ရှစ်လေးလုံး ထီးသပိတ်မှလူငယ် ၂ ဦး ဖမ်းဆီးခံရ

ရှစ်လေးလုံး ထီးသပိတ်မှလူငယ် ၂ ဦး ဖမ်းဆီးခံရ

ထီးသပိတ်လှုပ်ရှားမှုမှာ ပါဝင်သည့်စွပ်စွဲချက်ဖြင့် လူငယ် ၂ ဦး ဖမ်းဆီးခံထားရပြီး ကျန်လူငယ် ၃ ဦး၏ ဓာတ်ပုံများဟု ဆိုကာ စစ်တပ်ဝါဒဖြန့်ချန်နယ်များတွင် ဖော်ပြနေကြသည်

By Myanmar Now

ရန်ကုန်မြို့တွင် နာမည်ကျော် ရှစ်လေးလုံး ထီးသပိတ် လှုပ်ရှားခဲ့သည့် လူငယ် ၂ ဦး ပြီးခဲ့သည့် ဩဂုတ် ၂၀ တွင် ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ်၈ တွင် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၃၄ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့လယ်နှင့် အထင်ကရနေရာများတွင် ၈ ဂဏန်းရေးထားသောထီး ၄ ချောင်းကို လူငယ် ၄ ဦးက ဆောင်းကာ လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုမှ လူငယ် ၂ ဦးကို ဖမ်းဆီးရမိထားကြောင်း “ဟန်ငြိမ်းဦး” အမည်ရှိ စစ်တပ်လော်ဘီ Telegram Channel တွင် ယနေ့ဩဂုတ် ၂၅ နေ့လယ်က ဖော်ပြလာသည်။

ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားဆန္ဒပြပွဲများနှင့် ထီးသပိတ်ပြုလုပ်စဉ်က အသုံးပြုခဲ့သည်ဟု ယူဆရသော စာတန်း၊ ထီး ၄ ချောင်းနှင့် ဖမ်းဆီးခံထားရသည့် လူငယ် ၂ ဦးပုံကို တွေ့ရသည်။

လူငယ်တစ်ဦး၏ ဓာတ်ပုံမှာ ထိုးကြိတ်ရိုက်နှက်ထားသည်ဟု ယူဆရဖွယ်ရှိပြီး မျက်နှာနှင့် အင်္ကျီတွင် သွေးများ ပေစွန်းနေသည်။

ရန်ကုန်မြို့တွင်  ပြောက်ကျားဆန္ဒပြပွဲများ တက်ကြွစွာပြုလုပ်နေသည့် ရန်ကုန်လူထုသပိတ်က ၎င်းတို့အဖွဲ့ဝင်တစ်ဦးနှင့် ဓာတ်ပုံဆရာတစ်ဦး ဖမ်းဆီးခံရသည်ဟု ယနေ့ထုတ်ပြန်သည်။

တာမွေမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့မှ နေအိမ်များကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာ ထိုလူငယ်၂ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ပြီး ကင်မရာ၊ ကွန်ပျူတာနှင့် ငွေကျပ် သိန်း၂၀ ခန့် ယူဆောင်သွားသည်ဟု ရန်ကုန်လူထုသပိတ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးကို စစ်ကြောရေးကို ခေါ်သွားကြောင်း သိရသော်လည်း မည်သည့်စစ်ကြောရေးကို ခေါ်သွားသည်ဆိုသည်ကို မသိရပေ။ ထို့အပြင် ဖမ်းဆီးခံရသည့်လူငယ်များ၏ Telegram အကောင့်များကို စစ်တပ်က ဆက်လက်အသုံးပြုနေကြောင်း သိရသည်။

ဩဂုတ် ၈ ရက်က ရန်ကုန်မြို့တွင် လှုပ်ရှားမှုပြုခဲ့သော ထီးသပိတ်။ (ဓာတ်ပုံ-ရန်ကုန်လူထုသပိတ်)  

ယခုလို သပိတ်လူငယ်များဆက်တိုက်ဖမ်းဆီးခံနေသော်လည်း မြေပြင်ပြောက်ကျားသပိတ်များ အားလျော့သွားနိုင်ချေမရှိဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ၏ ရန်ကုန်ခရိုင်ဥက္ကဋ္ဌ ကိုမြတ်မင်းခန့်က မှတ်ချက်ပြုသည်။

“တစ်ဗိုလ်ကျရင် တစ်ဗိုလ်တက်ရမှာပဲ။ ခေါင်းဆောင်ပေးမယ့်သူတွေမရှိရင် ခေါင်းဆောင်အသစ်တွေ ပေါ်လာမှာပဲ။ ရန်သူက ရန်ငါပြတ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ကလဲ ရန်ငါပြတ်ဖို့လိုတယ်” ဟု သူက ပြောသည်။

သို့သော် ပြောက်ကျားဆန္ဒပြပွဲများ ရက်ဆက်ပြုလုပ်ခြင်းကြောင့် အားနည်းချက်များကို ပြင်ဆင်ချိန်မရဘဲ လူငယ်များ ဆက်တိုက်ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ကိုမြတ်မင်းခန့်က ယူဆသည်။

“တစ်ပွဲပြီးတာနဲ့ နောက်တစ်ပွဲအတွက် တန်းပြင်ကြတော့ ​ရှေ့ပွဲရဲ့ နောက်ဆက်တွဲ ဖြစ်လာတဲ့ ပြဿနာတွေကို ကျွန်တော်တို့က ပြင်ဆင်ဖို့အချိန်မရှိပဲ ​ရှေ့ပွဲကပါသွားတဲ့ အားနည်းချက်တွေရော နောက်ပွဲရဲ့ အားနည်းချက်တွေရော အကုန်ပေါင်းပြီး ရန်သူ( စစ်တပ်) က Information (သတင်းအချက်အလက်) တွေ အများကြီး ရသွားတယ်” ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယပတ်မှစကာ မြို့နယ်အများအပြားတွင် ဧည့်စာရင်းအကြောင်းပြကာ စစ်ကောင်စီတပ်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက လူငယ်များကို ဖမ်းဆီးမှုများပြုလုပ်နေသည်။ စစ်တပ်ဝါဒဖြန့်ချန်နယ်များမှနေ၍  လွတ်နေသည့် ကျန် လူငယ် ၃ ဦး၏ အမည်နှင့် ဓာတ်ပုံများဟု ဆိုကာ ဖော်ပြနေသည်ကိုလည်း တွေ့ရသည်။

ပြီးခဲ့သည့်နှစ် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅ က ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ပြုလုပ်ခဲ့သော ရန်ကုန်လူထုသပိတ်၏ပြောက်ကျားသပိတ်ကို စစ်တပ်က ကားဖြင့် အရှိန်ဖြင့် တရကြမ်းဝင်တိုက်ကာ ဖြိုခွဲဖမ်းဆီးခံခဲ့ရသည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia