03 August 2022
စစ်ကောင်စီ ထုတ်ပြန်ထားသော ဒေါ်မြင့်မြင့်အေး ပုံ
ရန်ကုန် လှိုင်သာယာမြို့နယ်မှ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် နာမည်ကျော် အင်းစိန်ထောင်တွင် သေဒဏ်ကိုရင်ဆိုင်နေရပြီး စကားပြောခွင့် ပိတ်ပင်ခံထားရသည်။
By Myanmar Now
သူ့နာမည်က ဒေါ်မြင့်မြင့်အေးဖြစ်သည်။ အသက်လေးဆယ်ကျော်အရွယ် အသားခပ်လတ်လတ်၊ အရပ် ငါးပေကျော်ခန့်ရှိသည်။ ခါးအထိရှည်သော သူ့ဆံပင်ကို ကျစ်ဆံမြီးကျစ်ထားတတ်သည်။
သူက ရန်ကုန်၊ အင်းစိန်ထောင်တွင် ရောက်နေပြီး ပြင်ပရှိ သားသမီးသုံးဦးနှင့် မကျန်းမာသည့် ဖခင်အတွက် နေ့စဉ်စိတ်ပူပန်လျက်ရှိသည်။
စစ်ကောင်စီက သူ့ကို လူသတ်မှုဖြင့်စွပ်စွဲပြီး သေဒဏ်ချမှတ်ထားသော်လည်း စိတ်ပျက်အားလျော့သွားခြင်းမရှိဟု ၂၀၂၁ ဧပြီလအတွင်းက ၎င်းနှင့် အင်းစိန်ထောင်တွင်း တွေ့ဆုံခဲ့ပြီး ပြန်လည်လွတ်မြောက် လာသူတစ်ဦးက Myanmar Now ကို ပြောသည်။
“သူ့ပုံစံက အေးအေးချမ်းချမ်းပဲ၊ အရမ်းတုန်လှုပ်နေတဲ့ ပုံစံမရှိဘူး၊ အပြင်အခြေအနေကို သိချင်တဲ့ပုံတော့ရှိတယ်၊ သူ့ကိုထောင်ဝန်ထမ်းတွေက အလွတ်မပေးဘဲ စောင့်ကြည့်နေတာဖြစ်တော့ စကားသိပ်မပြောခဲ့ရဘူး” ဟုအဆိုပါ နိုင်ငံရေးအကျဉ်းသားဟောင်းက ပြောသည်။
အင်းစိန်ထောင်တွင်းနေထိုင်ရပုံ
သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသူ ဒေါ်မြင့်မြင့်အေးသည် စစ်အာဏာသိမ်းပြီး နောက်တစ်လတွင် လှိုင်သာယာမြို့နယ်အတွင်း လူသတ်မှုပုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့်စွပ်စွဲခံရပြီး စစ်ခုံရုံးက သေဒဏ်ချမှတ်ထားသူများထဲမှ တစ်ဦးဖြစ်သည်။
အာဏာသိမ်းပြီးနောက် ရန်ကုန်တွင် လှိုင်သာယာအပါအဝင် မြို့နယ် (၆)မြို့နယ်ကို ညမထွက်ရအမိန့် ကြေညာခဲ့ပြီး အဆိုပါမြို့များမှ ဖမ်းဆီးခံရသူတို့၏ အမှုကို အစစ်အဆေး အမေးအမြန်းမရှိဘဲ စစ်ခုံရုံးက တိုက်ရိုက်ကိုင်တွယ်ကာ ကြီးလေးသောပုဒ်မများဖြင့် အမိန့်ချမှတ် စီရင်လေ့ရှိသည်။
အင်းစိန်ထောင်တွင် ဒေါ်မြင့်မြင့်အေးသည် အစောဆုံး သေဒဏ်ကျခံရသည့် အမျိုးသမီးများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
ဧပြီလသည် နွေရာသီတွင် အပူဆုံးလတစ်လဖြစ်သည်။ အင်းစိန်ထောင်ထဲ၌ပင် ပို၍ပင် ပူလောင်နေသည်။ ၂၀၂၁ ဧပြီလ နွေရက်များသည်လည်း ပူမြဲ တိုင်းပင် ပူလောင်နေခဲ့သည်။
ပေတစ်ရာပတ်လည်ခန့်ရှိသည့် ခြံအတွင်း အခြေခံပညာစာသင်ကျောင်းများတွင်ရှိသော အိမ်သာခန်းများသဖွယ် ထုံးဖွေးဖွေးဖြူသုတ်ထားသည့် အတွဲလိုက် တိုက်ခန်းငယ်လေးများကို မြင်တွေ့ရသည်။
ထိုအခန်းများမှာ အိမ်သာများ မဟုတ်ပေ။ ထိုနေရာသည် နာမည်ဆိုးဖြင့်ကျော်ကြားသော ရန်ကုန် အင်းစိန်အကျဉ်းထောင်၊ အမျိုးသမီးဆောင်အတွင်း ထောင်စည်းကမ်းချိုးဖောက်မှုနှင့် ပတ်သက်ပြီး ပြစ်ဒဏ်ပေးခံရသူများ ချုပ်နှောင်ခံရသည့် ၁၀ တိုက်ဟုခေါ်သော ဆယ်ခန်းတွဲ တိုက်ပိတ်ဆောင်တစ်ခု ဖြစ်သည်။
အုတ်နံရံလေးဘက်ကာရံထားပြီး လူတစ်ယောက်ဝင်ထွက်နိုင်သည့် သံတိုင်တံခါးများတပ်ဆင်ထားသည့် ၈ ပေ ၁၀ ပေခန့်ရှိသည့် အခန်းကျဉ်း ၁၀ ခန်း ရှိသည်။
ထိပ်ဆုံး အခန်းနံပတ် (၁)ထဲတွင် ဒေါ်မြင့်မြင့်အေးကို ထောင်အာဏာပိုင်တို့က ချုပ်နှောင်ပိတ်လှောင်ကာ တံခါးနှစ်ထပ်ပိတ်ထားသည်။
လေဝင်လေထွက်ကောင်းကောင်းမရှိသလို ညအချိန်တွင်လည်း မိုးသောက်ချိန်အလင်းရောင်ကဲ့သို့ ခပ်မှိန်မှိန်မီးရောင်သာရရှိသည်။ နွေသည် ပူလွန်းသဖြင့် ချွေးထွက်များကာ ထိုပိတ်လှောင်ခံရသော အခန်းထဲတွင် နေထိုင်ရသူတို့သည် လေကောင်းလေသန့်မရဘဲ အားအင်ချိနဲ့ နွမ်းလျကာ ပူလောင်အိုက် စပ်မှုကိုသာ အဖော်ပြုနေထိုင်ကြရသည်။
တိုက်ကို စရောက်တော့ သူ့ကိုမတွေ့ဘူး၊ နောက်မှ သူထွက်လာတာတွေ့တာ၊ သူ့ကိုတံခါးမဖွင့်ပေးတာ ထင်တယ်
ထိုအခန်းတွင်း ပုရွက်ဆိတ်အနီများ သွားလာနေတတ်သလို ပိုးဟတ်၊ ပိုးမွှား၊ ခြင်၊ ယင်များလည်းရှိသည်။
တခြားနိုင်ငံရေးအကျဉ်းသားများ သတိထားမိလာ
နေ့လယ်ပိုင်းနှင့် ညနေ ၅နာရီဝန်းကျင်တွင် ဒေါ်မြင့်မြင့်အေး အခန်း ၁ ထဲမှ ထွက်လာပြီး အဝတ်အစား ထုတ်လှမ်းခွင့်ရသည်။ တခြားသော အကျဉ်းသူတို့က တစ်နေ့လုံးအခန်းပြင် ထွက်ခွင့်ရသော်လည်း ၎င်းမှာ တစ်နေ့လျှင်တစ်ကြိမ် အဝတ်ထွက်လှမ်းချိန် ငါးမိနစ်ခန့်သာ အခန်းပြင်ထွက်ခွင့်ရသည်။
အခြားအခန်းမှ အကျဉ်းသူတို့ အပြင်မထွက်သည့် အချိန်များတွင်သာ သူ့ကို ထောင်အာဏာပိုင်တို့က အခန်းတံခါးဖွင့်ပေးလေ့ရှိသည်။ တခြားအကျဉ်းသူတို့နှင့် စကားပြောခွင့်မရပေ။ အခန်းပြင် ပေးမထွက်သည့်အပြင် ဒေါ်မြင့်မြင့်အေး လိုအပ်သည်များ ပြောပြရာတွင် ၎င်းကို ထောင်အာဏာပိုင်တို့က ငြူစူအော်ဟစ်တတ်ကြသေးသည်။
ထောင်တွင်း သီးခြားနှိပ်ကွပ်ခံရသူများထဲတွင် ဒေါ်မြင့်မြင့်အေး ပါဝင်သည်ဟု နိုင်ကျဉ်းဟောင်းတစ်ဦးက ပြောသည်။
“တိုက်ကိုစရောက်တော့ သူ့ကိုမတွေ့ဘူး၊ နောက်မှ သူထွက်လာတာတွေ့တာ၊ သူ့ကို တံခါးမဖွင့်ပေးတာထင်တယ်” ဟု ပြန်လည်လွတ်မြောက်လာသော ထိုအမျိုးသမီးက Myanmar Now ကို ပြောသည်။
ထိုခြံဝန်းအတွင်း နံနံပင်၊ ချဉ်ပေါင်၊ ပူဒီနံ၊ ငရုတ်သီး၊ ကန်စွန်းကဲ့သို့ သီးပင်စားပင်တချို့ကို မြင်တွေ့နိုင်သည်။ အစိမ်းရောင်မြက်ခင်းကိုလည်း ဟိုတစ်စဒီတစ်စ တွေ့ရတတ်သည်။
သူက သေဒဏ် ချခံရပေမယ့် တကယ်သတ်ပစ်လို့ မရဘူး၊ မသေဘူး တစ်နေ့အိမ်ပြန်ရမယ်လို့ မျှော်လင့်ထားပုံရတယ်
အကျဉ်းကျနေသူတစ်ဦးအဖို့ ရှားရှားပါးပါး မြင်တွေ့ခွင့်ရသည်များဖြစ်သည့် ထိုမြင်ကွင်းများ၊ ကောင်းကင်ပြာနှင့် ဖြတ်သန်းသွားသော ကျေးငှက်သာရကာများကို ကြည့်နိုင်ခြင်းများ၊ နေဝင်နေထွက်ချိန်ကို မြင်ရခြင်းများနှင့် လေကောင်းလေသန့် ရှူရခြင်း စသည့် အခွင့်အရေးများကို ဒေါ်မြင့်မြင့်အေး ရံဖန်ရံခါသာ ရတတ်သည်။
သေဒဏ်ချမှတ်ခြင်းသည် အလွန်အကျွံ နှိပ်ကွပ်ခြင်းဖြစ်သည်ဟု ၎င်းက တိုက်ကိုရောက်လာသော ဖမ်းဆီးခံ ဘဝတူများကို ပြန်ပြောပြခဲ့ဖူးသည်။
“ကျွန်မကို ဒလန်ကို သတ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ သေဒဏ်ပေးထားတာ၊ ဖမ်းတုန်းက အိမ်ကမိသားစု ငါးယောက်လုံးကို ဖမ်းတာ၊ ယောက်ျားလေးတစ်ယောက်ပါတယ်၊ သူက စစ်ဆေးရင်း စစ်ကြောရေးမှာပဲ ဆုံးသွားတယ်” ဟု ဘဝတူများကို ဒေါ်မြင့်မြင့်အေး ပြောပြခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးပြီးနောက် မိသားစုဝင်အမျိုးသားတစ်ဦးသေဆုံးခဲ့ကာ ၎င်းအပါအဝင် လေးဦးသေဒဏ်ကျခံရသည်ဟု နားလည်ရသည်။
အဝတ်လှန်းချိန် ရံဖန်ရံခါ ကြုံရဆုံရခိုက် ဘဝတူ အကျဉ်းသားတို့ကို လေသံတိုးတိုးဖြင့် စကားခပ်သွက်သွက်ပြောပြကာ ရင်ဖွင့်လေ့ရှိသည်။ ထိုအခွင့်အရေးမျိုး နှစ်ကြိမ်ခန့်သာ ရပြီးနောက် ထောင်အာဏာပိုင်တို့က မြင်တွေ့သွားသည့်အတွက် ရှားရှားပါးပါးရရှိထားသည့် ၎င်း၏ ငါးမိနစ် အပြင်ထွက် ခွင့်ဆုံးရှုံးသွားတော့သည်။
စစ်ကောင်စီ ထုတ်ပြန်ထားသော ဒေါ်မြင့်မြင့်အေး ပုံ
“သူက သေဒဏ် ချခံရပေမယ့် တကယ်သတ်ပစ်လို့ မရဘူး၊ မသေဘူး တစ်နေ့အိမ်ပြန်ရမယ်လို့ မျှော်လင့်ထားပုံရတယ်” ဟု ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးက ပြောသည်။
သေဒဏ်ချမှတ်ခံထားရသည့် ဒေါ်မြင့်မြင့်အေးသည် မိသားစုနှင့်အဆက်အသွယ်ရလိုသည့် ဆန္ဒရှိနေသည်။
အခုသေဒဏ်တွေကို တကယ်ကြိုးပေးတယ်ဆိုတော့ သူ့ပဲပြေးမြင်တယ်၊ ခဏလေးတွေ့ခဲ့ရပေမယ့် သူ့အကြောင်းတွေးတိုင်း စိတ်မကောင်းဖြစ်တယ်
၎င်းအခန်းပြင်ထွက်ရသည့် ညနေစောင်းများတွင် ဘဝတူအကျဉ်းသူများ အခန်းရှေ့မှ ဖြတ်သွားစဉ် သူနေကောင်းကျန်းမာကြောင်း၊ အားတင်းထားရမည်ဖြစ်ကြောင်း တို့ကို လက်အမူအရာဖြင့် ပြောပြလေ့ရှိသဖြင့် သူနှင့်ဆုံတွေ့ခဲ့သော နိုင်ငံရေးအကျဉ်းသားတို့က မှတ်မှတ်ရရဖြစ်နေခဲ့သည်။
ဘဝတူ အကျဉ်းသားများက ၎င်း၏ မိသားစုအခြေအနေများ သိနိုင်ရေးအတွက် အဆင့်ဆင့်ကူညီစုံစမ်းရန် ကြိုးပမ်းနေကြစဉ် ဒေါ်မြင့်မြင့်အေး တိုက်နံပတ် ၁ ထဲမှ ပျောက်ဆုံးသွားသည်။ ထောင်ဝန်းအတွင်း ရှိအကျဉ်းခန်းတစ်ခုသို့ ပြောင်းရွှေ့ခံလိုက်ရသည်ဟု ယူဆသည့်ဘဝတူ အကျဉ်းသားတို့က ထောင်ဝန်ထမ်းတို့ကို မေးမြန်းသော်လည်း သတင်းအစအန မရတော့ပေ။
“အခုသေဒဏ်တွေကို တကယ်ကြိုးပေးတယ်ဆိုတော့ သူ့ပဲပြေးမြင်တယ်၊ ခဏလေးတွေ့ခဲ့ရပေမယ့် သူ့အကြောင်းတွေးတိုင်း စိတ်မကောင်းဖြစ်တယ်” ဟု ပြန်လည် လွတ်မြောက်လာသော အထက်ပါ နိုင်ငံရေးအကျဉ်းသားတစ်ဦးက ပြောလိုက်သည်။
ထင်ရှားသည့် နိုင်ငံရေးသမား ဦးကျော်မင်းယု(ခ) ကိုဂျင်မီနှင့် လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊လှိုင်သာယာမြို့နယ်မှ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးကို သေဒဏ်စီရင်ပြီးစီးကြောင်း ဇူလိုင် ၂၅ ရက်တွင် စစ်ကောင်စီက အတည်ပြုပြီးဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇူလိုင်လ ၂၈ ရက် စာရင်းအရ မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း စစ်ကောင်စီတရားရုံးတို့က သေဒဏ်ချထားသူ ၇၆ ဦးရှိကြောင်း၊ ဖမ်းမမိ၍ မျက်ကွယ်သေဒဏ် ချထားသူ ၄၂ဦးရှိကြောင်း သိရသည်။
ထိုအထဲမှ ၁၈ နှစ်အောက်နှစ်ဦးမှာ ကလေးသူငယ်တရားရုံးသို့ ပြောင်းရွှေ့၍ အမှုကိုပြန်လည် ရင်ဆိုင်နေရကြောင်း၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သေဒဏ်မှ ထောင်တစ်သက်သို့ စစ်ကောင်စီက ပြန်လည်သတ်မှတ် ခဲ့ကြောင်း AAPP က ထုတ်ပြန်ထားသည်။
နိုင်ကျဉ်းတို့ကို ကွပ်မျက်ခြင်းမပြုရန် ဝိုင်းဝန်းတားဆီးနေသည့်ကြားမှ သတ်ဖြတ်လိုက်ခြင်းကြောင့် နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်သော်လည်း ဥပဒေနှင့် ထိုက်သင့်သည့် ပြစ်ဒဏ်စီရင်ခြင်းသာဖြစ်ကြောင်း စစ်ကောင်စီက တုံ့ပြန်ထားသည်။
ရန်ကုန်အင်းစိန်ထောင်တွင် တစ်ဦးတည်းသေဒဏ်လေးကြိမ်၊ သုံးကြိမ်၊ နှစ်ကြိမ်ကျခံနေရသူများရှိသည်။ သေဒဏ်စီရင်မှုများဆက်လုပ်မည်ဖြစ်ကြောင်း အယူခံဝင်ခွင့်၊ အသနားခံခွင့်များရှိကြောင်းလည်း စစ်ကောင်စီ ပြန်ကြားရေးအရာရှိက ဘီဘီစီသတင်းဌာနကို ပြောထားသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးရှိပြည်သူများ၏ဘဝ ဇောက်ထိုးမိုးမျှော်ဖြစ်ကာ ခံစားနေကြရသလို အင်းစိန်ထောင်တွင်လည်း အမျိုးမျိုး ကန့်သတ်ပိတ်ပင်ခံထားရသည့်၊ သေဒဏ် အမိန့်ချခံထားရသည့် ဒေါ်မြင့်မြင့်အေးသည် မရေရာသည့် နေ့ရက်များကို တရွေ့ရွေ့ ဆက်လက်ဖြတ်ကျော်နေသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.