22 August 2022
ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအရေးကို ကိုင်တွယ်တဲ့နေရာမှာ အထူးသံတမန်တွေစေလွှတ်ပြီး စေ့စပ်ညှိနှိုင်းဖို့ ကြိုးစားတဲ့နည်းလမ်းဟာ အလုပ်မဖြစ်တဲ့အတွက် ဒီရာထူးကို ရုပ်သိမ်းပြီး အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင် ကိုင်တွယ်ဖို့ မြန်မာ့အရေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်း ၈၀၀ ကျော် စုပေါင်းလက်မှတ်ထိုးပြီး ကုလသမဂ္ဂအထွေထွေညီလာခံကို တိုက်တွန်းလိုက်ပါတယ်။ အခုလိုတောင်းဆိုရတာဟာ မြန်မာနိုင်ငံကို နောက်ဆုံး လာရောက်ခဲ့တဲ့ အထူးသံတမန် မစ္စနိုလင်းဟေဇာဟာ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် အခြားနိုင်ငံရေးအင်အားစုတွေ အားလုံးပါဝင်ရေး အတွက် ကြိုးစားအားထုတ်ခဲ့တာ မရှိဘူးလို့လည်း သုံးသပ်တာလည်းရှိပါတယ်။
ရှေ့လမှာ စတင်ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် စေလွှတ်တဲ့ ကုလသမဂ္ဂရဲ့အထူးကိုယ်စားလှယ် ရာထူးကို ပြန်လည်ရုပ်သိမ်းဖို့ ဆုံးဖြတ်ပြီး မြန်မာနိုင်ငံမှာ တစ်စထက်တစ်စ ဆိုးဝါးလာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းအခြေအနေတွေကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်ဖို့ မြန်မာနိုင်ငံအရေး လုပ်ဆောင်နေတဲ့ အရပ်ဘက် အဖွဲ့အစည်း ၈၆၄ ခုက လက်မှတ်ရေးထိုးတောင်းဆိုကြောင်း မနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ကုလသမဂ္ဂကနေ မြန်မာနိုင်ငံအရေးကို ဖြေရှင်းဖို့ အထူးသံတမန်တွေ စေလွှတ်ပြီး စေ့စပ်ညှိနှိုင်းတဲ့နည်းလမ်းဟာ အလုပ်မဖြစ်တဲ့အကြောင်း အတိတ်က ဖြစ်ရပ်တွေအရ သိနိုင်တဲ့အပြင် နောက်ဆုံးစေလွှတ်တဲ့ ကုလသမဂ္ဂ အထူးသံ မစ္စနိုလင်းဟေဇာရဲ့ခရီးစဉ် ထိရောက်မှုမရှိတာဟာလည်း ဒီနည်းလမ်း အလုပ်မဖြစ်တဲ့အကြောင်း သက်သေပြနေတယ်လို့ ဦးဆောင်တောင်းဆိုတဲ့ Progressive voice အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂအနေနဲ့ အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင် မဖြေရှင်းဘဲ အထူးသံတမန်တွေ စေလွှတ်နေတာဟာ မှားယွင်းတဲ့နည်းလမ်းဖြစ်တယ်လို့ Progressive voice အဖွဲ့က မခင်ဥမ္မာက ပြောပါတယ်။
အခုနှစ် စက်တင်ဘာလမှာ ကုလသမဂ္ဂအထွေထွေညီလာခံ စတင်ကျင်းပပြီး နိုဝင်ဘာလလောက်မှာ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ရာထူးကို နောက်တစ်နှစ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ချက်ချဖွယ်ရှိတဲ့အကြောင်း ဒီရာထူးအတွက် သက်တမ်းတိုးမယ့်အစား လုံးဝရပ်ဆိုင်းဖို့ တောင်းဆိုထားတာ ဖြစ်တယ်လို့ မခင်ဥမ္မာက ပြောပါတယ်။
ဒါ့အပြင် မကြာခင်က မြန်မာနိုင်ငံကို သွားရောက်ပြီး စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တဲ့ လက်ရှိကုလသမဂ္ဂအထူးသံတမန် မစ္စနိုလင်းဟေဇာရဲ့ စွမ်းဆောင်မှုနဲ့ပတ်သက်လို့လည်း ဒေါ်ခင်ဥမ္မာက အခုလို သုံးသပ်ပါတယ်။
