စစ်တပ်က သထုံဒေသခံများကို ဖမ်ပြီး လူသားဒိုင်းအဖြစ် အသုံးပြု

စစ်တပ်က သထုံဒေသခံများကို ဖမ်ပြီး လူသားဒိုင်းအဖြစ် အသုံးပြု

သထုံမြို့နယ် ထုံးဘိုလေးကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့၍ ထိုနေရာအနီးတစ်ဝိုက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေသည်ကို ဇွန်လနောက်ဆုံးပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ- KNU Doo Tha Htu District)  

စစ်တပ်က သထုံဒေသခံ အမျိုးသား ၉ ဦးကို ဖမ်းသွားပြီး တပ်စခန်းပြောင်းရာတွင် အကာအကွယ်အဖြစ် အသုံးပြုခဲ့သည်၊ အများစုကို ပြန်လွှတ်ပေးလိုက်သော်လည်း ၃ ဦးကို ဆက်ဖမ်းထားသည်။

By Myanmar Now

စစ်ကောင်စီတပ်က နေရာရွှေ့ပြောင်းရာတွင် ဒေသခံအရပ်သားများကို ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။

စက်တင်ဘာလဆန်းက မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် လေးကေအခြေစိုက်စခန်းမှ သထုံမြို့နယ် ပိန္နဲတောစခန်းသို့သွားရာတွင် အရပ်သား ၉ ဦးကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများမှာ ကားမဲကျေးရွာနှင့် တာပေါခီးကျေးရွာမှ ၆ ဦး၊ နော့ကတိုခီးကျေးရွာမှ တစ်ဦး၊ ကျောက်တောင်ရွာမှ တစ်ဦး၊ နို့တလာအောရွာမှ တစ်ဦးတို့ ဖြစ်သည်ဟု KNU ဘက်က ဆိုသည်။

၎င်းတို့ကို တနင်္သာရီတိုင်း ထားဝယ်မြို့အခြေစိုက် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၄၀၁ နှင့် ခမရ ၄၁၀ တို့က ဖမ်းဆီးသွားခြင်းဖြစ်သည်။

“စစ်ကောင်စီက ဆောင်ရွက်နေကျပုံစံပဲ။ သူတို့သွားတဲ့လာတဲ့လမ်းမှာ စိုးရိမ်ကြောက်လန့်မှုနဲ့ သူတို့ကို မပစ်နိုင်အောင် ရွာသားတွေကို ဖမ်းခေါ်ပြီး ဒိုင်းကာအဖြစ် ပြုလုပ်ခဲ့တာပါ” ဟု ပဒိုစောအေးနိုင်က ဆိုသည်။

စက်တင်ဘာ ၆ တွင် ကားမဲရွာနှင့် တာပေါခီးရွာမှ ရွာသား ၆ ဦးကို စစ်တပ်က ပြန်လွှတ်လိုက်သော်လည်း ကျန် ရွာသား ၃ ဦးကိုမူ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်ဟု သိရသည်။

“တိုက်ပွဲတွေ ဖြစ်ပြီးတော့ သူတို့တပ်က လမ်းမတွေကို အသုံးပြုဖို့ မရဲတော့ တောတိုးပြီးတော့ တပ်အချိန်းအပြောင်း လုပ်တယ်။ အဲဒီမှာ တောတိုးပြီး အရပ်သားတွေကို လမ်းပြအဖြစ် လူသားဒိုင်းလိုမျိုး ခေါ်သွားတာ” ဟု ပဒိုစောအေးနိုင်က ဆိုသည်။

လူသားဒိုင်းအသုံးပြုမှုများနှင့် ပတ်သက်ပြီး  စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲများတွင် ကာကွယ်ပြောဆိုခြင်း မရှိသေးပေ။

မွန်ပြည်နယ်၊ သထုံမြို့နယ်သည် KNU တပ်မဟာ ၁ ၏ ထိန်းချုပ်နယ်မြေအတွင်းရှိပြီး KNU ၏ မဟာမိတ် ဒေသခံကာကွယ်ရေးအဖွဲ့တချို့လည်း လှုပ်ရှားနေသည်။

သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာအား စစ်တပ်က မီးတင်ရှို့ခဲ့၍ မီးလောင်သွားသော ဘုန်းကြီးကျောင်းဝင်းအား ဇွန် ၂၇ က တွေ့ရစဉ်။ (ဓာတ်ပုံ- KNU Doo Tha Htu District)   

ပြီးခဲ့သည့် ဩဂုတ် ၃၀ က လေးကေစခန်းကို တပ်အရွှေ့အပြောင်းပြုလုပ်ရန် စစ်‌ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းအဖွဲ့များက ဝင်းတာပန် နှင့် လေးကေစခန်းကြား ကျောက်ဖျာရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၆ ဦး သေဆုံးခဲ့သည်။

တစ်နိုင်ငံလုံးအနှံ့ လက်နက်ကိုင်ပြန်ခုခံမှုနှင့် ရင်ဆိုင်နေရသည့် စစ်တပ်သည် တစ်နေရာမှ တစ်နေရာ ပြောင်းရွှေ့ရာတွင် မကြာခဏဆိုသလို ကြားဖြတ်တိုက်ခိုက်ခံရမှုများနှင့် မိုင်းဆွဲတိုက်ခိုက်မှုများ ကြုံနေရသည်။

စစ်ကောင်စီတပ်ဘက်ကလည်း ၎င်းတို့တိုက်ခိုက်ခံရပါက အနီးအနားကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ရွာအတွင်း ဝင်ရောက်စီးနင်းမီးရှို့ခြင်း၊ လူသားဒိုင်းအဖြစ် အရပ်သားများကို ဖမ်းဆီးခြင်းများ ပြုလုပ်နေသည်။

ပြီးခဲ့သည့် ဇွန် ၂၅ ကလည်း သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာအား စစ်တပ်က မီးတင်ရှို့ခဲ့၍ လူနေအိမ် ၆၁ လုံး မီးလောင်ပြာကျခဲ့ကာ ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာစာသင်ကျောင်းလည်း မီးရှို့ခံခဲ့ရသည်။

စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းများသည် ဧပြီလအတွင်းက ဘီးလင်းမြို့နယ်ရှိ ကျေးရွာပေါင်း ၁၁ ရွာမှ ရွာသား ၂၀ ကျော်ကို ဖမ်းခေါ်ပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်။

အလားတူ စစ်တပ်ကို လက်နက်ကိုင်ပြန်ခုခံနေသော စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ချင်း၊ ကချင် အပါအဝင် ဒေသအနှံ့အပြား၌ အရပ်သားအများအပြားကို ဖမ်းဆီးသတ်ဖြတ်နေသလို လူသားဒိုင်းအဖြစ်လည်း အသုံးပြုနေသည်။

KNU ၏ တပ်မဟာနယ်မြေ ၇ ခုအနက် တပ်မဟာ ၇ ဖားအံခရိုင်မှအပ ကျန်ဒေသများတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားနေရာ ဒေသခံ ၃ သိန်းကျော် ထွက်ပြေးနေရပြီး အစားအသောက်နှင့် အကူညီများ လိုအပ်နေသည်ဟု ကရင်လူမှုအဖွဲ့များထံမှ သိရသည်။

စစ်ကောင်စီကမူ မီးရှို့မှုနှင့် ပတ်သက်ပြီး ငြင်းဆိုလေ့ရှိသလို ၎င်းတို့က ပြည်သူတို့ကို အကာအကွယ်ပေးနေသည်ဟု ပြောဆိုလေ့ရှိသည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia