21 August 2022
၂၀၂၁ အောက်တိုဘာလက တွေ့ရသော ထားဝယ်ထောင် (ဓာတ်ပုံ – Dawei Watch)
စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် ဆက်စပ်ပြီး ထားဝယ်တွင် ထိန်းသိမ်းခံနေရသည့် အမျိုးသမီး ၆၀ ကျော် ပိတ်ပင်ကန့်သတ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
By Myanmar Now
တနင်္သာရီတိုင်း၊ ထားဝယ်ထောင်တွင် အမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ ဆေးဝါးကုသခွင့် ဆုံးရှုံးနေသည်ဟု သိရသည်။
ထောင်ဆေးရုံရှိဆေးများမှာ နှာစေး၊ ချောင်းဆိုးအတွက်သာ ဖြစ်သည်၊ ပိုမိုပြင်းထန်သည့် ရောဂါများအတွက် ဆေးဝါး ရရှိရန် ထောင်အာဏာပိုင်များထံ အဆင့်ဆင့်စာတင်နေကြရသည်ဟု အကျဉ်းကျခံနေရသည့်အမျိုးသမီးများနှင့် နီးစပ်သည့်အသိုင်းအဝန်းက ပြောသည်။
အကျဉ်းထောင်တွင်း နေရာကျဉ်းလွန်းခြင်းကြောင့် အဝတ်များကို နေထိုင်ရသည့် သမံတလင်းပေါ်တွင်သာ အခြောက်လှန်းရသည်၊ သန့်စင်ခန်းရေမှာလည်း မကြာခဏ ပြတ်တောက်ခြင်းကြောင့် တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ ရောဂါများ ဖြစ်နေကြသည်ဟု သိရသည်။
“အမျိုးသမီးအဆောင်မှာ အဝတ်လှန်းဖို့နေရာမရှိဘူး၊ မရှိတော့ အတွင်းခံတွေကို မိုးတိတ်သွားတဲ့အချိန် သမံတလင်းပေါ်တို့၊ မြေကြီးပေါ်တို့မှာ လှန်းနေရတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ပတ်သက်တဲ့ ယားနာလိုရောဂါတွေ ဖြစ်နေကြတယ်” ဟု ထားဝယ် နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်းဝင်များက ပြောသည်။
အမျိုးသမီးအဆောင်ဘက်မှ သတင်းမှာ အခြားသတင်းများထက် ပြင်ပသို့ ပိုမိုရောက်ရှိလေ့ရှိသဖြင့် ထောင်အရာရှိတို့က နိုင်ငံရေးအမျိုးသမီးအကျဉ်းသားများကို ပိုမိုဖိနှိပ်လေ့ရှိကြောင်း သိရသည်။
“ကြိမ်းမောင်းတာအပြင် ပညာပြတာမျိုးတွေရှိတယ်၊ နောက်တစ်ခုက အထဲမှာရှိတဲ့ တန်းစီးတို့ စည်းကမ်းထိန်းတို့ဆိုရင် နိုင်ငံရေးမှုနဲ့ အမျိုးသမီးတွေကို ပိုပြီးနှိမ့်ချဆက်ဆံတာမျိုးတွေရှိနေတယ်” ဟု နိုင်ငံရေးအကျဉ်းသားများအရေး အကူအညီပေးနေသူတစ်ဦးက ပြောသည်။
ထောင်ဝင်စာတွေ့ခွင့်ကို ကိုဗစ်ကပ်ဘေးကာလကတည်းက ပိတ်ပင်ထားပြီး ကူးစက်မှု လျော့နည်းလာချိန်ရောက်လာပြီ ဖြစ်သော်လည်း အာဏာသိမ်း စစ်ကောင်စီက ဆက်လက် ပိတ်ပင်ထားသည်။
အကျဉ်းထောင်တွင်းအခြေအနေများကို လေ့လာစောင့်ကြည့်နေသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုလည်း အကျဉ်းထောင်များသို့ ဝင်ရောက်စစ်ဆေးခွင့် အလားတူ အကြောင်းပြ ပိတ်ပင်ထားသည်။
ထောင်တွင်းအခွင့်အရေးချိုးဖောက်မှုများကို အမျိုးသမီးအကျဉ်းသူများအနေဖြင့် ပိုမိုချိုးဖောက်ခံနေကြရခြင်းဖြစ်ပြီး အမျိုးသားအကျဉ်းသားများရရှိသည့် ထောင်တွင်းရပိုင်ခွင့်များကို အမျိုးသမီးများက မရရှိဟု ဆိုသည်။
“အမျိုးသမီးအကျဉ်းသူတွေက အမျိုးသားအကျဉ်းသားတွေထက် နေရစားရတာ ပိုပြီးကျပ်တည်းတယ်။ ဖျာတို့ ဘာတို့ ခင်းခွင့်မပေးဘူး။ စောင်ဆိုရင်လည်း အမျိုးသားတွေမှာ စောင်ဆို ကြိုက်သလောက်ထားလို့ရပေမဲ့ အမျိုးသမီးတွေမှာ နှစ်ထည်ထက်ပိုပြီးယူခွင့်မရှိဘူး” ဟု ထားဝယ် နိုင်ငံရေးအကျဉ်းသား စောင့်ရှောက်ရေး အသင်းဝင်က ပြောသည်။
ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသူများကိုလည်း ခိုင်းစေလေ့ရှိကြောင်း၊ လုပ်ရသည့် အလုပ်များထဲတွင် မိလ္လာမြောင်းများ ဆေးကြောရခြင်း၊ အလွန်လေးလံသည့် ထမင်းပုံးများနှင့် ရေပုံးများ သယ်ရခြင်း၊ မိုးသည်းထန်သည့် အချိန်မျိုးတွင် အုတ်နံရံ မှရေညှိဖယ်ရှားရခြင်း စသည့်အလုပ်များ ပါဝင်သည်ဟု သိရကြောင်း သူက ဆက်ပြောသည်။
ထားဝယ်ရှိ နိုင်ကျဉ်းများအနက် ထောင်ဒဏ် အများဆုံး ချမှတ်ခံထားရသူမှာ အခြေခံအထက်တန်းအောင်မြင်အပြီး တက္ကသိုလ်တက်ရောက်ရန် စောင့်ဆိုင်းနေစဉ် အဖမ်းခံရသည့် ၁၉ နှစ်အရွယ် မဆောင်းနှင်းဖြူဖြစ်သည်။
၂၀၂၁ သြဂုတ် ၂၂ တွင် အဖမ်းခံရသည့် ထိုမိန်းကလေးသည် တော်လှန်ရေးအင်အားစုများကို ငွေလှူဒါန်းမှုနှင့် စွဲချက်တင်ခံရကာ ပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသည်။
ထားဝယ်ထောင်တွင် အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် ဆက်စပ်ပြီး အဖမ်းခံရသည့် အမျိုးသား ၂၆၀ ကျော်၊ အမျိုးသမီး ၆၆ ဦး ရှိသည်။
တစ်နိုင်ငံလုံးတွင် အမျိုးသမီးနိုင်ကျဉ်းအရေအတွက် ၂၄၁၄ ဦးထက်မနည်း ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဩဂုတ် ၁၆ မှတ်တမ်းအရ သိရသည်။
စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက် ထားဝယ်သည် ကျောင်းသား၊ လူထုသပိတ်များတွင် ရှေ့ဆုံးမှ ပါဝင်ခဲ့သော မြို့တစ်မြို့ဖြစ်သည်။ ယင်းမြို့၏ လေတပ်စစ်ကြောရေးစခန်းသည် ဖမ်းဆီးခံ ဆန္ဒပြကျောင်းသားလူငယ်များ ဒဏ်ရာပြင်းထန်စွာရရှိသည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့သည်။
ထားဝယ်ထောင်တွင်းအခြေအနေနှင့် ပတ်သက်ပြီး အကျဥ်းဦးစီးဌာန၏ တုံ့ပြန်ချက် ရရှိရန် ကြိုးစားသော်လည်း ထိုဌာန တာဝန်ရှိသူတို့နှင့် ဖုန်းအဆက်အသွယ် မရသေးပေ။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.