နိုင်ငံတစ်ဝန်း အကျဉ်းထောင်များနှင့် နိုင်ငံရေးအကျဉ်းသားအခြေအနေများနှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်

နိုင်ငံတစ်ဝန်း အကျဉ်းထောင်များနှင့် နိုင်ငံရေးအကျဉ်းသားအခြေအနေများနှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်

ရက်စွဲ။  ။ ဩဂုတ်လ ၉ ရက်၊ ၂၀၂၂ ခုနှစ်

လတ်တလောအချိန်ကာလတွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွင်း အခြေအနေများကို ပြင်ပကမ္ဘာမှ မသိရှိစေရန် သတင်းအမှောင်ချထားပြီး လူ့အခွင့်အရေး ချိုးဖောက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများ ဆိုးရွားစွာ ဖြစ် ပေါ် နေကြောင်း သိရှိရသည်။

အကျဉ်းထောင်တွင်း စရဖနှင့် ရဲများဝင်ရောက်၍ စောင့်ကြည့်နေခြင်း

အကြမ်းဖက်စစ်အုပ်စုသည် အကျဉ်းထောင်များအား စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် ရဲများက အကျဉ်းထောင်များအတွင်း ဝင်ရောက်၍ တိုက်ရိုက်စီမံခြင်း ပြုလုပ်နေသည့်အပြင် အကျဉ်းထောင်အတွင်းရှိ သတင်းများ အပြင်သို့ မပေါက်ကြားစေရန် စည်းကမ်းများ အထူးတင်းကြပ်ထား၍ အနီးကပ် စောင့်ကြည့်ခြင်း များပြုလုပ်နေကြောင်းသိရှိရသည်။

ထောင်ဝင်စာ ပိတ်ပင်ခြင်း

ရန်ကုန်၊ အိုးဘို (မန္တလေး) နှင့် အကျဉ်းထောင်အများစုတွင် နိုင်ငံရေးအကျဉ်းသားများအား အကြမ်းဖက်စစ်အုပ်စု အာဏာလုယူပြီးချိန်မှ စ၍ မိသားစုနှင့် ထောင်ဝင်စာတွေ့ခွင့် ပိတ်ထားသည်မှာ ယနေ့တိုင်ဖြစ်သည်။ ထို့ကြောင့် အကျဉ်းသားများမှာ အစားအသောက်နှင့် ဆေးဝါးများ မရရှိဘဲ ပြင်ပနှင့်လည်း အဆက်အသွယ် ဖြတ်တောက် ခြင်း ခံထားကြရသည်။

နိုင်ငံရေးအကျဉ်းသားများအား ထောင်ပြောင်းရွှေ့ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ငွေညှစ်ခြင်း

ယခုလပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသားများအား ထောင်ပြောင်းရွှေ့ခြင်းကိုလည်း ပြုလုပ်လျှက်ရှိသည်။ မုံရွာ အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအား ဇူလိုင်လ နှင့် ဩဂုတ်လတို့တွင် နှစ်ကြိမ်တိုင်တိုင် ထောင် ပြောင်းရွှေ့ခဲ့သည်။ မြင်းခြံ၊ ညောင်ဦး၊ ရွှေဘိုထောင်များသို့ ပြောင်းရွှေ့ကြောင်းသိရှိရသည်။ ဩဂုတ်လ ၅ ရက် နေ့တွင် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်ကို သာယာဝတီထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဖားအံထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၀၀ ခန့် ကို အင်းစိန်ထောင် အပါအဝင် အခြားထောင်များသို့ ရွှေ့ပြောင်းခဲ့သည်။ ထိုသို့ ပြောင်းရွှေ့လာသော နိုင်ငံရေးအကျဉ်းများအနက် ဖားအံ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များကို နေ့စဉ်နဲ့အမျှ ပြင်းထန်စွာ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း သိရ သည်။

မကွေးထောင်တွင်လည်း ဇွန်လအတွင်း နိုင်ငံရေးအကျဉ်းသားများကို နေ့စဉ် အကြောင်းမဲ့ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်။ ထောင်အပြောင်းအရွှေ့ပြုလုပ်ရာတွင် မိသားစုများကို ဆက်သွယ် အသိပေးခြင်းများ မပြုလုပ်ဘဲ သတင်းအမှောင်ချ၍ ထောင်ပြောင်းရွှေ့မှုများကြောင့် မိသားစုဝင်များအနေဖြင့်ရော အကျဉ်းကျခံနေရသူ အနေ ဖြင့်ပါ အခက်အခဲများစွာ ကြုံတွေ့နေရလျက်ရှိသည်။

နိုင်ငံရေးအကျဉ်းသားများကို မိလ္လာထမ်းခိုင်းခြင်း၊ ဆန်အိတ်များထမ်းခိုင်းခြင်းကဲ့သို့ ပင်ပန်းကြမ်းတမ်းသော အလုပ်များ ခိုင်းစေလျက်ရှိသည်။ ထို့အပြင် အကြောင်းမဲ့ အုပ်စုလိုက် ပြင်းထန်စွာ ဒဏ်ရာရရှိသည်အထိ ရိုက်နှက် ခြင်း၊ ရာဇဝတ်အကျဉ်းသားများကို ရိုက်နှက်ရန်ခိုင်းစေခြင်း၊ အကျဉ်းဆောင်အတွင်း အနံ့အသက်ဆိုးဝါးသော မိလ္လာနားတွင် အိပ်စက်ရန် နေရာချထားခြင်း တို့ကိုလည်း ပြုလုပ်လျက်ရှိသည်။ ထိုသို့ မလုပ်ချင်၊ မနေချင်ပါက မည်ရွေ့မည်မျှ ငွေကြေးပေးရမည်ဆိုသည့်  မတရားငွေတောင်းခံမှုများလည်း ရှိနေသည်။

အကျဉ်းထောင်အတွင်း COVID19 ကူးစက်သူ ပိုမိုများပြားလာခြင်း

COVID-19 ကပ်ရောဂါ ကူးစက်ခံနေရသူများ များပြားလာပြီး ဆေးဝါးကုသမှုလုံးဝ မပြုလုပ်ပေးပဲ အခန်းခွဲထား သည်ဟု သိရှိရသည်။ အိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသား ၅၀ ခန့် ကူးစက်ခံနေရပြီး မိသားစုနှင့် တွေ့ခွင့် မရသည့်အတွက် ဆေးဝါးနှင့်အစားအသောက်များ မရရှိဘဲ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၃ ဦးမှာ ဝေဒနာ ဆိုးရွားစွာ ခံစားနေရပြီး အသက် အန္တရာယ် စိုးရိမ်နေရသည်။

အစာငတ်ခံဆန္ဒပြခြင်း

ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးအပါအဝင် ၄ ဦးအား သေဒဏ်စီရင်လိုက်ခြင်း (သတ်ဖြတ်လိုက်ခြင်း)၊ နောက်ထပ် သေဒဏ်ကျအကျဉ်းသားများအား ဆက်လက်၍ ကွပ်မျက်ရန် ရှိကြောင်း အကြမ်းဖက်စစ်အုပ်စု၏ ထုတ်ဖေါ်ပြောဆိုချက်နှင့် ပတ်သက်၍ သေဒဏ်ချမှတ်ခံထားရသော နိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုများ အနေဖြင့် စိုးရိမ်ပူပန်မှုများ မြင့်တက်လာပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ကြီးမားစွာ ဖြစ်ပေါ်ခံစားနေကြ ရသည်။

ထိုအဖြစ်အပျက်၏ နောက်ဆက်တွဲအနေဖြင့် အချို့သော အကျဉ်းထောင်များအတွင်းရှိ နိုင်ငံရေးအကျဉ်းသား များလည်း အစာငတ်ခံဆန္ဒပြလျှက်ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

နိုင်ငံရေးအကျဉ်းသား  ထိုသူများကို ပြင်းထန်စွာရိုက်နှက်ခြင်း၊ တိုက်ပိတ်ပြစ်ဒဏ်များ ချမှတ်နေကြောင်းလည်း သတင်းများဖြစ်ပေါ်နေရာ ထိုသူများ၏ အသက်အန္တရာယ်အား အထူးစိုးရိမ်ရပါသည်။ ထို့ကြောင့် သတင်းအမှန် ကို ထုတ်ဖေါ်ရန် အရေးတကြီး လိုအပ်နေသည်။ အိုးဘိုထောင်တွင် ဩဂုတ်လ ၄ ရက်နေ့တွင် အစာငတ်ခံဆန္ဒပြခဲ့ ကြောင်း ကြားသိရပြီး ဩဂုတ်လ ၅ ရက်နေ့တွင် ထောင်တွင်း သေနတ်သံ ၂ ချက်ထွက်ပေါ်လာသည့်အတွက် အကျဉ်းသားမိသားစုများမှ အလွန်စိုးရိမ်လျက်ရှိသည်။

ထို့ကဲ့သော အကျဉ်းထောင်တွင်း သတင်းအမှောင်ချထားကာ တရားလက်လွတ် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ သတ်ဖြတ်နေမှုများအား မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အနေဖြင့် အပြင်းအထန် ရှုတ်ချကန့်ကွက်ပါသည်။

ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရများ၊ မြန်မာ့နိုင်ငံရေးအခြေအနေ မှတ်တမ်းယူ စောင့်ကြည့်နေသော အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့နှင့် အိမ်နီးချင်း အာဆီ ယံ နိုင်ငံများအနေနှင့်လည်း မြန်မာနိုင်ငံ အကျဉ်းထောင်များ၏ အခြေအနေအမှန်ကို သိရှိခွင့်ရရန် တောင်းဆို ရမည့်အပြင် ထိုသို့ ကြီးမား ကျယ်ပြန့်စွာ ကျူးလွန်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို အမြန်ဆုံးနှင့် အထိရောက်ဆုံး ကာကွယ်၊ အရေးယူကြပါရန် အလေးအနက် တိုက်တွန်းလိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း  

English version.


Download PDF.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia