၂၀၂၁ မတ်လဆန်းတွင် မန္တလေးတိုင်း၊ တောင်ငူမြို့ စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြသူများနှင့်အတူ တွေ့ရသော ဆရာ၊ ဆရာမများ
BEGSC သပိတ်ကော်မတီက အဖမ်းခံထားရသော ကော်မတီဝင် ဆရာ၊ ဆရာမတချို့၏ နောက်ဆုံးအခြေအနေကို ထုတ်ပြန်ထားသည်၊ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
By Myanmar Now
စစ်တပ်က အာဏာသိမ်းပြီးနောက် အခြေခံပညာကျောင်းဆရာဆရာမ ၂၀၀ ဝန်းကျင်ထက် မနည်းကို ဖမ်းဆီးထားကာ ထိုအထဲမှ ၃ ဦးကို ဆူပူအောင် လှုံ့ဆော်မှု၊ အကြမ်းဖက်မှုပုဒ်မများဖြင့် ဩဂုတ်လ ဒုတိယပတ်တွင်း ရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ ထောင်ဒဏ်များ ချမှတ်လိုက်သည်ဟု သိရသည်။
အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ (BEGSC) က ၎င်းတို့၏ ကော်မတီဝင် အထက်တန်းပြ ကျောင်းဆရာ ဦးနိုင်းသီဟကျော် ဩဂုတ် ၁၇ တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် ထောင် ၅ နှစ် ချခံရသည်ဟု ထုတ်ပြန်ထားသည်။
ဩဂုတ် ၁၁ တွင် အိုးဘိုထောင်တွင်း တရားရုံးက ၂၅ နှစ် အရွယ် ဦးနိုင်းသီဟကျော်ကို နိုင်ငံတော် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သေးသည်ဟု သိရသည်။
ထိုတရားရုံးကပင် ဩဂုတ် ၁၀ တွင် ဆရာ ဦးနောင်ထက်အောင်၊ အထက်တန်းပြ ဆရာ ဦးရန်စိုးပိုင်တို့ကို အထက်ပါပုဒ်မဖြင့် ထောင် ၃ နှစ်စီ ချမှတ်ခဲ့သည်၊ နှစ်ဦးလုံး BEGSC ၏ ဗဟိုကော်မတီဝင်များ ဖြစ်သည်ဟု ဆိုသည်။
ဦးနောင်ထက်အောင်သည် မကြာသေးခင်က အင်းစိန်ထောင်မှ နိုင်ကျဉ်း ၄ ဦး ကွပ်မျက်ခံရမှုအတွက် အစာငတ်ခံ ဆန္ဒပြသောကြောင့် တိုက်ပိတ်ခံထားရသည်ဟု BEGSC မှ ဗဟိုကော်မတီဝင် ဦးနောင်ချိုက ပြောသည်။
ဩဂုတ် ၁ မှ စတင်ပြီး အစာငတ်ခံဆန္ဒပြသူ ဦးနောင်ထက်အောင်ကို ထောင်ဝန်ထမ်းများက ရိုက်နှက်နှိပ်စက်မှုကိုခံခဲ့ရသည်ဟု သူက ဆက်ပြောသည်။
“ရှေ့သွားကျိုးသွားတယ် ခေါင်းကွဲသွားတယ်၊ ကျောမှာလည်း ဝိုင်းရိုက်ထားတဲ့ ဒဏ်ရာတွေရထားတယ်၊ ဆေးကုသခွင့်မရဘူး” ဟု သူက ဆိုသည်။
အိုးဘိုထောင်တွင်း ရှိနေသော BEGSC ဗဟိုကော်မတီဝင် ဒေါ်သက်ဆုလှိုင်လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် ထောင်ချခံရသည်ဟု ဆိုသည်။
ဇွန် ၂၇ တွင် ၂၈ နှစ်အရွယ် အထက်တန်းပြကျောင်းဆရာ ဦးစိုးသူရကျော် ခေါ် ကဗျာဆရာ သာသျှားကို အိုးဘိုထောင်တွင် ပုဒ်မ ၅၂(က) ဖြင့် ထောင် ၅ နှစ်၊ ပုဒ်မ ၅၀၅(က) ဖြင့် ထောင်၃ နှစ် ချမှတ်ခဲ့သည်။ သူသည်လည်း ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဋ္ဌဟောင်း၊ BEGSC ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သည်။
ကျောင်းဆရာများကို မျက်ကွယ်တွင် ထောင်ဒဏ် ချမှတ်မှု၊ ထောင်တွင်း နှိပ်စက်မှုတို့နှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးပမ်းသော်လည်း စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူတို့နှင့် ဖုန်းအဆက်အသွယ် မရသေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်ကောင်စီက ပညာရေးဝန်ထမ်းများကို ဖမ်းဆီးကာ အကြမ်းဖက်မှုဥပဒေပုဒ်မများဖြင့် ထောင်ချနေခြင်းမှာ တော်လှန်ရေးအင်အားစုကို ပုံဖျက်နေခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး စိုင်းခိုင်မျိုးထွန်းက ပြောသည်။
“ဒီလိုလုပ်ရင် သူတို့ (စစ်ကောင်စီ) ရဲ့ မတရားတဲ့လုပ်ရပ်တွေကို ကာကွယ်နိုင်မယ်၊ တော်လှန်ရေးအင်အားစုတွေနဲ့ ထောက်ခံဝန်းရံသူတွေကို အကြောက်တရား သွတ်သွင်းနိုင်မယ်လို့ ပုံသေမှတ်ယူပြီး လုပ်နေတာ” ဟု ၎င်းက ပြောသည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က တိုင်းပြည်အာဏာသိမ်းယူခဲ့သည်ကို ဆန့်ကျင်သည့် အစိုးရဝန်ထမ်းအများအပြား အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ခဲ့သည်။ ထိုအထဲတွင် ပညာရေးဝန်ထမ်းများလည်း တက်ကြွစွာပါဝင်ခဲ့သည်။
အာဏာသိမ်းပြီးနောက် စစ်တပ်ကို ဆန့်ကျင်သည်ဆိုကာ ဖမ်းဆီးခံရသော အခြေခံပညာရေးဝန်ထမ်း ၁၉၇ ဦးရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။ ယင်းအနက် CDM ပြုလုပ်နေစဉ် ကွယ်လွန်သူ၊ စစ်တပ်လက်ချက်ကြောင့် သေဆုံးသူမှာ ၄၉ ဦးရှိသည်ဟု NUG ပညာရေးဒုတိယဝန်ကြီး စိုင်းခိုင်မျိုးထွန်းက Myanmar Now ကို ပြောသည်။
BEGSC က လက်လှမ်းမီသမျှ ကောက်ယူထားသော စာရင်းထဲတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သော အခြေခံဆရာဆရာမ ၁၀၉ ဦး ရှိသည်။ ထိုစာရင်းထဲမှ ၈ ဦးသည် စစ်ကောင်စီ၏ နှိပ်စက်ညှဉ်းပမ်းမှုများကြောင့် သေဆုံးခဲ့ရသည်ဟု BEGSC က ဆိုသည်။ ထိုသူတို့မှာ ကချင်ပြည်နယ်မှ ကျောင်းဆရာ၂ဦး၊ မန္တလေးတိုင်းမှ ကျောင်းဆရာ ၄ ဦး၊ ရန်ကုန်တိုင်းမှ ကျောင်းဆရာမ ၁ ဦး၊ ပဲခူးတိုင်းမှကျောင်းဆရာမ ၁ဦးတို့ ဖြစ်သည်။
ကျောင်းဆရာ ၅၁ ဦး၊ ကျောင်းဆရာမ ၅၈ ဦး ဖမ်းဆီးခံခဲ့ရသည့်အနက် ၁၇ ဦး ပြန်လည်လွတ်မြောက်ခဲ့သည်ဟု အဆိုပါ မှတ်တမ်းအရ သိရသည်။ ထိုစာရင်းတွင် မူလတန်းပြ ဆရာဆရာမများမှာ အများဆုံးဖြစ်သည်။ စစ်ကောင်စီသည် CDM ဆရာဆရာမများကို ရှာဖွေဖမ်းဆီးလျက်ရှိရာ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ရက်သတ္တပတ် တစ်ခုအတွင်းမှာပင် ဆရာ၊ ဆရာမ ၃၀ ထက် မနည်းကို ဖမ်းဆီးခဲ့သည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.