“သူလုပ်ရမယ့် အလုပ်တစ်ခုအနေနဲ့ လုပ်တယ်ဆိုတာ ကျွန်မတို့က နားလည်သော်လည်း သူသွားတဲ့အခါမှာ ဟိုမှာ ဆွေးနွေးတဲ့ပုံစံ၊ သူ့ရဲ့ သတင်းထုတ်ပြန်ချက်ကို ကြည့်လိုက်တဲ့ အခါမှာ အားလုံးပါဝင်ရေးဆိုတာကို ပြောထားပေမယ့် အားလုံးပါဝင်ရေးကို လုပ်ချင်တယ်ဆိုရင်တောင် အစကတည်းက အားလုံးကို တန်းတူအသိအမှတ်ပြုပြီး လေးစားမှုရှိရမယ်။ အဲဒီအတွက် ကြေညာချက်ထုတ်ရင် NUG ကိုပါ နာမည်ထည့်ပြီး ထုတ်ရမယ်။ အဲဒီအတွက် သူ မထုတ်ထားဘူး။ အာဏာသိမ်းဖို့ ကြိုးစားနေတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ပွင့်ပွင့်လင်းလင်း မပြောတာကို တွေ့ရတယ်။ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ချင်တယ်ဆိုရင်တောင်မှ ချဉ်းကပ်ပုံ မဟုတ်နေဘူးဆိုတာ ကျွန်မတို့က မြင်တယ်”
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်တွင် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က တွေ့ဆုံခဲ့ကြစဉ်။ (Photo: Myanmar Military)
အမေရိကန်နိုင်ငံ မင်နီဆိုတားပြည်နယ် Carleton College က နိုင်ငံရေးသိပ္ပံပါမောက္ခ ဒေါက်တာထွန်းမြင့်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်ရာထူးကို ရပ်ဆိုင်းသင့်တဲ့အပြင် မြန်မာနိုင်ငံအရေးကို ကိုယ်တိုင်ဝင်ရောက်ဟန့်တားရမယ့် အခြေအနေရောက်နေပြီလို့ သုံးသပ်ပါတယ်။
“ကုလသမဂ္ဂအနေနဲ့ ဒီကိုယ်စားလှယ်ကို ဖြုတ်ပေးဖို့ တောင်းဆိုချက်တွေဟာ မှန်တယ်။ ဖြုတ်ပြီးလို့ရှိရင် ဘယ်လိုနည်းလုပ်ရမလဲ ဆိုရင် လုံခြုံရေးကောင်စီရဲ့နောက်ဆုံးထုတ်ထားတဲ့ Press Release ရှိတယ်။ ကုလအထွေထွေညီလာခံက မင်းအောင်လှိုင်ရဲ့စစ်ကောင်စီကို အသိအမှတ် မပြုနိုင်ကြောင်း Resolution ချထားတယ်။ နောက်ပြီးတော့ ဦးကျော်မိုးထွန်းကိုလည်း မြန်မာပြည်သူလူထုရဲ့ သံအမတ်အနေနဲ့ ဆက်ပြီး ထားတားတယ်။ ဒါတွေက ဘောင်တွေ။ အဲဒီဘောင်တွေကို အကောင်အထည်ဖော်ရမယ်ဆိုရင် UN Charter ရဲ့ အခန်း ၁ နဲ့ အခန်း ၆၊ ၇ တို့ကို အကောင်အထည်ဖော်ရမယ့် အခြေအနေရောက်နေပြီ ဆိုတာရှင်းတယ်။ အခန်း ၇ကတော့ နောက်ဆုံး ဒါဖာတို့၊ ကိုဆိုဗိုတို့ကို ဝင်ပြီး ဟန့်တားတဲ့ အခြေအနေမျိုး အာဏာပေးထားတယ်”
မြန်မာနိုင်ငံမှာ အရင်အစိုးရလက်ထက် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ခံရစဉ်က အလားတူ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ဖို့ နှောင့်နှေးနေခဲ့တဲ့အခြေအနေမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကိုယ်တိုင် လာရောက်ပြီး စစ်ခေါင်းဆောင်တွေ နဲ့ စေ့စပ်ညှိနှိုင်းပေးခဲ့တဲ့ သာဓကရှိခဲ့တဲ့အကြောင်း၊ လက်ရှိမြန်မာနိုင်ငံက အခြေအနေတွေဟာလည်း အလားတူအခြေအနေရောက်နေတဲ့အတွက် ကုလသမဂ္ဂရဲ့အာဏာအရှိဆုံးပုဂ္ဂိုလ် ကိုယ်တိုင်ကိုင်တွယ်ရမယ့် အခြေအနေရောက်နေပြီ ဖြစ်တဲ့အကြောင်း Progressive voice အဖွဲ့က မခင်ဥမ္မာက သုံးသပ်ပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.