07 August 2022
၂၀၂၂ ခုနှစ် ဩဂုတ်လ (၇) ရက်နေ့
၂၀၂၂ ခုနှစ် ဩဂုတ်လ (၈) ရက်နေ့တွင် ကျရောက်မည့် (၃၄) နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့တွင် မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ပေးဆပ်တော်လှန်ခဲ့ကြသော တိုင်းရင်းသား ရဟန်းရှင်လူ မိဘပြည်သူ အပေါင်းတို့၏ စွန့်လွှတ်ပေးဆပ်မှုများကို ဂုဏ်ပြုသည့် တစ်ချိန်တည်းတွင် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့်အညီ လူ့အခွင့်အရေးများကို လေးစားလိုက်နာ ကာကွယ် မြှင့်တင်ပေးသော လူ့အခွင့်အရေးကော်မရှင် အသစ်တစ်ရပ် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ရန် အချိန်တန်ပြီ ဖြစ်ကြောင်း လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေး ဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) / CSO Working Group on Independent National Human Rights Institution (Burma/Myanmar)[1] (အတိုကောက် “အလုပ်အဖွဲ့”) နှင့် အောက်တွင်လက်မှတ်ရေးထိုးထားသော မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၃၂ ဖွဲ့တို့က တိုက်တွန်းဆော်ဩလိုက်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်အုပ်စုသည် ၎င်း၏အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း ပြည်သူများအပေါ် စနစ်တကျ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် ထိုးစစ်ဆင်ခြင်းနှင့် မျိုးစုံသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံအနှံ့တွင် နေ့စဥ်ရက်ဆက် ကျူးလွန်နေသည်။ အာဏာသိမ်းရန်ကြိုးပမ်းမှု ရက်ပေါင်း (၅၅၁) ရက် အတွင်းတွင် စစ်အုပ်စုသည် ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူဦးရေ (၂,၀၀၀) ကျော်ကို သတ်ဖြတ်ခဲ့ပြီး အမှန်တကယ်သော ကိန်းဂဏာန်းမှာ ထို့ထက်ပို၍များနိုင်သည်။ ထို့အပြင် ၎င်း၏ ရုပ်သေးတရားရုံးမှ မတရားစီရင်အမိန့်ချမှတ်ထားသော ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ (၄) ဦးကိုလည်း သတ်ဖြတ်ခဲ့သည်။ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုအား ဆန့်ကျင်ကန့်ကွက်သည့် အရပ်သား (၁၁,၉၀၀) ဦးကျော်ကိုလည်း စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းထားသည်။ တစ်ချိန်တည်းတွင် စစ်အုပ်စုသည် တိုင်းရင်းသားဒေသများနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် လေကြောင်းတိုက်ခိုက်မှု၊ ရမ်းသန်းပစ်ခတ်မှု၊ မတရားဖမ်းဆီးမှု၊ ဥပဒမဲ့သတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လုယက်ခိုးယူမှုနှင့် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူများသည် နေ့စဥ်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများနှင့် ရှင်သန်နေထိုင်ရပါသည်။ ထိုနည်းတူစွာပင် လွတ်လပ်စွာ အသက်ရှင်သန်ခွင့်၊ အသက်မွေး ဝမ်းကျောင်းပြုခွင့်၊ သွားလာနေထိုင်ခွင့်နှင့် ဘေးကင်းလုံခြုံခွင့် စသည့်အခြေခံအခွင့်အရေးများလည်း နေ့စဥ်ရက်ဆက် ဆိုးရွားစွာ ချိုးဖောက်ခံနေရပါသည်။ ဤအခြေအနေတွင် မြန်မာပြည်၏ တရားစီရင်ရေး စနစ်သည် စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် လွတ်လပ်တရားမျှတမှု ကင်းမဲ့လျှက်ရှိသဖြင့် ချိုးဖောက်ခံရသော အခွင့်အရေးများအတွက် ပြည်သူများမှ အသိပေး၊ တိုင်တန်း၍ ရနိုင်သော လွတ်လပ်မျှတသည့် ယန္တရားများ လိုအပ်လျှက်ရှိသည်။
၂၀၁၁ ခုနှစ် ဦးသိန်းစိန်ဦးဆောင်သော အရပ်သားတစ်ပိုင်းအစိုးရလက်ထက်တွင် နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနအဖြစ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် (MNHRC) ကို ဖွဲ့စည်းတည်ထောင် ခဲ့သော်လည်း နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ လိုက်နာရမည့် ပါရီအခြေခံမူ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံနှုန်းများနှင့် ကိုက်ညီမှု မရှိခြင်းနှင့် သီးခြားလွတ်လပ်မှု မရှိခြင်းတို့ကြောင့် ယနေ့အချိန်ထိတိုင် နိုင်ငံတကာနှင့် ပြည်တွင်း လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ နှင့် ပြည်သူတို့၏ ယုံကြည်မှု ကင်းမဲ့ခြင်းကို ခံနေရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှစ၍ အရပ်ဘက်လူထုအဖွဲ့အစည်းများက MNHRC အား စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် ၎င်း၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှုတ်ချကန့်ကွက်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း MNHRC အနေဖြင့် ထိုတောင်းဆိုချက်များကို လျစ်လျူရှုကာ စစ်အုပ်စုနှင့် ဆက်လက်ရပ်တည်နေသည်။ ထို့ထက်ပိုဆိုးသည်မှာ MNHRC အဖွဲ့ဝင်များသည် စစ်အုပ်စု၏ ခွင့်ပြုချက်ဖြင့် အကျဉ်းထောင်များသို့ ဟန်ပြစစ်ဆေးမှုများ ပြုလုပ်ကာ အကျဥ်းချခံထားရသည့် နစ်နာသူများအပေါ် ငွေကြေးအမြတ်ထုတ် ချိုးဖောက်မှုများကို ကိုယ်တိုင်ကိုယ်ကျ ကျူးလွန်နေသည်။
