မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ အွန်လိုင်းကတွေ့ဆုံ

07 September 2022

မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ အွန်လိုင်းကတွေ့ဆုံ

မြန်မာအရပ်ဘက်အဖွဲ့အစည်း ၆ ဖွဲ့ဖြစ်တဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကွန်ရက်၊ ချင်းလူ့အခွင့်အရေးအဖွဲ့၊ ကရင်လူ့အခွင့်အရေးအဖွဲ့၊ ရှေ့ပြေးအသံအဖွဲ့၊ မြန်မာ့ယဉ်ကျေးမှုသုတေသနအသင်းနဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တွေနဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah တို့ စက်တင်ဘာလ ၆ ရက် အင်္ဂါနေ့က အွန်လိုင်းကနေ မြန်မာ့အကျပ်အတည်းပြဿနာကို ဆွေးနွေးခဲ့ကြတာပါ။

ဒါဟာဆိုရင် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ကနေ မြန်မာအရပ်ဘက်အဖွဲ့တွေကို ပထမဆုံး တွေ့ဆုံမှုဖြစ်ပါတယ်။ ဒီ ၁ နာရီခွဲကြာတွေ့ဆုံမှုအတွင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေးနဲ့ပတ်သက်လို့ သူ့အစိုးရရဲ့ရပ်တည်ချက်နဲ့ ဆောင်ရွက်နေမှုတွေကို ပြောပြခဲ့တယ်လို့ ရှေ့ပြေးအသံအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

“ကျမတို့နဲ့ ဒါ ပထမဆုံးအစည်းအဝေးဖြစ်တယ်။ သူ့ဘက်က သူကြိုးစားနေတဲ့ကိစ္စတွေ ပြောပြတယ်။ သိပ်မကြာခင် ၂ ရက် ၃ ရက်လောက်ကမှ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ကိုလည်း စာရေးတယ်။ အဓိကက အာဆီယံဝန်ကြီးများ အစည်းအဝေးမှာ သူတို့ဆုံးဖြတ်ထားတာက စကစကို ၃ လ အချိန်တိုးပေးတယ်ပေါ့နော်။ နိုဝင်ဘာလမှာလုပ်မယ့် အာဆီယံထိပ်သီးညီလာခံမတိုင်ခင် စကစဘက်ကနေ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်လို့ လိုက်နာလုပ်ဆောင်မှုကို သူတို့တွေ့ချင်တယ်ဆိုတော့ အဲ့ဒါကို ၃ လ အချိန်ပေးပြီး စောင့်ကြည့်တယ်ဆိုတာမျိုး လုပ်ထားတော့ ပြောမယ်ဆိုရင်တော့ ထိပ်သီးညီလာခံက ၂ လပဲကျန်တယ်လေ။ သူက အဲ့ဒါကြောင့် သေသေချာချာ အာရုံစူးစိုက်ပြီး လိုက်ကြိုးစားနေတယ်ဆိုတာ သူပြောပြတယ်။”

အရပ်ဘက်အဖွဲ့တွေကတော့ မကြာခင် ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်ပြီး တာဝန်ထမ်းဆောင်နိုင်ရေး မလေးရှားက ထောက်ခံဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

“နောက်တပတ်ဆိုရင် ကုလသမဂ္ဂ အထွေထွေညီလာခံက ၇၇ ကြိမ်မြောက် အထွေထွေညီလာခံစပြီ။ အဲ့ဒီမှာ မြန်မာနိုင်ငံကို ဘယ်သူက ကိုယ်စားပြုသလဲဆိုတာက ကုလသမဂ္ဂက ပြန်ပြီး ဆုံးဖြတ်ရမယ့် အချိန်ဖြစ်တယ်။ အားလုံးလည်းသိတဲ့အတိုင်းပဲ မနှစ်ကဆိုရင် သံအမတ် ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကို ဆက်ပြီး ကိုယ်စားပြုတယ်။ ဒီနှစ်မှာလည်း NUG ရဲ့သံအမတ်ဖြစ်တဲ့ ဦးကျော်မိုးထွန်းကပဲ ကုလသမဂ္ဂမှာ ဆက်ပြီး ကိုယ်စားပြုစေချင်တယ်။ အဲ့ဒါကို မလေးရှားအနေနဲ့ ထောက်ခံဖို့၊ မလေးရှားအနေနဲ့ ဒါကို မားမားမတ်မတ် ရပ်တည်ပေးဖို့ အဲ့ဒါကို ကျမတို့ သူ့ကို တောင်းဆိုတယ်။ တိုက်တွန်းခဲ့တယ်။”

လက်ရှိမှာတော့ မြန်မာစစ်ခေါင်းဆောင်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို ရောက်ရှိနေပြီး ဗုဒ္ဓဟူးနေ့က ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံခဲ့တာပါ။

မြန်မာနိုင်ငံမှာ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအကြီးအကဲရဲ့ သုံးကြိမ်မြောက် ရုရှားနိုင်ငံခရီးစဉ်ဖြစ်ပြီး၊ စစ်ကောင်စီဟာ သံတမန်ရေးရော စစ်ရေးပါ အကူအညီရဖို့ ရုရှားကို ပိုပြီး ချဉ်းကပ်တယ်လို့ မြန်မာ့အရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

မြန်မာအရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရှေ့ပြေး အသံအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာကတော့ မြန်မာစစ်တပ်ကို လက်နက်မရောင်းချရေး ပိတ်ပင်နိုင်အောင် ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ ပြောလိုက်ပါတယ်။

“အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ရုရှားရဲ့ စကစကို နောက်ကနေ ကျောထောက်နောက်ခံ ပံ့ပိုးနေမှုကိုသော်လည်းကောင်း၊ မင်းအောင်လှိုင်ကို ပူတင်းက နောက်ကနေ ပံ့ပိုးမှုကိုသော်လည်းကောင်း ဘာပဲဖြစ်ဖြစ် ကျမတို့ ဆက်ပြီးတော့ စောင့်ကြည့်ရမယ့်ကိစ္စဖြစ်တယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံဆုံးဖြတ်ချက်မှာတောင် လက်နက်နဲ့ပတ်သက်လို့ရှိရင် ပိတ်ပင်ဖို့ အတွက်တွေကို ဆုံးဖြတ်ချက်က တော်တော်ကြီး ခရီးရောက်နေပြီ။ ဒါပေမဲ့ Sanction ဆိုတဲ့ လုံးဝကို ပိတ်ဆို့တားဆီး အရေးယူတဲ့အဆင့်ကိုရောက်ဖို့ ကျမတို့ ဒီနှစ်မှာ ဆက်ပြီး ကြိုးစားသွားမယ်။”

မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီက ရုရှားနိုင်ငံထုတ် စစ်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ရွာတွေကို မီးရှို့တိုက်ခိုက်တာတွေကြောင့် အရပ်သားတွေသိန်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာပါ။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်း Data For Myanmar ရဲ့ ဩဂုတ်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့မှုကြောင့် အာဏာသိမ်းပြီးချိန်ကနေ ၂ဝ၂၂ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်းနေအိမ် အလုံးပေါင်း ၂၈,၄၃၄ လုံး ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


Original post.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia