ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင်အသစ် ဖွဲ့စည်းထူထောင်ရန် အရပ်ဖက်အဖွဲ့အစည်းများတောင်းဆို

ရန်ကုန်၊ ဩဂုတ် ၇။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်-MNHRC ကို ဖျက်သိမ်း ပြီး ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် (Union Human Rights Commission) အသစ် ဖွဲ့စည်းထူထောင်ရန် အရပ်ဖက်အဖွဲ့အစည်း ၃၀ ကျော်က ယနေ့ ဩဂုတ်လ ၇ ရက်တွင် တောင်းဆိုလိုက်သည်။

လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေး ဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) CSO Working Group on NHRI Burma-Myanmar နှင့် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၃၂ ဖွဲ့တို့က တောင်းဆိုခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း ပြည်သူများအပေါ် အကြမ်းဖက် ထိုးစစ်ဆင်ခြင်းနှင့် မျိုးစုံသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံအနှံ့တွင် နေ့စဥ်ရက်ဆက် ကျူးလွန်နေသည်။

ယင်းအခြေအနေတွင် မြန်မာပြည်၏ တရားစီရင်ရေး စနစ်သည် စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် လွတ်လပ်တရားမျှတမှု ကင်းမဲ့နေသောကြောင့် ချိုးဖောက်ခံရသော အခွင့်အရေးများအတွက် ပြည်သူများမှ အသိပေး၊ တိုင်တန်း၍ ရနိုင်သော လွတ်လပ်မျှတသည့် ယန္တရားများ လိုအပ်သည်ဟု ဆိုသည်။

MNHRC ကို ၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနအဖြစ် ဖွဲ့စည်းခဲ့သော်လည်း လိုက်နာရမည့် ပါရီအခြေခံမူအပါအဝင် နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့် ကိုက်ညီမှုမရှိခြင်းနှင့် သီးခြားလွတ်လပ်မှုမရှိခြင်းတို့ကြောင့် ယနေ့အချိန်ထိတိုင် နိုင်ငံတကာနှင့် ပြည်တွင်း လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ပြည်သူတို့၏ ယုံကြည်မှုမခံရသည့် အဖွဲ့အစည်းဖြစ်သည်ဟု CSO Working Group on NHRI Burma-Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှုတ်ချကန့်ကွက်ရန် MNHRC အား အရပ်ဘက်လူထုအဖွဲ့အစည်းများက အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း စစ်အုပ်စုနှင့် ဆက် လက်ရပ်တည်နေသလို ဒေသတွင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဖိုရမ်များနှင့် အစည်းအဝေးများတွင် မြန်မာပြည်ကိုယ်စားပြု လူ့အခွင့်အရေးကော်မရှင်အဖြစ် အရှက်တရား ကင်းမဲ့စွာ ဆက်လက်ကိုယ်စားပြု တက်ရောက်နေပြီး စစ်အုပ်စု၏ နိုင်ငံရေး တရားဝင်မှု ရရှိလာရေးအတွက် နိုင်ငံတကာတွင် ဝါဒဖြန့်ချိရေး ယန္တရားအဖြစ် လုပ်ဆောင်နေသည်။

စစ်တပ်သည် အာဏာသိမ်းရန် ကြိုးပမ်းနေစဥ်အတွင်း အရပ်သား ၂,၀၀၀ ကျော်ကိုသတ်ဖြတ်ခြင်း၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ ဒီမိုကရေစီအရေး တတ်ကြွလှုပ်ရှားသူများကို ကွပ်မျက်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင်၊ ရွာလုံးကျွတ်မီးရှို့ခြင်းတို့ကို ကျူးလွန်နေသည်။


Original post.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia