မပြေးနိုင်သည့် ဒေသခံ ၁၀၀ ဦးခန့်ကို စစ်တပ်က ဖမ်းကာ ဇီကနားရွာ ဘုန်းကြီးကျောင်းတွင် ထားသည်ဟု ဒေသတွင်း သတင်းရင်းမြစ်တို့ထံမှ သိရသည်။

နောက်တစ်ရက် (စက်တင်ဘာ ၈) ညနေ ထိုစစ်ကြောင်း ခြေလျင်ပြန်ထွက်သွားချိန်တွင် ကျန်သူများကို လွတ်ပေးပြီး ၅ ဦးကို ဖမ်းခေါ်သွာခဲ့ခြင်းဖြစ်သည်။ ၉ တန်းကျောင်းသူကို လက်ကိုင်ဖုန်းထဲတွင် ဒေသကာကွယ်ရေးအဖွဲ့ (PDF)ဝင်များကို ကြိုဆိုသည့် ပုံများတွေ့သည်ဟုဆိုကာ ခေါ် သွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံက ပြောသည်။

“ကျနော်တို့ ပြည်သူလူထုကတော့ ဖုန်းထဲမှာ ဒီလိုပုံတွေ လူတိုင်းရှိနေကြတာပဲ။ တော်လှန်ရေးထဲ ပါပါ၊ မပါပါ။ အောင်ချမ်းသာတိုက်ပွဲကနေပြန်လာတဲ့ (PDF)သူတွေကို အကျွေးအမွေးနဲ့  အောင်သပြေနဲ့ ကြိုတာပေါ့ဗျာ။ တွဲရိုက်တဲ့ပုံတွေ(ဖုန်းထဲမှာ) ပါသွားတာပေါ့ ”ဟုပြောသည်။

ဘုန်းကြီးကျောင်းတွင် ဖမ်းထားစဉ် ရိုက်နှက်ခံရသူမရှိသော်လည်း အမျိုးသားအားလုံးကို ကြိုးတုပ် ကာ PDFနှင့် မပတ်သက်ရန်၊ လက်မခံရန် စစ်တပ်က သတိပေးသွားကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ကိုးထောင်ဘို့ တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံက ပြောသည်။

ထိုစစ်ကြောင်းမှာ ဇီးနားရွာမှ နေအိမ် ၈လုံးကိုလည်း PDF ထောက်ပံ့သည်ဆိုကာ မီးရှို့သွားသည်ဟု ၎င်းက ဆက်ပြောသည်။

မသင်ဇင် မိုးနှင့် အတူ ဖမ်းခံရသည့် အမျိုးသား ၄ဦးနှင့် ပတ်သက်သည့် အချက်အလက်များ ကိုမူ မသိရပေ။ ဖမ်းဆီးခံရသူ များကို ကိုးတောင်ဘို့ တိုက်နယ်ရဲစခန်းတွင် စစ်ကောင်စီက ချုပ်နှောင်ထား သည်ဟု သိရကြောင်း ဒေသတွင်း သတင်းရင်းမြစ်အချို့က ပြောသည်။

ဇီးကနားရွာနှင့် ရွာနီးချုပ်ဆက်ဖြစ်သည့် ဒေသများကို စစ်ကောင်စီက ဇွန်လအတွင်း စီးနင်းဖူးပြီး ကိုင်းမ၊ နှောကုန်း၊ ရှောဖြူကုံးရွာတို့မှ နေအိမ် ၁၁၈ လုံးကို မီးရှို့ခဲ့ဖူးသည်။

ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို ရရာလက်နက်ဖြင့် နိုင်ငံအနှံ့ခုခံမှုများ မြင့်တက် နေရာ စစ်တပ်မှာ စစ်မျက်နှာများစွာဖွင့်ထားရသည်။ ထိုအခြေအနေတွင် စစ်တပ်က ၎င်းတို့ကို ဆန့် ကျင်သူများအား ထောက်ပံ့သည်ဟု ယူဆသမျှ ကျေးရွာများစွာကို မီးရှို့ဖျက်ဆီးမှု၊ လေကြောင်း တိုက်ခိုက်မှု၊ မြေပြင်စစ်ဆင်မှုများ နေ့စဉ်ဆိုသလို ပြုလုပ်နေသည်။

နေပြည်တော်သို့ ဩဂုတ် ၁၇ ရက်တွင် ရောက်လာသည့်  ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာ ကိုယ်တိုင် အရပ်သားများကို သတ်ဖြတ်မှု၊ နေအိမ်များကို မီးရှို့မှုများ ရပ်ဆိုင်းရန် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် တိုက်တွန်းခဲ့ရသည်။

ပြည်သူပိုင် အိုးအိမ်ဖျက်ဆီးမှုများကို စစ်ကောင်စီက ဝန်ခံလေ့မရှိပေ။


Original Post: Myanmar Now

 

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia