စစ်ကိုင်းက ဓာတ်ပုံဆရာသေဆုံးမှု စုံစမ်းစစ်ဆေးဖို့ ကုလကို RSF တောင်းဆို

August 14th, 2022  •  Author:   Ko Aye Kyaw (Sagaing Region)  •  1 minute read
Featured image

ဓာတ်ပုံဆရာ ကိုအေးကျော်

By BBC Burmese

စစ်ကိုင်းမြို့က စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို မှတ်တမ်းတင်ခဲ့သူဓာတ်ပုံဆရာ ကိုအေးကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားခဲ့ပြီးနောက် နာရီပိုင်းအတွင်းသေဆုံးခဲ့မှုကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေကို နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က တောင်းဆိုလာပါတယ်။

 အသက် ၄၈ နှစ်အရွယ် ကိုအေးကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက် မနက် ၂ နာရီဝန်းကျင်မှာ စစ်ကိုင်းမြို့က သူ့နေအိမ်မှာ စစ်ကား ၆ စီးနဲ့လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရပါတယ်။

 ဖမ်းဆီးခံရပြီး နာရီပိုင်းအကြာ အဲဒီနေ့ နေ့လယ်ပိုင်းမှာတော့ စစ်ကိုင်းဆေးရုံ ရင်ခွဲရုံရောက်နေတဲ့ ကိုအေးကျော်ရဲ့ အလောင်းကို လာထုတ်ဖို့ မြို့နယ်အုပ်ချုပ်ရေးပိုင်းကနေ မိသားစုဝင်တစ်ဦးထံ အကြောင်းကြားခဲ့တာလည်းဖြစ်ပါတယ်။

 လက်ရှိမှာ သီတင်း ၂ ပတ်ကျော်ကြာတဲ့အထိ ကိုအေးကျော်သေဆုံးရတဲ့အကြောင်းရင်း ပျောက်ဆုံးနေတာကြောင့် ဒီဖြစ်ရပ်ကို စုံစမ်းဖော်ထုတ်ဖို့ ကုလအထူးကိုယ်စားလှယ်တွေကို တောင်းဆိုရတာလို့RSF ရဲ့ အာရှ-ပစိဖိတ်ရေးရာ အရာရှိက ပြောပါတယ်။


Original Post: BBC Burmese