01 September 2022
၂၀၂၁ မန္တလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတစ်ခုတွင် တွေ့ရသော ကိုကျော်သီဟ။ (ဓာတ်ပုံ-CJ)
ဆူပူစေရန်လှုံ့ဆော်သည်၊ စစ်ကောင်စီကို ခုခံနေသူများအား ငွေထောက်ပံ့သည်ဟု စွပ်စွဲ၍ အိုးဘိုထောင်အထူးတရားရုံးက အမြင့်ဆုံးပြစ်ဒဏ်များချလိုက်သည်။
By Myanmar Now
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် မန္တလေးမြို့ခံ ဆန္ဒပြ လူငယ်ခေါင်းဆောင် ကိုကျော်သီဟနှင့် ပရဟိတဆရာဝန် ဒေါက်တာကျော်ကျော်သက်တို့ကို အိုးဘိုထောင်အထူးတရားရုံးက ယမန်နေ့ (ဩဂုတ် ၃၀) တွင် ထောင်ဒဏ်များ ချမှတ်လိုက်သည်။
ယမန်နှစ် ဩဂုတ် ၁၆ ရက်က မန္တလေးတက္ကသိုလ်အနီး စစ်ကောင်စီ၏ ရိုက်နှက်ဖမ်းဆီးမှုကို ခံရသည့် အသက် ၂၀ ကျော်အရွယ် ကိုကျော်သီဟမှာ စစ်ကောင်စီကို ခုံခံနေသူများအား ငွေကြေးထောက်ပံ့သည်၊ ဆူပူစေရန် လှုံ့ဆော်သည်ဟု စွပ်စွဲခံရသူဖြစ်သည်။
အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (ခ) ဖြင့် ထောင် ၇ နှစ်၊ ဆူပူစေရန် လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ – ကဖြင့် ၃ နှစ် သီးခြားစီကျခံရမည်ဖြစ်၍ ကိုကျော်သီဟ၏ ထောင်ဒဏ် စုစုပေါင်းမှာ ၁၀ နှစ်အထိရှိသည်။
“အောင်မြေသာစံမြို့နယ်မှာ ရင်ဆိုင်ဖို့ ၅၀၅-က တစ်မှု ကျန်သေးတယ်။ ကျန်းမာရေးကောင်းမွန်ပါတယ်” ဟု ကိုကျော်သီဟ၏ မိသားစုနှင့် နီးစပ်သူက ပြောသည်။
ယမန်နှစ် ဇူလိုင် ၁၃ရက်တွင် မဟာအောင်မြေမြို့နယ် နေအိမ်၌ ရိုက်နှက်ဖမ်းဆီးခံရသည့် ဒေါက်တာ ကျော်ကျော်သက်ကိုလည်း ယမန်နေ့တွင် စစ်ကောင်စီ၏ အိုးဘိုထောင်အထူးတရားရုံးက အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (ခ) ဖြင့် ထောင် ၇ နှစ်ချသည်။
ဒေါက်တာ ကျော်ကျော်သက်မှာ ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူဖြစ်သည်။ ဖမ်းဆီးမခံရမှအထိ စစ်ကောင်စီ၏ ပညာရေးကို သပိတ်မှောက်သည့် ဆေးတက္ကသိုလ် ကျောင်းသားများကိုလည်း အွန်လိုင်းမှတစ်ဆင့် ဆေးပညာများ ပို့ချပေးခဲ့သည်။
ထို့အပြင် ၎င်းမှာ ကိုဗစ်နိုင်တင်းကပ်ရောဂါ ကာလအတွင်း အွန်လိုင်းမှတစ်ဆင့် ကုသမှုများ ပေးခဲ့သည့် ပရဟိတဆရာဝန်တစ်ဦးလည်းဖြစ်သည်။
“တရားလိုဘက်က အပြစ်ရှိကြောင်း သက်သေအထောက်အထား ဘာမှမပြနိုင်ဘဲ အမိန့်ချလိုက်တာ။ သူတို့စွဲချက် တစ်ခုတည်းနဲ့ပေါ့” ဟု ဒေါက်တာ ကျော်ကျော်သက်၏ သူငယ်ချင်း ဆရာဝန်တစ်ဦးက ပြောသည်။
စစ်ကြောရေးတွင် နှိပ်စက်ခံရသည်ဟု သတင်းထွက်ခဲ့သည့် ဒေါက်တာ ကျော်ကျော်သက်ကို စစ်ကောင်စီက မေ ၉ ရက်တွင် ဆူပူစေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-ကဖြင့် ထောင် ၃ နှစ် ချမှတ်ထားသေးသည်။
ဆန္ဒပြလူငယ် ကိုကျော်သီဟနှင့် ပရဟိတဆရာဝန် ဒေါက်တာ ကျော်ကျော်သက်တို့ နှစ်ဦးစလုံးကို စစ်ကောင်စီက ၎င်းတို့ စွပ်စွဲထားသည့် ပုဒ်မများ၏ အမြင့်ဆုံးပြစ်ဒဏ်များကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
“သူတို့ (စစ်ကောင်စီ) က လုပ်ချင်ရာလုပ်နေတာပဲ။ ဥပဒေဆိုတာလည်း သူတို့ပါးစပ်မှာပါပဲ။ ဒီပုဒ်မနဲ့ ချတဲ့အတွက်လည်း မဖြစ်သင့်ပေမဲ့ ထူးပြီးမအံ့ဩတော့ဘူး။ တစ်နိုင်ငံလုံး ခံစားနေကြရတာ” ဟု ကိုကျော်သီဟ၏ မိသားစုနှင့် နီးစပ်သူက ပြောသည်။
အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့သည့် မန္တလေးတွင် ဆူပူစေရန်လှုံ့ဆော်သည်၊ စစ်ကောင်စီကို ခုခံနေသူများကို ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲ၍ ဖမ်းဆီးခံရသူအများအပြားရှိရာ သံဃာတော်များပင် ပါဝင်သည်။
ပြီးခဲ့သည့် ဇူလိုင် ၈ ရက်ကလည်း သံဃာ ၅ ပါးနှင့် လူ ၃ ဦးကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-ကဖြင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သေးကြောင်း သံဃသမဂ္ဂဆရာတော်များထံမှ သိရသည်။
၎င်းတို့ကို ယမန်နှစ် အောက်တိုဘာက မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်အတွင်း ဆန္ဒပြနေစဉ် လက်နက်ကိုင် ၁၀ ဦးခန့်က အိမ်စီးကား၂ စီးဖြင့်တိုက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ပြည်သူတွေကို ပြောချင်တာက အသက်ပေးသွားရတဲ့ အာဇာနည်တွေ၊ အကျဉ်းထဲမှာ မတရားသဖြင့် ထောင်ကျနေတဲ့ သူရဲကောင်းတွေအတွက် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်ပေးကြဖို့ နှိုးဆော်ချင်တယ်” ဟု သံဃသမဂ္ဂဆရာတော်တစ်ပါးက မိန့်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဩဂုတ် ၃၀ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးတွင် စစ်ကောင်စီ ဖမ်းထားသူ ၁၅,၀၀၀ ကျော်၊ သတ်ဖြတ်ခံရသူ ၂,၀၀၀ ကျော်ရှိသည်ဟု သိရသည်။
ထိုအရေအတွက်နှင့် ပတ်သက်၍ စစ်ကောင်စီထံမှ တုံ့ပြန်မှုမရှိသေးပေ။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.