11 August 2022
စစ်ကောင်စီတပ်ကို စွန့်ခွာလာသူ နှစ်ဦးက မြိုင် PDF ကို လက်နက်အပ်နှံကြသည်ဟု သိရသည် (ဓာတ်ပုံ – ပေးပို့)
စစ်ကောင်စီကို ပုန်ကန်ကာ လက်နက်အပြည့်အစုံဖြင့် ဘက်ပြောင်းခိုလှုံလာသည့် ရဲနှစ်ဦးသည် ရခိုင်မှာ တာဝန်ကျစဉ် လွန်ခဲ့သည့် ၈ လကတည်းက မြိုင် PDF ထံ ကြိုတင်ဆက်သွယ်ထားကြောင်း သိရသည်။
By Myanmar Now
လက်နက်အပြည့်အစုံဖြင့် ဘက်ပြောင်းခိုလှုံလာသော ဒုတပ်ကြပ်အဆင့်ရှိ ရဲတစ်ဦးနှင့် ရဲတပ်သားတစ်ဦးတို့ကို ငွေကျပ် သိန်း ၁၀၀ စီ ပေးလိုက်ကြောင်း မကွေးတိုင်း၊ မြိုင်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ယနေ့ (သြဂုတ် ၁၁)တွင် သတင်းထုတ်ပြန်သည်။
မြိုင်မြို့နယ်နှင့် နယ်မြေချင်းထိစပ်နေသည့် ပေါက်မြို့နယ် ဇီးပြားရဲစခန်းတွင် တာဝန်ကျသည့် ထိုရဲနှစ်ဦးသည် ယမန်နေ့ မွန်းလွဲပိုင်းက ဘက်ပြောင်းလာခြင်းဖြစ်သည်ဟု မြိုင် PDF တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောသည်။
“ပြီးခဲ့တဲ့ နှစ်လောက်ကတည်းက သူတို့က ဆက်သွယ်တာ။ သူတို့ ပြောင်းတာ၊ ရွှေ့တာ မလုပ်ရသေးလို့ ထိန်းထားရတာ။ ကျွန်တော်တို့အနီးနားရောက်လာတော့ ခေါ်လိုက်တာ။ သူတို့ ရခိုင်မှာ တာဝန်ကျကတည်းက ဆက်သွယ်ထားတာ” ဟု ဗိုလ်လက်ယာက ဆိုသည်။
ပူးပေါင်းလာသူများမှာ အသက် ၃၀ ဝန်းကျင်အရွယ်များဖြစ်ပြီး ၎င်းတို့၏ အသေးစိတ်အချက်အလက်များကို မသိရသေးပေ။
၎င်းတို့နှင့်အတူ G3 ၁ လက်၊ G 4 ၁ လက်၊ ကျည်အတောင့် ၄၇၀၊ လက်ပစ်ဗုံး ၁ လုံး ယူဆောင်လာသည်ဟု သိရသည်။
အဆိုပါ ရဲ ၂ ဦးသည် ရခိုင်ပြည်နယ်မှ မကွေးတိုင်းအတွင်းသို့ လွန်ခဲ့သည့် ၁ လကျော်ကမှ ပြောင်းရွှေ့လာကြသူများ ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၈ လခန့်ကတည်းက မြိုင် PDF ထံ ဆက်သွယ်ထားကြသူများ ဖြစ်ကြောင်း ဗိုလ်လက်ယာက ပြောသည်။
စစ်ကောင်စီတပ်ကို စွန့်ခွာလာသူ နှစ်ဦးက မြိုင် PDF ကို လက်နက်အပ်နှံကြသည်ဟု သိရသည် (ဓာတ်ပုံ – ပေးပို့)
“ရခိုင်မှာကတည်းက ထွက်ချင်တာ။ ပြည်သူတွေက မုန်းနေပြီ။ မလုပ်ချင်တော့ဘူးဆိုပြီး ကျွန်တော့်ကို ဆက်သွယ်ထားတာ ကြာပေါ့” ဟု ဗိုလ်လက်ယာက ပြောသည်။
အဆိုပါ ရဲ ၂ ဦးမှာ ရခိုင်ပြည်နယ်တွင် တာဝန်ကျနေစဉ် ထွက်ပြေးခဲ့ရာ အဖမ်းခံလိုက်ရကြောင်း၊ မကွေးတိုင်းသို့ ပြောင်းရွှေရချိန်တွင် မြိုင် PDF ထံ ပူးပေါင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသူများကဲ့သို့ လက်နက်အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းမည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ငွေကျပ် သိန်း ၇၀ ဆုချီးမြင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း မြိုင် PDF က ယမန်နေ့ (သြဂုတ် ၁၀) တွင် ဖိတ်ခေါ်ထားသည်။
ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အမြင်အမှန်ရကာ ပြည်သူနှင့် ပူးပေါင်းလာကြရန် မြိုင် PDF က ယနေ့ ထုတ်ပြန်အသိပေးထားသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.