31 August 2022
သတင်းထုတ်ပြန်ချက်
မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း တုံ့ပြန်ဖြေရှင်းမှုများသည် ဒေသခံဦးဆောင်မှုကို ဗဟိုပြုရမည်
နယ်စပ်အခြေစိုက် ဒေသခံအစီအစဥ်များအတွက် အထောက်အပံ့များ ပိုမိုလိုအပ်နေသည်။
အကူအညီများ ပေးပို့ဖြန့်ဝေရန်အတွက် မြန်မာစစ်အုပ်စုနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းသည် စစ်အုပ်စု၏ နိုင်ငံရေးအစီအစဥ် တရားမဝင်အာဏာသိမ်းရန် ကြိုးပမ်းမှုကို ဆက်လက်ဖော်ဆောင်နိုင်ရေး အတွက် အကူအညီများကို လက်နက်သဖွယ် အသုံးချခွင့် ပေးနေခြင်းပင် ဖြစ်သည်။ ဤသို့ဖြစ်နေသည်ကို ချက်ချင်းရပ်တန့်သင့်ပြီး ထိုအစား မြန်မာနိုင်ငံနယ်စပ်တစ်လျှောက် အခြေစိုက်သည့် အဖွဲ့အစည်းများ အပါအဝင် ဒေသခံ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများအား တိုက်ရိုက် ပံ့ပိုးပေးခြင်းကို နိုင်ငံတကာအသိုင်းအဝိုင်းများအနေဖြင့် အလေးအနက်ထား စဥ်းစားရမည် ဟု ရှေ့ပြေးအသံအဖွဲ့က ဆိုသည်။
ယနေ့ထုတ်ပြန်လိုက်သည့် “ခြောက်သွေ့ဒေသ မီးတိုက်ခံရခြင်း – မြန်မာနိုင်ငံ အပူပိုင်းဒေသရှိ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်း” စာတမ်းတိုတွင် စစ်အုပ်စုက အာဏာသိမ်းရန် ကြိုးပမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံ၏ ‘အပူပိုင်းဒေသ’ ဖြစ်သည့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေး တိုင်းဒေသကြီးတို့အတွင်း မြေပြင်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများနှင့် ဒေသခံတို့၏ တုံ့ပြန်ဆောင်ရွက်မှုများကို မီးမောင်းထိုးတင်ပြထားသည်။
စစ်အုပ်စုနှင့် ၎င်းဖွဲ့စည်းထားသည့် ပျူစောထီး လက်နက်ကိုင်ပြည်သူ့စစ်အဖွဲ့တို့၏ နေရာမလပ်၊ စဥ်ဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ၊ နှင့် ရွာမီးရှို့ဖျက်ဆီးမှု များကြောင့် ပိုမိုဆိုးရွားပြင်းထန်လာနေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ကြီးမားသော ပြည်သူတို့၏ ဒုက္ခခံစားနေရမှုများက ဖြေရှင်းချက်များကို အချိန်မဆိုင်းဘဲ ချက်ချင်း ဖော်ဆောင်ရန် တောင်းဆိုနေလျက်ရှိသည်။
ပြီးခဲ့သည့် နှစ်ပတ်အတွင်း စစ်အုပ်စုသည် စစ်ကိုင်းတိုင်းဒေသကြီးတောင်ပိုင်းရှိ ဒေသခံပြည်သူ အများအပြားကို ဝိုင်းရံပိတ်ဆို့ကာ အိမ်များမီးရှို့ဖျက်ဆီးခြင်း၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ နှင့် ဝေဟင်နှင့်မြေပြင် စစ်ဆင်ရေးများကြောင့် ကြီးမားဆိုးရွားသော ပျက်ဆီးဆုံးရှုံးမှုများကို ဖြစ်စေခဲ့သည်။ ဤလုပ်ရပ်များသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ရာဇဝတ်မှုများ မြောက်သည်။
