07 August 2022
လီလီယန်/People’s Spring
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို ဖျက်သိမ်းကာ ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် အသစ်တစ်ရပ် ဖွဲ့စည်းထူထောင်ရန် NUG ကို မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၃၃ ဖွဲ့က တောင်းဆိုလိုက်သည်။
ဩဂုတ် ၈ ရက်တွင် ကျရောက်မည့် (၃၄) နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့တွင် ဖက်ဒရယ်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ပေးဆပ်တော်လှန်ခဲ့ကြသော တိုင်းရင်းသား ရဟန်းရှင်လူ မိဘပြည်သူ အပေါင်းတို့၏ စွန့်လွှတ်ပေးဆပ်မှုများကို ဂုဏ်ပြုသည့် တချိန်တည်းတွင် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့်အညီ လူ့အခွင့်အရေးများကို လေးစားလိုက်နာ ကာကွယ် မြှင့်တင်ပေးသော လူ့အခွင့်အရေးကော်မရှင် အသစ်တစ်ရပ် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ရန် အချိန်တန်ပြီဖြစ်ကြောင်း အထက်ပါ အရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်းခြင်းဖြစ်သည်။
MNHRC သည် နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ လိုက်နာရမည့် ပါရီအခြေခံမူ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံနှုန်းများနှင့် ကိုက်ညီမှု မရှိခြင်းနှင့် သီးခြားလွတ်လပ်မှု မရှိခြင်းတို့ကြောင့် ယနေ့အချိန်ထိ နိုင်ငံတကာနှင့် ပြည်တွင်း လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ နှင့် ပြည်သူတို့၏ ယုံကြည်မှု ကင်းမဲ့ခြင်းကို ခံနေရသည်ဟု ထုတ်ပြန်သည်။
အရပ်ဘက်လူထုအဖွဲ့အစည်းများက MNHRC ကို စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် ၎င်း၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှုတ်ချကန့်ကွက်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း MNHRC သည် ထိုတောင်းဆိုချက်များကို လျစ်လျူရှုကာ စစ်အုပ်စုနှင့် ဆက်လက်ရပ်တည်နေသည်။
ထို့ထက်ပိုဆိုးသည်မှာ MNHRC အဖွဲ့ဝင်များသည် စစ်အုပ်စု၏ ခွင့်ပြုချက်ဖြင့် အကျဉ်းထောင်များသို့ ဟန်ပြစစ်ဆေးမှုများ ပြုလုပ်ကာ အကျဉ်းချခံထားရသည့် နစ်နာသူများအပေါ် ငွေကြေးအမြတ်ထုတ် ချိုးဖောက်မှုများကို ကိုယ်တိုင်ကိုယ်ကျ ကျူးလွန်နေသည်ဟု အရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်သည်။
“MNHRC ၏ ရပ်တည်ချက်၊ လုပ်ရပ်များနှင့် ၎င်း၏တည်ရှိမှုတို့သည် မြန်မာပြည်သူလူထု၏ ဖက်ဒရယ်ဒီမိုကရေစီ အရေးတော်ပုံအား ထိခိုက်ဆုတ်ယုတ်စေပါသည်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း စစ်အုပ်စု၏ ထောက်တိုင်ဖြစ်သော MNHRC ကို ကန့်ကွက် ရှုတ်ချပြီး လူ့အခွင့်အရေးစံချိန်စံနှုန်းများကို လေးစားလိုက်နာသော နိုင်ငံအဆင့် လူ့အခွင့်အရေးကော်မရှင် အသစ်တစ်ရပ် ပေါ်ပေါက်လာရန်အတွက် ပါဝင်အားဖြည့်ကြရန် အရပ်ဘက်လူထုအဖွဲ့အစည်းများက တိုက်တွန်းသည်။
အထက်ပါတိုက်တွန်းထုတ်ပြန်ချက်ကို လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေး ဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) / CSO Working Group on Independent National Human Rights Institution (Burma/Myanmar) နှင့် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၃၂ ဖွဲ့တို့က လက်မှတ်ရေးထိုးခဲ့သည်။
ထို့အပြင် အထက်ပါ အလုပ်အဖွဲ့သည် လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းအား ရေးဆွဲပြီး ၂၀၂၁ ဒီဇင်ဘာလ ၆ ရက်တွင် NUCC၊ CRPH နှင့် NUG တို့ထံ ပေးပို့တင်သွင်းခဲ့ကာ ပြည်ထောင်စု လူ့အခွင့်အရေးကော်မရှင် (Union Human Rights Commission) ပေါ်ပေါက်လာစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု ထုတ်ပြန်သည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.