06 September 2022
၂၀၁၄ ခုနှစ်က တွေ့ရသည့် ဦးအောင်ဇော်ဦး (ဝဲဘက်)။ (ဓာတ်ပုံ – ဦးစည်သူမောင်)
SSPDF/UG ၏ နာယကဖြစ်သူ ၄၃ နှစ်အရွယ် ဦးအောင်ဇော်ဦး (ခ) မိုဟာမက်ဖွာရူးက်သည် စစ်ကောင်စီ စစ်ကြောရေး၌ ရရှိထားသည့် ဒဏ်ရာများဖြင့် ယနေ့ သေဆုံးသွားသည်။
By Myanmar Now
တောင်ကြီးမြို့ တောင်လေးလုံးအကျဉ်းထောင်တွင် တစ်နှစ်ကြာ အကျဉ်းကျနေသည့် ဦးအောင်ဇော်ဦးသည် ပြီးခဲ့သည့် တစ်ပတ်ခန့်တည်းက ကျန်းမာရေးမကောင်းသဖြင့် စဝ်စံထွန်းဆေးရုံတွင် ကုသမှုခံယူစဥ် ယမန်နေ့ (စက်တင်ဘာ ၆) နံနက်က သေဆုံးသွားသည်ဟု သိရသည်။
ရှမ်းတောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (SSPDF/UG) ၏ နာယကဖြစ်သူ ၄၃ နှစ်အရွယ် ဦးအောင်ဇော်ဦး(ခ)မိုဟာမက်ဖွာရူးက်သည်
“အရင်က စစ်ကြောရေးမှာ ရခဲ့တဲ့ ဒဏ်တွေကြောင့် ဆုံးတာပါ။ (စစ်ကြောရေးတုန်းက) ခြေထောက် နှစ်ချောင်း ကျိုး၊ နံရိုးသုံးချောင်းကျိုး၊ သွားအကုန်ကျွတ်တယ်” ဟု SSPDF/UG အဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီက ဦးအောင်ဇော်ဦးကို ၂၀၂၁ ဩဂုတ် ၅ တွင် ဖမ်းဆီးခဲ့ပြီး ၂၀၂၂ မေတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မဖြင့် ထောင် ၇ နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဦးအောင်ဇော်ဦးသည် မြေအောက်တော်လှန်ရေးလုပ်ငန်းတွင်လည်း ပါဝင်ခဲ့ပုံရကြောင်း၊ ဖမ်းဆီးခံရစဉ်က စကားပြောစက်သာ လက်ဝယ်တွေ့ရှိသည်ဟု သိရကြောင်း သူ၏မိတ်ဆွေ တစ်ဦးဖြစ်သူ ဦးစည်သူမောင်က ပြောသည်။
“(နွေဦးတော်လှန်ရေးမှာ) ကျွန်တော်နဲ့လည်း အဆက်အသွယ်မပြတ်ရှိနေတော့ ကျွန်တော်ကူညီပေးနိုင်တာ ချိတ်ဆက် ပြီး ကူညီပေးခဲ့တာရှိတယ်။ သူက ပရဟိတစိတ်လည်းရှိတယ်။ သူ့ရဲ့ လူငယ်ကွန်ရက်ကလေးနဲ့ ပရဟိတလုပ်နေ တာ ရှိတယ်” ဟု ၂၀၀၇ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးလည်းဖြစ်သည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်က ပြောသည်။
ဦးအောင်ဇော်ဦးသည် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်တွင်လည်း ၎င်းနှင့်အတူတွဲ၍ စေတနာ့ ဝန်ထမ်း လုပ်ခဲ့ဖူးသည်ဟု သူက ဆက်ပြောသည်။
ဦးအောင်ဇော်ဦး၏ ဈာပနကို အစ္စလာမ်ဘာသာဝင် ထုံးစံဖြင့် ယနေ့ ပြုလုပ်ခဲ့ကြောင်း ဦးစည်သူမောင်က ဆက်ပြောသည်။
၂၀၀၇ တွင် ထောင် ၆ နှစ် ချမှတ်ခံရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးအောင်ဇော်ဦးသည် လားရှိုးအကျဉ်းထောင်တွင် ၄ နှစ် နေခဲ့ရပြီး ၂၀၁၂ ခုနှစ်တွင် ပြန်လွတ်လာကြောင်း သိရသည်။
ဦးအောင်ဇော်ဦး၏ ရုပ်အလောင်းကို စျာပနတွင် တွေ့ရစဉ်။ (ဓာတ်ပုံ – ဦးစည်သူမောင်)
CRPH, NUG တို့နှင့် ချိတ်ဆက်ပြီး SSPDF နှင့် Taunggyi PDF ကို ဖွဲ့စည်းခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ သင်တန်းသားများစေလွှတ်ခြင်း၊ ရိက္ခာနှင့် ငွေကြေး ထောက်ပံ့ခြင်း၊ NUG, CRPH တို့၏ အကူအညီဖြင့် CDM ဝန်ထမ်းများကို ငွေကြေးထောက်ပံ့ခြင်း တို့ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီက သူ့ကို စွပ်စွဲထားသည်။
ထိုစဉ်က ဦးအောင်ဇော်ဦးအပါအဝင် ကိုအောင်နိုင်ဖြိုး(ခ)ဖြိုးကြီး၊ စိုင်းဟိန်းထက်ကျော်(ခ)ကျိုင်းကျိုင်း(ခ) စိုင်းစိုင်း၊ ကိုလင်းကိုကို(ခ)သားလေး၊ မဖြူဖြူစံ(ခ)မဖြူ၊ မကေသီစိုးနှင့် မဖြိုးမြတ်သွယ်တို့လည်း ဖမ်းဆီးခံခဲ့ရ ကြောင်း သိရသည်။
၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် ယနေ့အထိ ဦးအောင်ဇော်ဦးအပါအဝင် ပြည်သူ ၂၂၆၆ ဦး စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းများအရ သိရသည်။
ယခုနှစ် နှစ်ဆန်းမှ စတင်၍ ဒေသခံကာကွယ်ရေးအဖွဲ့များလှုပ်ရှားမှုရှိလာသော ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်က အင်အားသုံး ဖိနှိပ်မှုများ ပြုလုပ်နေသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၅ ကလည်း ရွာငံမြို့ပြပြောက်ကျား (YUG) ခေါင်းဆောင်နှင့် တောင်ကြီးမြို့ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ခေါင်းဆောင် နှစ်ဦး ညောင်ရွှေမြို့၌ ဖမ်းဆီးခံခဲ့ရသည်။
ဩဂုတ် ၁၃ တွင်လည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ တဲလုကျေးရွာအနီး စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီတပ်က ခရီးသွားနေသည့် ကျောက်ဆည်ခရိုင် PDF ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုလင်း၊ ၃၃ နှစ်အရွယ် ကိုချစ်ညီအောင်နှင့် နောက်တစ်ဦးတို့ကို သတ်ဖြတ်ခဲ့သည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.