စစ်တပ်ဝင်သည့် ကနီမြို့တွင် ၇၀ ကျော်အမျိုးသမီးနှင့် သမီးဖြစ်သူ အသတ်ခံရ

စစ်တပ်ဝင်သည့် ကနီမြို့တွင် ၇၀ ကျော်အမျိုးသမီးနှင့် သမီးဖြစ်သူ အသတ်ခံရ

ဇန်နဝါရီ ၂၃ ရက်နေ့က နေအိမ် ၂၈ လုံး မီးလောင်သွားသည့် ကနီမြို့နယ် နတ်ကြီးရွာ မြင်ကွင်းတစ်ခု (ဓာတ်ပုံ – ပေးပို့)  

အရပ်သားများကို သတ်ဖြတ်ခြင်းမပြုရန် ကုလကိုယ်စားလှယ် နေပြည်တော်တွင် တောင်းဆိုသည့်နေ့က စစ်တပ်ဝင်သည့် စစ်ကိုင်းတိုင်း ကနီမြို့နယ် ကင်းရွာတွင် အမျိုးသမီး ၂ ဦး သတ်ဖြတ်ခံရသည်။

By Myanmar Now

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ကင်းရွာကို စစ်ကောင်စီတပ်သားများ ရဟတ်ယာဉ်များဖြင့် အင်အားဖြည့်ရောက်ရှိလာအပြီး ၂ ရက်အကြာ ဩဂုတ် ၁၉ တွင် ဒေသခံ သားအမိနှစ်ဦး၏ ရုပ်အလောင်းများ တွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ် ၁၇ တွင် စစ်သားများသည် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီး၊ ရိုးရိုးရဟတ်ယာဉ် ၂ စီးတို့ဖြင့် ရောက်ရှိလာစဉ် ဘေးလွတ်ရာသို့ ရှောင်တိမ်းခြင်း မပြုနိုင်သူများထဲမှ အသက် ၇၀ ကျော်အရွယ် ဒေါ်မြနှစ်၊ သမီးဖြစ်သူ အသက် ၄၀ အရွယ် မမိစိုးတို့ ပါဝင်သည်။

မမိစိုး၏ ရုပ်အလောင်းတွင် မေးစေ့၊ လက်၊ ခြေထောက်တို့ ဒဏ်ရာများ ရရှိထားသည်၊ ဒေါ်မြနှစ်၏ ရုပ်အလောင်းကို အမှိုက်ပုံတစ်ခုတွင် တွေ့ရသည်ဟု ကင်းရွာဒေသခံတစ်ဦးက ဆိုသည်။

“မမိစိုးရဲ့ အမေကြီးက လေဖြန်းထားတော့ သူမပြေးနိုင်ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်ပြနိုင်သော ထိုရွာသားက Myanmar Now ကို ပြောသည်။

မမိစိုး၏ ၂ နှစ်သမီး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဒေသခံတို့က ယနေ့ (ဩဂုတ် ၂၀) တွင် ပြောသည်။

နေရပ်စွန့်ခွာ ထွက်ပြေးကြစဉ် ၇၈ နှစ်အရွယ် ဦးလှတီ အမောဖောက်ကာ ထိုနေ့တွင်ပင် သေဆုံးခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

စစ်ကောင်စီက အိမ်ခြေ ၆၀၀ ကျော်ရှိ ထိုရွာကို မေလ တတိယပတ်က ဝင်ဖျက်ခဲ့ပြီးဖြစ်သည်။

ထိုစဉ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်များ ဝင်ရောက်စီးနင်းရာ အိမ်ခြေ ၂၁၀ ကျော် မီးလောင်ပြီး လူပေါင်း ၁၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။

စစ်ကောင်စီတပ် ချင်းတွင်းမြစ်အတွင်း သွားလာစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီ ရေယာဉ်များကို မြစ်ကြောင်းတစ်လျှောက် စောင့်ကြို တိုက်ခိုက်လေ့ရှိသည်။

ယခုနောက်ပိုင်းတွင်း စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်များကို စစ်ကောက်စီတပ်က ဝင်ရောက်ရာတွင် လေကြောင်း ပိုမို အသုံးပြုလာသည်။

စစ်ကောင်စီတပ်များ၏ လေကြောင်းတိုက်ခိုက်မှုများမလုပ်ရန်နှင့် နေအိမ်များကို မီးမရှို့ရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက အာဏာသိမ်းခေါင်းဆောင်များနှင့် ဩဂုတ် ၁၇ တွင် တွေ့စဉ် ပြောဆိုခဲ့သည်။

အထူးကိုယ်စားလှယ် လာရောက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက ၂၈ မျက်နှာပါ တုံပြန်ချက် ချက်ချင်း ထုတ်ပြန်ရာ သောင်းကျန်းသူများ တည်ရှိရာနေရာသို့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

နေအိမ်များ မီးရှိုမှုနှင့် ပတ်သက်၍မူ ယင်း၏ လက်အောက်ခံ တပ်သားများက ရှို့ခြင်းမဟုတ်ဟု ၂ ကြိမ်တိုင် ငြင်းဆိုထားသည်ကို ထုတ်ပြန်ချက်တွင် တွေ့ရသည်။

သို့သော် ဒေသခံများ၊ ယုံကြည်ရသော လွတ်လပ်သည့် လေ့လာရေးအဖွဲ့များကမူ နေအိမ်မီးရှို့သူများမှာ စစ်ကောင်စီတပ်သားများ ဖြစ်သည်ဟု ဆိုသည်။

မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေး အင်စတီဂျူ (ISP Myanmar) ၏ ဩဂုတ်လ ၁၁ ရက် ထုတ်ပြန်ချက်တွင် နိုင်ငံအဝန်းရှိ ပြည်သူတို့၏ နေအိမ်ပေါင်း ၂၈,၀၀၀ ကို စစ်ကောင်စီတပ်သားများ မီးရှို့ခဲ့ကြကြောင်း ဖော်ပြထားသည်။


Original Post: Myanmar Now

 

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia