16 August 2022
Ko Min Nyi, Ko Zaw Hein, Ko Kyaw Thu Hein, Ko Phyo Ngwe Soe, Ko Min Ko, Ko Thura Tun and Ko Naing Naing (Shwebo Township)
စစ်ကိုင်းတိုင်း၊ ရွှေဘိုတွင် စစ်တပ်က ဖမ်းပြီး ညှဉ်းပန်းကာ သတ်ပစ်ခဲ့သည့် ရုပ်အလောင်းများကို ဩဂုတ် ၁၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့
ရွှေတွင်းသွားသည့် ညီအစ်ကို ၇ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ရာ ထိုအထဲတွင် ကလေး ၂ ဦးလည်း ပါသွားသည်ဟု မိသားစုဝင်နှင့် ဒေသတွင်း သတင်းရင်းမြစ်တို့က အတည်ပြုသည်။
By Myanmar Now
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တွင် စစ်တပ်က ညှဉ်းပန်း သတ်ဖြတ်ခဲ့သည့် အမျိုးသား ၇ ဦးထဲတွင် အသက် ၁၈ နှစ် မပြည့်သေးသူ ၂ ဦးပါဝင်သည်။
သေဆုံးသူများမှာ ရွှေဘိုမြို့နယ်နှင့် ခင်ဦးမြို့နယ်အစပ်ရှိ အိမ်ခြေ ၁၀၀ ခန့်ရှိ ဝန်းကြီးရွာသားများ ဖြစ်ကြောင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ရွှေတွင်းများသို့ အသွား ဩဂုတ် ၁၄ရက်၌ စစ်ကောင်စီက ဖမ်းကာ သတ်ဖြတ်ခဲ့ကြောင်း သေဆုံးသူတို့၏ မိသားစုဝင်နှင့် အခြားသတင်းရင်းမြစ် ၂ ဦးက ပြောသည်။
ဆွေမျိုးများဖြစ်သည့် ၁၄ နှစ်အရွယ် ကိုမင်းညီ၊ ၁၅ နှစ်အရွယ် ကိုဇော်ဟိန်း၊ ၁၉ နှစ်အရွယ် ကိုကျော်သူဟိန်းနှင့် ကိုဖြိုးငွေစိုး၊ အသက် ၂၀ မှ ၂၂ နှစ်အတွင်းရှိ ကိုမင်းကို၊ ကိုသူရထွန်းနှင့် ကိုနိုင်းနိုင်းတို့ဖြစ်သည်။
၆ တန်းကျောင်းသားများဖြစ်သည့် ကိုမင်းညီနှင့် ကိုဇော်ဟိန်းတို့မှာ ညီအစ်ကိုအရင်းများဖြစ်ကြောင်း၊ ကိုမင်းကိုတွင် တစ်နှစ်အရွယ် သမီးလေးတစ်ဦးရှိကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။
“၇ ယောက်လုံးကတော့ အမျိုးတွေချည်းပဲ။ ရွာကနေ လုပ်ငန်းလုပ်ထွက်သွားတာကနေ ဖြစ်သွားတာ။ ကျွန်တော်တို့ရွာက လယ်စိုက်ကြတယ်။ တောင်သူလုပ်ငန်းပြီးတာနဲ့ ရွှေတော သွားကြတာ။ … ကလေးတွေကို ဒီလိုရက်ရက်စက်စက်တော့ မလုပ်သင့်ဘူး” ဟု ၎င်းက ပြောသည်။
အလောင်းများ၏ ခြေထောက်နှင့် လက်တို့တွင် ညိုမည်းဒဏ်ရာများတွေ့ရှိရသလို လည်ပင်း၊ မေးစေ့၊ ဆီးခုံနှင့် ပေါင်တို့တွင် ကျည်ဆန်ရာများရှိနေသည်ဟု ရုပ်အလောင်းကောက်ယူရာတွင် ပါဝင်သည့် ဝန်းကြီးရွာခံ အမျိုးသားက ပြောသည်။
