အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သူ အများအပြား အကျဉ်းထောင်အတွင်း အခက်အခဲနှင့် ရင်ဆိုင်နေရပြီး ထိုအထဲမှ ကိုယ်ဝန်ဆောင်တို့၏ ခက်ခဲမှုက ပိုမိုကြီးမားနေသည်။
By Myanmar Now
မဲစာရင်း မှားယွင်းမှုအကြောင်းပြကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီသည် ဆန့်ကျင်သူများကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ကာ တရားမဲ့ထင်ရာစိုင်းနေသည့်တိုင် မတရားမှုကို ဆန့်ကျင်ရမည်ဟူသည့် အသိဖြင့် မသီတာ* မကြောက်ရွံ့ခဲ့။ ထိုစဉ်က ကိုယ်ဝန်ရှိနေပြီး အနေအထိုင် ဆင်ခြင်ရမည်ဟု ကျန်းမာရေးအသိ ရှိသော်လည်း ၂၀၂၁ မတ်လ နွေနေပူပူ ဆန္ဒပြပွဲများတွင် အဆက်မပြတ် ပါဝင်ခဲ့ပြီး အာဏာရှင်ကို ဆန့်ကျင်ခဲ့သည်။
၂၀၂၁ မတ်လနှင့် ဧပြီလများတွင် စစ်ကောင်စီကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ နိုင်ငံအနှံ့ အထွတ်အထိပ် ရောက်လာသကဲ့သို့ စစ်ကောင်စီတပ်ကလည်း ဆန္ဒပြသူများကို တရစပ်ဖမ်းဆီးခြင်း၊ အကြမ်းဖက် နှိမ်နှင်းခြင်းတို့ဖြင့် တုံ့ပြန်လာခဲ့သည်။
စစ်ကောင်စီက ဆန့်ကျင်သူများကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဟု အများသိကြသည့် ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးရာတွင် မသီတာလည်း ပါဝင်သွားတော့သည်။ နာမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန်ထောင်သို့ ကိုယ်ဝန်သည် မသီတာ ရောက်သွားချိန်အထိ ကြောက်စိတ်မရှိသေး။ စစ်ဆေးမေးမြန်းမှုများ၊ ပတ်ဝန်းကျင်အသစ်ဖြစ်သည့် ထောင်တွင်း အနိဋ္ဌာရုံများကိုလည်း မတုန်မလှုပ် ခံနိုင်ရည်ရှိခဲ့သည်။ သို့သော် အင်းစိန်ထောင်အတွင်း ကိုယ်ဝန်ဆောင်များ၏ အခြေအနေကို သိရှိသွားချိန် မသီတာ တုန်လှုပ်သွားတော့သည်။
ထောင်တွင်းက ကူရာမဲ့ မိခင်လောင်းများ
ထောင်တွင်းသို့ ကိုယ်ဝန်ဖြင့် ရောက်သွားသည့် မသီတာ မည်သည့်အချိန်တွင် ပြန်လွတ်မည်ကို မှန်းဆမရသည့် အခြေအနေကြောင့် လွယ်ထားရသည့် ကိုယ်ဝန်အတွက် စဉ်းစားလာရတော့သည်။ ထို့ကြောင့် ထောင်တွင်းအခြေအနေကို စုံစမ်းသည်။ ထောင်တွင်းဆေးရုံတွင် တက်ရောက်ကုသမှုခံရသည့် အကျဉ်းသားလူနာများသည် ထောင်နေဘက် မိတ်ဆွေတစ်ဦးဦးကို လူနာပြုစုရန် အနားတွင်ခေါ်ထားခွင့်မရှိပေ။
ကျွန်မတို့ တုံးလုံးလှဲမယ့် ကုတင်တွေဆိုလည်း စာရေးမတွေရဲ့ စာရင်းလုပ်တဲ့နေရာတို့၊ စာရေးမတွေ ထိုင်တဲ့နေရာတို့ (ဖြစ်သွားတယ်)။ လူနာအတွက်ဘာတစ်ခုမှ သူတို့မပေးထားဘူး
“ကျွန်မအကုန်စုံစမ်းထားတာ၊ မွေးပြီးရင် ချက်ချင်းကိုယ့်ဟာကိုယ်ထပြီး ကိုယ့်ရဲ့ဝေယျာဝစ္စ ကိုယ့်ဘာသာကိုယ် လုပ်ရတာ၊ ဘယ်သူ့ကိုမှ အဖော်ခေါ်လို့မရဘူး၊ ပြီးရင် ကိုယ့်ကလေးအနှီးကအစ ကိုယ့်ဟာကိုလျှော်ရတာ၊ ကိုယ်စားမယ့်ဟာ ကိုယ့်ဟာကိုထယူရတာ၊ အဲဒါတွေကိုတွေးပြီး သေအောင်ကြောက်နေတာ” ဟု မသီတာက ဆိုသည်။
ထောင်တွင်းဆေးရုံတွင် အကျဉ်းသား လူနာများအတွက် ထားရှိသည့် အသုံးအဆောင်များကို ထောင်ဝန်ထမ်းများက အသုံးပြုနေသည်ကို မြင်တွေ့လာသည်။
“ကျွန်မတို့ တုံးလုံးလှဲမယ့် ကုတင်တွေဆိုလည်း စာရေးမတွေရဲ့ စာရင်းလုပ်တဲ့နေရာတို့၊ စာရေးမတွေ ထိုင်တဲ့နေရာတို့ (ဖြစ်သွားတယ်)။ လူနာအတွက်ဘာတစ်ခုမှ သူတို့မပေးထားဘူး” ဟု မသီတာက ပြန်ပြောင်းပြောပြသည်။
“ခေါင်းလေးမူးတာ တစ်ခုတည်းနဲ့ အသက်ပါနိုင်တယ် ကိုယ်ဝန်သည်နဲ့ ကလေးဆိုတာ အချိန်မရွေးသေနိုင်တယ်”
အင်းစိန်ထောင်တွင် ကိုယ်ဝန်ဆောင်များကို HIV ပိုးရှိမရှိသာ စစ်ပေးသည်။ မိခင်လောင်းများအတွက် အရေးကြီးသည့် သွေးစစ်ခြင်း၊ ကလေးအနေအထား သိရှိစေရန် ဓာတ်မှန်ရိုက်ခြင်း မရှိသလို သားဖွားမီးယပ် ကျွမ်းကျင်သည့် ဆရာဝန်နှင့်လည်း တိုက်ရိုက်ပြသခွင့်မရကြပေ။
ဖျားနာသည့်အခါ ကုသမှုခံယူနိုင်ရန် ထောင်တွင်းဆေးခန်းသို့ ၁၀ မိနစ်ခန့် လမ်းလျှောက်သွားရသည်။ သို့သော် ထောင်အတွင်း ထီးဆောင်းခွင့် မပေးခြင်းကြောင့် မိုရွာခြင်း၊ နေပူခြင်းစသည့် ရာသီဥတုဒဏ်မှ ကာကွယ်ရန် အဝတ်စ၊ ပလပ်စတစ်စတို့အုပ်ကာ ဆေးခန်းသွားနေကြသည့် လူမမာများကိုလည်း မသီတာ တွေ့မြင်လာရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၂၀၂၂ ခုနှစ် မတ်လက ထုတ်ပြန်သည့် အစီရင်ခံစာတွင် အာဏာသိမ်း စစ်ကောင်စီသည် အကျဉ်းသားများဆေးကုသခွင့်ကို ကန့်သတ်ထားသည်ဟု ထောက်ပြထားသည်။
“ဖြစ်စဉ်အများစုတွင် (အကိုက်အခဲပျောက်ဆေးနှင့် ဖျားနာပျောက်ဆေး) ဘိုင်အိုဂျက်စစ်၊ ပါရာစီတမောနှင့် အိပ်ဆေးများသာ ပေးသည်ကို တွေ့ရသည်” ဟု AAPP က အစီရင်ခံသည်။ နိုင်ငံရေးအရ ဖမ်းဆီးခံထားရသည့် ကိုယ်ဝန်ဆောင်များသည် ကျန်းမာရေးစောင့်ရှောက်မှု ပို၍လိုအပ်သော်လည်း ရာဇဝတ်မှုကျူးလွန်ပြီး ပြစ်ဒဏ်ကျခံရသူများနှင့် တန်းတူပင်ဖြစ်သည်။
အာဟာရရှိအောင်စားရတာတို့ ဘယ်လိုစားရလဲဆိုတဲ့ဟာတွေ ဘာမှမှ သီးသန့်မှမရှိတာ၊ အကုန်ကျွေးတဲ့ဟာ ချဉ်ဟင်းဆိုလည်း ချဉ်ဟင်း၊ မသန့်မရှင်းအရွက်ပေါင်း သောင်းခြောက်ထောင်ကို နွားကျွေးသလိုစင်းပြီးတော့ အရည်ကျဲကျဲ အဲဒါနဲ့ဆိုလည်း စားရတာပဲလေ
အင်းစိန်ထောင်ရှိ အခြားသော အချုပ်ဆောင်အိမ်သာတွင် ရေဘုံဘိုင်ခေါင်းများ ရှိသော်လည်း ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များထားသည့် အဆောင်တွင်မူ ရေပိုက်ခေါင်း တပ်ဆင်ထားခြင်းမရှိပေ။ “ကိုယ်ဝန်က ငါးလကျော်နေပြီ၊ ရေကိုကုန်းပြီးတော့ ပီပါအပြာထဲက အိမ်သာထဲကို ခပ်ထည့်ရတာ” ဟု မသီတာက ပြောသည်။
ကိုယ်ဝန်ဆောင်များကို သီးခြားထောက်ပံ့ခြင်း၊ ဖြည့်စွက်စာ ပေးခြင်းမျိုး မရှိကြောင်း၊ ထောင်တွင်းရှိနေစဉ် စားစရာ မု့န်ခြောက် အနည်းငယ် ပိုရဖူးသည်ကလွဲ၍ မည်သည့် ထောက်ပံ့မှုမျိုးမှမရခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူ အခြားတစ်ဦးကလည်း Myanmar Now ကို ပြောသည်။
“အာဟာရရှိအောင်စားရတာတို့ ဘယ်လိုစားရလဲဆိုတဲ့ဟာတွေ ဘာမှမှ သီးသန့်မှမရှိတာ၊ အကုန်ကျွေးတဲ့ဟာ ချဉ်ဟင်းဆိုလည်း ချဉ်ဟင်း၊ မသန့်မရှင်းအရွက်ပေါင်း သောင်းခြောက်ထောင်ကို နွားကျွေးသလိုစင်းပြီးတော့ အရည်ကျဲကျဲ အဲဒါနဲ့ဆိုလည်း စားရတာပဲလေ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်များကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ၂၀၁၀ မှစ၍ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များအဖြစ် ရေလောင်းအိမ်သာ စနစ်ပြုပြင်ခြင်း၊ အခြေခံ အဆောက်အအုံများ ပြုပြင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေတို့ တိုးတက်ရန် အကူအညီပေးခဲ့သည်။
သို့သော် ကိုဗစ်ရောဂါဖြစ်ပွားနေချိန် ၂၀၂၀ မတ်လမှ ယခုစစ်ကောင်စီ အာဏာသိမ်းသည်အထိ နိုင်ငံအတွင်းရှိ အကျဉ်းထောင်များသို့ ICRC သွားရောက်လေ့လာခွင့် မရတော့ပေ။ “ကျွန်တော်တို့ ဆောင်ရွက်နိုင်တဲ့အရာတွေက အကန့်အသတ်နဲ့ ဖြစ်သွားပါတယ်” ဟု ICRC ဝန်ထမ်းတစ်ဦးက Myanmar Now ကိုပြောသည်။
“အကျဉ်းချခံထားရသူတွေကို ဂုဏ်သိက္ခာရှိရှိ လူသားဆန်စွာ ဆက်ဆံဖို့လိုအပ်ပါတယ်။ သူတို့ရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးကလည်း အရေးကြီးပါတယ် အကျဉ်းကျနေသူတွေကို ဘယ်တော့မှ လျစ်လျူမရှုသင့်ပါ” ဟု ယခုနှစ် ဇူလိုင်လ ၁၇ ရက်တွင် ICRC ကထုတ်ပြန်တောင်းဆိုထားသည်။
စစ်အာဏာရှင်ကို မကြောက်မရွံ့ဆန့်ကျင်ပြခဲ့သော်လည်း ထောင်တွင်းကလေးမွေးရန် ကြောက်ရွံ့နေခဲ့သည့် မသီတာသည် အင်းစိန်ထောင်တွင် ၃ လတာနေခဲ့ရသည်။ ကံကောင်းထောက်မစွာပင် လွတ်ငြိမ်းသက်သာခွင့်နှင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ သို့သော် ထောင်တွင်းရောက် မိခင်လောင်းတိုင်း မသီတာကဲ့သို့ ကံမကောင်းနိုင်ကြပေ။
စံချိန်တင်များသည့် နိုင်ငံရေးအကျဉ်းသား
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံအနှံ့မှ ဆန့်ကျင်သူများကို ပုဒ်မမျိုးစုံတပ်လျက် ဆက်တိုက်ဖမ်းဆီးခဲ့သည်။ AAPP ၏ ဩဂုတ်လ ၁ ရက် ထုတ်ပြန်ချက်အရ နိုင်ငံတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၁၁,၈၅၉ ဦးထက်မနည်း ရှိနေကြောင်း ဖော်ပြထားသည်။
ယခင် အာဏာသိမ်းဗိုလ်ချုပ်ကြီးများလက်ထက်က စာရင်းထက် ၅ ဆခန့် ပိုများနေသည်ကိုတွေ့ရသည်။
ထောင်ပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားများတွင် အမျိုးသမီး ၂,၃၅၈ ဦးပါဝင်သည်ကို AAPP ၏ ယခုနှစ် ဇူလိုင်လကုန်အထိ မှတ်တမ်းတွင် တွေ့ရသည်။ အမျိုးသမီးနိုင်ကျဉ်းမှာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် အများဆုံးဖြစ်သည်။
နိုင်ငံအနှံ့ အကျဉ်းထောင်အသီးသီးတွင် အမျိုးသမီးများအနက် ကိုယ်ဝန်သည်အမျိုးသမီး မည်မျှပါဝင်သည်ကို Myanmar Now က သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပါ။ သို့သော် အကျဉ်းထောင်သို့ ရောက်လာပြီးနောက် ဆီးစစ်ရာမှ ကိုယ်ဝန်ရှိသည်ကို သိရသည့် ဖြစ်ရပ်အချို့လည်းရှိသည်။
ထောင်တွင်းရောက် ကိုယ်ဝန်သည် မိခင်များ
ရန်ကုန်တိုင်းအတွင်းမှ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၆၆၇ ဦးအနက် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသည့် ၂၄ နှစ်အရွယ် မချယ်ရီဘိုကြည်နိုင်လည်း ပါဝင်သည်။ နိုင်ငံကို ဆူပူအုံကြွအောင် သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုခံရပြီး စစ်ကောင်စီက အကျဉ်းချလိုက်ချိန်တွင် မွေးဖွားခါနီး ကိုယ်ဝန်အရင့်မာကြီးနှင့်ဖြစ်သည်။
အင်းစိန်ထောင်အတွင်း မေလ ညသန်းခေါင်ယံအချိန်တွင် မချယ်ရီဘိုကြည်နိုင် မခံမရပ်နိုင်အောင် ဗိုက်နာလာသည်။ ထို့ထက်ပိုလာသည်က သွေးများပင် ဆင်းလာခြင်းကြောင့် ဆေးရုံသို့ ပို့ဆောင်ပေးရန် တောင်းဆိုရတော့သည်။ သို့သော် အချိန် ၃ နာရီကြာမြင့်ပြီးမှ ထောင်အာဏာပိုင်တို့က ထောင်ပြင်ပသို့ ထွက်ခွာခွင့် ပြုလိုက်သည်။
“သူက တော်တော်ဗိုက်နာနေပြီ၊ မွေးလည်းမမွေးနိုင်သေးဘူး ဆိုလို့ရှိရင် အဲဒါမျိုးက အရေးပေါ်အနေနဲ့ ဆေးရုံကိုပို့ကိုပို့ပေးရမှာ၊ အဲလိုမပို့ပေးရင် ကလေးလည်းသေတယ်၊ လူကြီးလည်း သွေးလွန်ပြီးတော့
သေနိုင်တယ်” ဟု ဩစတေးလျနိုင်ငံမှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာယုယုချစ်က Myanmar Now ကိုပြောသည်။
သို့သော် “လူနာတင်ယာဉ်မောင်းရန် စက်ဆီမရှိ” ဟု ထောင်အာဏာပိုင်တို့၏ ပြောစကားကို မချယ်ရီဘိုကြည်နိုင် ကြားသိလိုက်ရချိန်တွင် ဗိုက်နာသည့် ဝေဒနာ၊ သွေးဆင်းနေသည့် အန္တရာယ်တို့ကြောင့် ရုပ်ပိုင်းဆိုင်ရာ ပြိုလဲကျဆင်းနေချိန် စိတ်ပိုင်းဆိုင်ရာပါ ချွတ်ခြုံကျခဲ့ရသည်။ ဝေဒနာကို အလူးအလဲခံပြီးနောက် မိုးလင်းပိုင်းတွင် မြောက်ဥက္ကလာဆေးရုံသို့ ရောက်ရှိသွားခဲ့သော်လည်း ကလေးမှာ ကံမကောင်းခဲ့ရှာပါ။
“ဆရာဝန်တွေပြောတာ အချင်းကွာကျတဲ့ကိစ္စပေါ့နော်၊ အချင်းကွာကျရင် သားအိမ်ထဲမှာ သွေးတွေပြည့်လာပြီး ကလေးက သွေးမွန်းတယ်ပေါ့နော်၊ အဲလိုဖြစ်စဉ်ကြောင့် ကလေးက အပြင်ကိုရောက်လာတဲ့အခါ အသက်ဆက်မရှင်တာ” ဟု မိတ်ဆွေဖြစ်သူ မမြင့်ဦးက Myanmar Now ကိုပြောသည်။ အချင်းကွာကျချိန် အချိန်မီ ဆရာဝန်နှင့်တိုက်ရိုက် ကုသခွင့်ရပါက ကလေးအသက်ရှင်နိုင်သည်ဟု မမြင့်ဦးက မျှော်လင့်သည်။
အဲ့ဒါကြောင့် လက်ရှိခံစားနေရတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လျစ်လျူရှုမထားသင့်ဘူး၊ အမျိုးသမီးတွေ ခံစားနေရတဲ့စိမ်ခေါ်မှုတွေ၊ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ နိုင်ငံတကာသိအောင် လုပ်ဖို့လိုနေပါပြီ
အဆိုပါကလေးငယ်မှာ ယောက်ျားလေးဖြစ်သည်။ ကလေးဖခင်မှာ ပြီးခဲ့သည့်လပိုင်းအတွင်း သေဒဏ်ချမှတ်ခံထားရသူ ကိုအောင်သီဟဟိန်းဖြစ်သည်။ ခင်ပွန်းဖြစ်သူက သေဒဏ်ချမှတ်ခံထားရ၊ သားဦးလေးက သေဆုံး၊ ကိုယ်ကိုယ်တိုင်က နိုင်ငံရေးအကျဉ်းသားဖြစ်နေခြင်းကြောင့် မချယ်ရီဘိုကြည်နိုင်သည် ခေတ်သစ်မပဋာ ဖြစ်နေတော့သည်။
အင်းစိန်ထောင်အတွင်း လူဦးရေ ၂၀၀ မှ ၄၀၀ ခန့်ရှိသည့် အချုပ်ဆောင်များတွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ထဲရောက်လာသူ ၅ ဦးကို ထောင်အာဏာပိုင်တို့က ဆေးမှူးများအဖြစ် ခန့်ထားသည်။ ဆေးထိုးအပ်နှင့် ရင်းနှီးတတ်သည့် ထိုသူများသည် အကျဉ်းသားများ ကျန်းမာရေး အရေးပေါ်အခြေအနေ ပေါ်ပေါက်ပါက အကိုက်အခဲပျောက်ဆေး ပေးခြင်းမှတပါး အခြားလုပ်ဆောင်နိုင်စွမ်းမရှိပေ။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ပုဒ်မ ၅၀၅-ကဖြင့် အမှုရင်ဆိုင်နေရသည့် မဝင်းဝင်းကြူဆိုသူမှာ အင်းစိန်ထောင်အတွင်း မီးဖွားခဲ့သေးသည်။ သူကလေးမှာ ရက်သားအရွယ်တွင် ဖျားနာကာ ဆေးရုံအချိန်မီ မပြနိုင်ခြင်းကြောင့် သေဆုံးသွားခဲ့သည်။ ထိုဖြစ်စဉ်အသေးစိတ်ကို Myanmar Now က ထောင်အာဏာပိုင်များထံ ဆက်သွယ်မေးမြန်း၍ မရသေးပေ။ ထိုကလေးမိခင်မှာ စိတ်ကျန်းမာရေး ထိခိုက်လျက်ရှိပြီး ကုသမှုခံယူရမည့် အခြေအနေရှိသည်ဟု အင်းစိန်ထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။
အကျဉ်းထောင်တွင်း ဒုက္ခများခံစားနေရသည့်အပြင် ကလေးငယ်ပါ အသက်ဆုံးရှုံးခဲ့ရသည့် မိခင်များသည် ရုပ်ပိုင်းဆိုင်ရာတင်မက စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ကာ စိတ်ဒဏ်ရာ အမြင့်ဆုံးအခြေအနေ ထိရောက်ရှိနိုင်သည်ဟု ဆေးပညာရှင်တို့က ထောက်ပြကြသည်။ ထိုသူများသည် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုခံယူရန် အရေးတကြီးလိုအပ်သည်ဟုလည်း ရန်ကုန်မှ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးသူ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
နိုင်ငံ၏ အကျဉ်းထောင်များအတွင်း ကိုယ်ဝန်သည် နိုင်ကျဥ်းများ၊ သားသည်မိခင်များ ရှိနေသည့်အပြင် ဓားစာခံအဖြစ် ထိန်းသိမ်းခံထားရသည့် ကလေး ၆၁ ဦး၊ ဖမ်းဆီးခံခဲ့ရသည့် ကလေး ၁,၄၀၀ ကျော်နှင့် အသက်မပြည့်သေးသည့် နိုင်ကျဉ်း ၂၇၄ ဦးရှိကြောင်းလည်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Thomas Andrews က ဇွန်လ ၂၉ ရက်တွင် အစီရင်ခံသည်။
မြန်မာနိုင်ငံရှိထောင်များသည် ကျန်းမာရေးအတွက် ဆေးကုသမှု လုံလောက်စွာမရခြင်း၊ လူတစ်ဦးအတွက် လုံလောက်သည့် အာဟာရ မထောက်ပံ့နိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာဖိနှိပ်မှုများ ရှိနေခြင်းတို့ကြောင့် ကိုယ်ဝန်ဆောင်နှင့် ကလေးသူငယ်များတွက် မသင့်တော်ဆုံးနေရာဖြစ်သည်ဟု ဒေါက်တာယုယုချစ်က ပြောသည်။
နိုင်ငံရေးအကျဉ်းသားများကို ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမပေးခြင်းသည် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်ဖြစ်သည်ဟု AAPP ၏ အစီရင်ခံစာများတွင် ထောက်ပြထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ကလည်း အာဏာပိုင်များ၏ ကျူးလွန်မှုများနှင့်ပတ်သက်ပြီး မှတ်တမ်းတင်ထားကာ တရားစွဲဆိုနိုင်ရန် ပြင်ဆင်လျက်ရှိသည်ဟု Myanmar Now ကိုပြောသည်။
မြန်မာနိုင်ငံသည် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူညီချက် CEDAW ကို ၁၉၉၇ ခုနှစ်၊ ဇူလိုင်လတွင် သဘောတူ လက်မှတ်ထိုးထားသည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ CEDAW ပါ သဘောတူညီချက်များတွင် အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း၊ မြှင့်တင်ခြင်းတို့ကို သက်ဆိုင်ရာ နိုင်ငံအစိုးရများက လုပ်ဆောင်ရမည်ဟု ပါရှိသည်။
ထို့အပြင် အမျိုးသမီးများကို လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးရမည့်အပြင် ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများကိုလည်း အပြည့်အဝပေးရန် အစိုးရများက တာဝန်ရှိဟုသည် CEDAW တွင် ပြဋ္ဌာန်းထားသည်။
သို့သော် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး လွေးပိုးငယ်က စစ်ကောင်စီသည် အဆိုပါ သဘောတူညီချက်များကို လိုက်နာခြင်းမရှိဟုပြောသည်။
“အဲ့ဒါကြောင့် လက်ရှိခံစားနေရတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လျစ်လျူရှုမထားသင့်ဘူး၊ အမျိုးသမီးတွေ ခံစားနေရတဲ့စိမ်ခေါ်မှုတွေ၊ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ နိုင်ငံတကာသိအောင် လုပ်ဖို့လိုနေပါပြီ” ဟု သူက ပြောလိုက်သည်။
(* သတင်းရင်းမြစ်၏ လုံခြုံရေးအတွက် အမည်လွှဲဖြင့် ဖော်ပြထားပါသည်။)
Original Post: Myanmar Now