ထို့အပြင် MNHRC သည် ဒေသတွင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဖိုရမ်များနှင့် အစည်းအဝေးများတွင် မြန်မာပြည်ကိုယ်စားပြု လူ့အခွင့်အရေးကော်မရှင်အဖြစ် အရှက်တရား ကင်းမဲ့စွာ ဆက်လက်ကိုယ်စားပြု တက်ရောက်နေပြီး စစ်အုပ်စု၏ နိုင်ငံရေး တရားဝင်မှု ရရှိလာရေးအတွက် နိုင်ငံတကာတွင် ဝါဒဖြန့်ချိရေး ယန္တရားအဖြစ် လုပ်ဆောင်နေလျက်ရှိသည်။
MNHRC ၏ ရပ်တည်ချက်၊ လုပ်ရပ်များနှင့် ၎င်း၏တည်ရှိမှုတို့သည် မြန်မာပြည်သူလူထု၏ ဖက်ဒရယ်ဒီမိုကရေစီ အရေးတော်ပုံအား ထိခိုက်ဆုတ်ယုတ်စေပါသည်။ သို့ဖြင့် MNHRC အား နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီ လူ့အခွင့်အရေးများကို အမှီအခိုကင်းကင်း လွတ်လပ်မျှတစွာ ကာကွယ်၊ မြှင့်တင်ပေးနိုင်သည့် နိုင်ငံအဆင့် လူ့အခွင့်အရေးကော်မရှင် အသစ်တစ်ရပ်ဖြင့် အစားထိုးရန် အရေးတကြီး လိုအပ်နေသည်မှာ အထင်အရှားပင် ဖြစ်သည်။ သို့မှသာ နိုင်ငံတကာမျက်နှာစာတွင်လည်း မြန်မာပြည်သူများ၏ လူ့အခွင့်အရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအပေါ် ယုံကြည်ချက်အား အမှန်တကယ် ကိုယ်စားပြုနိုင်မည် ဖြစ်သည်။
ထိုလိုအပ်ချက်အား ဖြည့်ဆည်းရန် ကြိုးပမ်းရာတွင် မိမိတို့ အလုပ်အဖွဲ့က လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းအား ရေးဆွဲပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် NUCC၊ CRPH နှင့် NUG တို့ထံ ပေးပို့တင်သွင်းခဲ့သည်။ မိမိတို့ အလုပ်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် ပြည်ထောင်စု လူ့အခွင့်အရေးကော်မရှင် (Union Human Rights Commission) ပေါ်ပေါက်လာစေရန် ဆက်လက်ကြိုးပမ်းသွားမည်။
NUG အနေဖြင့် MNHRC ကို ဖျက်သိမ်းပြီး ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် အသစ်တစ်ရပ်အား ဖွဲ့စည်းထူထောင်ရန် အောက်တွင်လက်မှတ်ထိုးထားသော မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်းများမှ တောင်းဆိုသည်။ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စစ်အုပ်စု၏ ထောက်တိုင်ဖြစ်သော MNHRC ကို ကန့်ကွက် ရှုတ်ချပြီး လူ့အခွင့်အရေးစံချိန်စံနှုန်းများကို လေးစားလိုက်နာသော နိုင်ငံအဆင့် လူ့အခွင့်အရေးကော်မရှင် အသစ်တစ်ရပ် ပေါ်ပေါက်လာရန်အတွက် ပါဝင်အားဖြည့်ကြပါရန် မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်းများက တိုက်တွန်းလိုက်ရပါသည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
ဤထုတ်ပြန်ချက်ကို နောက်ခံမတူကွဲပြားသည့် မြန်မာနိုင်ငံ အရပ်ဘက်လူထုအဖွဲ့အစည်း ၂၀ ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသည့် လွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) မှ ဦးဆောင်ထုတ်ပြန်ပြီး အောက်တွင်လက်မှတ်ရေးထိုးထားသော မြန်မာအရပ်ဘက် လူထုအဖွဲ့အစည်း ၃၂ ဖွဲ့ တို့မှ ဝိုင်းဝန်းထောက်ခံထားသည်။
ပါဝင်ထောက်ခံလက်မှတ်ထိုးသော အဖွဲ့အစည်းများ
ထပ်မံရရှိထားသော ထောက်ခံလက်မှတ်ပေးပို့သောအဖွဲ့များ
[1] ယခင်အမည်မှာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများအလုပ်အဖွဲ့ ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ လက်ရှိတွင် အလုပ်အဖွဲ့ကို မတူကွဲပြားသော နယ်ပယ်စုံမှ အရပ်ဘက်လူထုအဖွဲ့အစည်း ၂၀ ဖွဲ့တို့ဖြင့် ပါဝင်ဖွဲ့စည်းထားပြီး နိုင်ငံတကာစံနှုန်းဖြစ်သော ပါရီအခြေခံမူနှင့်အညီ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာန အသစ်တစ်ရပ်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်နေသည်။
PDF ဖိုင်ကိုရယူရန် မြန်မာဘာသာ ၊ အင်္ဂလိပ်ဘာသာ
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.