“အလောင်းက သေနတ်ဒဏ်ရာတွေနဲ့။ ပစ်သတ်ထားတာ။ ညိုမည်းပြီးတော့ တော်တော်လေး ရက်ရက်စက်စက်လုပ်ထားတာ။ သူတို့ကို ပစ်ထားတဲ့နေရာက လမ်းမပေါ်ဆိုတော့ သူတို့တွေ (စစ်သားတွေ) လာမယ်၊ မလာမယ် မသိတော့ စိုးရိမ်စိတ်တွေနဲ့ ကောက်ခဲ့ရတာ။ အလောင်းတွေကို ကျကျနန မကြည့်ရဘူး။ တစ်ယောက်ကို သေနတ်ဒဏ်ရာက ၃၊ ၄ ချက်လောက်ရှိမှာပေါ့” ဟု ၎င်းက ပြောသည်။
ထိုသူတို့ကို ရွှေဘို မြို့ပေါ်ရှိ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းအနီး ဖမ်းသွားသော်လည်း ရုပ်အလောင်းများကို မြစ်ကြီးနား ရွှေဘို ကားလမ်းပေါ်ရှိ ခင်ဦးမြို့နယ် ရွာသာရွာအနီးတွင် စစ်ကောင်စီက လာပစ်သွားသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံက ပြောသည်။
“ရွာသာနားက အိမ်ကွင်းတစ်ကွင်းထဲမှာ ပစ်ခဲ့တာ။ အမှန်တကယ်က သူတို့က ရွာမှာ အဆင်မပြေလို့ ရွှေတောကို အလုပ်သွားမဲ့ သူတွေပါ” ဟု ၎င်းက ဆိုသည်။
ရွှေဘိုမြို့မရဲစခန်းကို ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
ရိုက်နှက်၊ နှိပ်စက်ထားသည့် ဒဏ်ရာများ၊ ကျည်ဆန်ရာများရှိနေသည့် ရုပ်အလောင်းများကို ယမန်နေ့ (ဩဂုတ် ၁၅) တွင် ရှာဖွေတွေ့ရှိသည်ဟု အထက်ပါ ပကဖ တာဝန်ခံက ပြောသည်။ အလောင်းများစွန့်ပစ်ထားသည့် နေရာမှာ ရွှေဘိုမြို့နယ်ရှိ အမှတ် ၈၊ စစ်သားစုဆောင်ရေးနှင့် လေ့ကျင့်ရေးတပ်၏ မြောက်ဘက် ၃ မိုင်အကွာတွင်ဖြစ်သည်။
သေဆုံးသူတို့ နေထိုင်သည့် ဝန်းကြီးရွာတွင် လူဦးရေ ၅၀၀ ခန့်နေထိုင်ပြီး တောင်ယာစိုက်ပျိုးရေးရာသီပြီးလျှင် ရွှေတောသို့ သွားရောက်လုပ်ကိုင်လေ့ရှိကြောင်း၊ ၎င်းတို့ရွာတွင် စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီ လက်ချက်ကြောင့် ပထမဆုံး လူသေဆုံးမှုဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် စစ်ကောင်စီက ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ နိုင်ငံအနှံ့ ခုခံနေကြသည်။ ထိုလှုပ်ရှားမှုများအတွင်း တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသော မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ကိုင်းတိုင်းသည်လည်း ထိပ်ဆုံးမှ ပါဝင်သည်။
စစ်ကောင်စီက စစ်ကိုင်းတိုင်းကို လေကြောင်းပါ သုံး၍ တိုက်ခိုက်နေသလို ဒေသခံများကို အစုလိုက်သတ်ဖြတ်မှုများ မကြာခဏကျူးလွန်နေသည်။
ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ငြင်းလေ့ရှိသည်။
Original Post: Myanmar Now
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.