ရှေ့ပြေးအသံအဖွဲ့၏ ဥက္ကဌ ဒေါ်ခင်ဥမ္မာက “မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေကို လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ ပေးဝေဖို့အတွက် အကြမ်းဖက်စစ်အုပ်စုနဲ့ မိတ်ဖွဲ့ပူးပေါင်းဆောင်ရွက် တာဟာ ဘက်မလိုက်ရေး၊ ကြားနေရေး၊ နဲ့ ‘ဘယ်သူမှ ထိခိုက်နစ်နာမှု မရှိစေရေး” ဆိုတဲ့ မူဝါဒတွေကို ချိုးဖောက်တာဖြစ်တဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အာဆီယံတို့ဟာ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး အကူအညီတွေ ပေးဖို့ကြိုးစားနေတာကို ရပ်တန့်ရပါမယ်။ ဒီအကျပ်အတည်းနဲ့ ကြီးမားတဲ့ ပြည်သူတွေရဲ့ ဒုက္ခခံစားရမှုတွေကို ဖန်တီးခဲ့တဲ့သူတွေဟာ အဖြေရှာတဲ့နေရာမှာ ဘယ်လိုမှ မိတ်ဖက်ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ကုလသမဂ္ဂနဲ့ အာဆီယံတွေအနေနဲ့ မြန်မာနိုင်ငံမှာ လူ့အသက်ကယ်တင်ဖို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ဝန်ဆောင်မှုတွေကိုပေးဖို့ အမှန်တကယ် စိတ်ဆန္ဒ ရှိတယ်ဆိုရင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ရှေ့တန်းကနေ ထဲထဲဝင်ဝင် ထိထိရောက်ရောက် တုံ့ပြန်လုပ်ဆောင်နေတဲ့ ဒေသခံနဲ့ တိုင်းရင်းသား လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းတွေနဲ့ တွဲဖက်အလုပ်လုပ်ပြီး သူတို့ကို အပြည့်အဝ ပံ့ပိုးဖို့လည်း လိုပါတယ်” ဟု ပြောသည်။
“ဒေသခံအဖွဲ့အစည်းတွေဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေတာတောင်မှ နယ်စပ်နယ်မြေဒေသတွေကနေ တစ်ဆင့် အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှာရှိတဲ့ IDP တွေအတွက် ဘဏ္ဍာရေးနဲ့ အသက်ရှင်သန်ရေးဆိုင်ရာ အကူအညီတွေကို အောင်အောင်မြင်မြင် ထောက်ပံ့ပို့ဆောင်ပေးနေကြတယ်” ဟု ၎င်းကဆက်ပြောသည်။
“မြန်မာနိုင်ငံ အပူပိုင်းဒေသက ဝေးလံခေါင်ဖျားတဲ့ နေရာတွေကို ထိရောက်တဲ့ တုံ့ပြန်မှုလုပ်ငန်းတွေ လုပ်ဖို့အတွက်ဆိုရင် အလှူရှင်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတွေအနေနဲ့ ရှိနှင့်ပြီးသားဖြစ်တဲ့ နယ်စပ်ဖြတ်ကျော် အကူအညီပေးပို့မှုတွေကို ပိုမိုအားကောင်းခိုင်မာလာအောင်၊ ပိုများပြားလာအောင် လုပ်ဆောင်တာမျိုး အပါအဝင် ဒေသခံအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်လူထုအဖွဲ့အစည်းတွေကို တိုက်ရိုက်ဘဏ္ဍာငွေအကူအညီ ချပေးပြီး စည်းမျဥ်းကန့်သတ်မှု လိုအပ်ချက်တွေကို ပြုလွယ်ပြောင်းလွယ်ဖြစ်အောင် လုပ်ပေးတာမျိုး ချက်ချင်းလုပ်ဆောင်ဖို့ လိုပါမယ်။ ဒီအတွက်ကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းက AHA စင်တာအပေါ် မှီခိုအားထားနေတာကို ရပ်ဖို့လိုပါတယ်။ AHA စင်တာဟာ အာဆီယံအစိုးရအချင်းချင်းကြား ဖွဲ့စည်းထားတဲ့ ယန္တရားတစ်ခုဖြစ်ပြီးတော့ စစ်အုပ်စုရဲ့ ကိုယ်စားလှယ်ကို အာဆီယံက အဲဒီစင်တာရဲ့ အုပ်ချုပ်ရေးအဖွဲ့ထဲမှာ ဆက်လက်ပါဝင်ခွင့် ပြုနေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် AHA စင်တာကနေတစ်ဆင့် ပေးပို့ဖြန့်ဝေမယ့် အကူအညီတွေက စစ်အုပ်စုရဲ့ ထိန်းချုပ်မှု၊ အမြတ်ထုတ်မှုနဲ့ လက်နက်အဖြစ်အသုံးချမှု တို့ကို ခံနေရမှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းကဆက်ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ လူသားချင်းစာနာထောက်ထားမှုအရေး လုပ်ဆောင်နေသည့်လူငယ် Grace ကလည်း “ကျွန်မတို့ ဒေသခံ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းနဲ့ အရပ်ဘက်လူထုအဖွဲ့အစည်း တွေအနေနဲ့ မြေပြင်မှာ ယိုယွင်းဆိုးရွားလာနေတဲ့ အခြေအနေအပေါ် မြန်ဆန်တဲ့ တုံ့ပြန်မှုလုပ်ငန်းတွေကို ဖော်ဆောင်ခဲ့ကြပါတယ်။ ထိထိရောက်ရောက် လည်ပတ်လုပ်ဆောင်နေတဲ့ ကျွန်မတို့လို ဒေသခံအဖွဲ့တွေက ပြည်တွင်းနဲ့ နိုင်ငံတကာရောက် မြန်မာပြည်သူတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ အသည်းအသန်လိုအပ်နေတဲ့ ပြည်သူတွေအတွက် အသက်ရှင်သန်ရေး အကူအညီနဲ့ ငွေသားအကူအညီတွေကို အချိန်မီ ပံ့ပိုးနိုင်ခဲ့တယ်။ ဒါပေမယ့် ပံ့ပိုးကူညီမှုတွေက အများကြီးလိုနေပါသေးတယ်” ဟု ပြောသည်။
“ဒေသခံတွေဟာ ကျွန်မတို့ကို ယုံကြည်သလို နယ်မြေခံအဖွဲ့တွေအပေါ် မှီခိုအားထားပါတယ်။ ဒါကြောင့်မို့လည်း အကူအညီတွေ အောင်အောင်မြင်မြင် ပေးပို့နိုင်တာပါ။ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေ အပါအဝင် အကူအညီလိုအပ်နေတဲ့ ဒေသတွေဆီ အကူအညီတွေ ရောက်ဖို့အတွက်ဆိုရင် ထိခိုက်လွယ်တဲ့ လူထုအသိုင်းအဝိုင်းတွေရဲ့ လိုအပ်ချက်ကို အမှန်တကယ်နားလည်ပြီး အခြေအနေ အမျိုးမျိုးအပေါ်မှာ ဘယ်လိုပုံစံ မြန်မြန်ဆန်ဆန်နဲ့ အရေးပေါ် တုံ့ပြန်ဆောင်ရွက်သွားမယ် ဆိုတာတွေကို တတ်သိနားလည်တဲ့ ကျမတို့လို ဒေသခံတွေရဲ့ ကျွမ်းကျင်မှုတွေက မရှိမဖြစ် လိုအပ်ပါတယ်” ဟု ၎င်းကဆက်ပြောသည်။
ရှေ့ပြေးအသံအဖွဲ့မှ Jack Musgrave က “UN အေဂျင်စီတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ သွားရောက်မယ့် ဒေသတွေကို စစ်အုပ်စုက ဆက်တိုက်ဆိုသလို ကန့်သတ်ထားပြီး အကူအညီတွေကို ပိတ်ဆို့၊ ဖျက်ဆီး၊ ကန့်သတ်နေချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ အာဆီယံနဲ့ အာဆီယံရဲ့အလုပ်မဖြစ်နေတဲ့ ဘုံသဘောတူညီချက် ငါးရပ်အပေါ်မှာပဲ တာဝန်လွှဲချနေတာဟာ အတော့်ကို လက်မခံနိုင်စရာ ဖြစ်ပါတယ်” ဟု ပြောသည်။
“စစ်အုပ်စုက လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေတဲ့ ဝန်ထမ်းတွေနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ဆက်လက်တိုက်ခိုက်နေချိန်မှာ စစ်အုပ်စုရဲ့လမ်းကြောင်းတွေကနေတစ်ဆင့် အကူအညီတွေ ပေးဝေဖို့ဆိုတာဟာ ဘယ်လိုမှကို မဖြစ်သင့်ပါဘူး။ အကူအညီတွေ ပေးဖို့အရေး စစ်အုပ်စုနဲ့ ပူးပေါင်း ဆောင်ရွက်တာဟာ အလုပ်မဖြစ်စေရုံမကဘူး မြေပြင်ကအခြေအနေကိုလည်း ပိုမိုထိခိုက်နစ်နာစေမှာ ဖြစ်သလို မြန်မာနိုင်ငံတစ်ဝန်းက အပြစ်မဲ့ပြည်သူတွေအတွက် ပဋိပက္ခနဲ့ ကံဆိုးမိုးမှောင်မှုတွေ ပိုမိုကျရောက်လာစေမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆက်ပြောသည်။
စာတမ်းတိုကို ၂၀၂၂ ခုနှစ် မေလမှ ဇူလိုင်လအတွင်း လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၏ သတင်းနှင့် အစီရင်ခံစာများ အပါအဝင် ဒေသခံ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပံ့ပိုးဖြန့်ဝေသူများ၏ သုတေသနမေးခွန်းဖြေဆိုမှုများနှင့် ရှိနှင့်ပြီးသော အချက်အလက်များကို သုတေသနပြုလုပ်ခြင်းမှ ရရှိလာသည့် အချက်အလက်များကို အခြေခံပြီး ရေးသားထားခြင်း ဖြစ်ပါသည်။
ရှေ့ပြေးအသံအဖွဲ့အကြောင်း
ရှေ့ပြေးအသံအဖွဲ့သည် အရပ်ဘက်လူထုအသိုင်းအဝိုင်းအား အခြေပြုကာ လူထုပူးပေါင်းပါဝင်မှုနှင့် လူ့အခွင့်အရေးကို အခြေခံသော မူဝါဒဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေး လုပ်ဆောင်နေသော အဖွဲ့တစ်ခု ဖြစ်ပါသည်။ ထို့အပြင် ရှေ့ပြေးအသံအဖွဲ့သည် အောက်ခြေလူထုတို့၏ အသံများကို မြှင့်တင်ပေးကာ လူ့အခွင့်အရေးအခြေခံသည့် မူဝါဒများ ပေါ်ထွန်းလာရေးအတွက် စည်းရုံးလှုံ့ဆော်ခြင်းဖြင့် ရပ်ရွာလူထုအသိုင်းအဝိုင်း နှင့် မြန်မာနိုင်ငံနှင့်နိုင်ငံတကာ မူဝါဒရေးဆွဲချမှတ်သူများအကြား ပေါင်းကူးသဖွယ် ဆောင်ရွက်ပါသည်။
ဆက်သွယ်ရန်
စောအထွန်း
Media and Communications Officer
[email protected]
PDF ဖိုင်ဖြင့်ရယူရန် မြန်မာဘာသာ ၊ အင်္ဂလိပ်ဘာသာ။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.