သေဒဏ်ကန့်ကွက်သူ နိုင်ကျဉ်း ၂ ဦး အင်းစိန်တွင် တိုက်ပိတ်ခံထားရ

သေဒဏ်ကန့်ကွက်သူ နိုင်ကျဉ်း ၂ ဦး အင်းစိန်တွင် တိုက်ပိတ်ခံထားရ

၂၀၂၁ ဇွန် ၃၀ ရက်နေ့က တွေ့ရသော ရန်ကုန်၊ အင်းစိန်ထောင် မြင်ကွင်းတစ်ခု (ဓာတ်ပုံ – EPA)   

နိုင်ငံရေးအကျဉ်းသားများ ကွပ်မျက်ခံရမှုကို ကန့်ကွက်သည့် အင်းစိန်ထောင်တွင်းသပိတ်တွင် ပါဝင်သူ ၂ ဦး အမှောင်တိုက်ထဲ ပို့ခံရပြီး တချို့မှာ အဆောင်ပြောင်းခံထားရသည်ဟု သိရသည်။

By Myanmar Now

သေဒဏ်ပေးမှုကို ကန့်ကွက်သည့် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂ ဦး ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခံနေရပြီး တချို့လည်း အဆောင်ပြောင်းခံထားရသည်ဟု အင်းစိန်ထောင်သို့ ဝင်ထွက်နေသူများနှင့် နီးစပ်သူထံမှ သိရသည်။

ထောင်ဝန်ထမ်းတို့က သူတို့ ၂ ဦးကို   အလင်းရောင်နှင့် လေဝင်လေထွက်မရှိသလောက်နည်းပါးသော တိုက်ခန်းကျဥ်းများထဲတွင် ပိတ်လှောင်ထားသည်ဟု ဆိုသည်။

“ရိုက်ခံထားရတာတော့ သိတယ်၊ (ဩဂုတ် ၂) မနေ့က သူ့ရုံးချိန်း ရုံးမထွက်လာဘူး၊ လောလောဆယ်တော့ တိုက်ထဲမှာလို့သိရတယ်” ဟု အဆိုပါ နီးစပ်သူက Myanmar Now ကို ပြောသည်။

အကျဉ်းသားများအတွက် အသုံးအဆောင်ပစ္စည်းများကို ထောင်အာဏာပိုင်တို့က  ထောင်တွင်းဈေးတွင် ရောင်းချလေ့ရှိသည်။   ဓမ္မာရုံဆောင်ဟုခေါ်သော အမျိုးသားဆောင်မှ နိုင်ငံရေးအကျဉ်းသား ၆ ဦးက ထိုဈေးမှမဝယ်ဘဲနေသည့်နည်းဖြင့်  ကွပ်မျက်မှုကို ကန့်ကွက်ကြောင်း ဖော်ပြခဲ့ကြသည်။

တိုက်ပိတ်ခံထားရသူတို့မှာ လူငယ်တစ်ဦး၊ အသက် ၅၀ ကျော်အရွယ်အမျိုးသားတစ်ဦးတို့ ဖြစ်သည်ဟု   စုံစမ်းသိရသည်။

ထင်ရှားသည့် နိုင်ငံရေးသမား ဦးကျော်မင်းယု(ခ)ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ လှိုင်သာယာမြို့နယ်မှ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ ကွက်မျက်ခံရသည်ကို သိရှိပြီးနောက် အင်းစိန်ထောင်အတွင်း ကန့်ကွက်သည့် လှုပ်ရှားမှု စတင်ခဲ့ခြင်းဖြစ်သည်။

ထောင်တွင်း ဆန့်ကျင်နိုင်သည့် အနည်းငယ်သော နည်းလမ်းများအနက် ထောင်တွင်းစျေးဆိုင်ကို အားမပေးခြင်း၊ ထောင်တွင်း ပျော်ပွဲရွှင်ပွဲများတွင် မပါဝင်ခြင်း၊  ထောင်အာဏာပိုင်တို့နှင့် မပူးပေါင်းခြင်း စသည့် နည်းလမ်းတို့ကို သုံးနေခြင်းဖြစ်သည်ဟု သိရသည်။

ဇူလိုင်လ ၃၀ ရက်နေ့ကလည်း အင်းစိန်ထောင်တွင်းရှိ နိုင်ကျဥ်းများက အချက် ၆ ချက် ထုတ်ပြန် တောင်းဆိုထားသည်။ ထုတ်ပြန်ချက်တွင် ထောင်တွင်းသေဒဏ်ပေးမှုကို လက်မခံ၊ အကျဉ်းသားအခွင့်အရေး အပြည့်အဝရရန် စသည့်အချက်များ ပါဝင်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်အာဇာနည်နေ့တွင် အလေးပြုရန် ထောင်အာဏာပိုင်တို့ထံ ခွင့်ပြုချက်တောင်းသည့် လူငယ်နှစ်ဦးလည်း ရိုက်နှက် တိုက်ပိတ်ခံထားရသည်ဟုသိရသည်။ ခေတ်အဆက်ဆက် နိုင်ငံရေးအရ ဖမ်းဆီးခံရသူများ ထောင်တွင်းလှုပ်ရှားမှု တစ်ခုခုပြုလုပ်မည်ဆိုပါက ထောင်အာဏာပိုင်တို့က အကြမ်းဖက်ကိုင်တွယ်ဖြေရှင်းနည်းကိုသာ အသုံးပြုလေ့ရှိသည်။

အကျဉ်းထောင်များအတွင်း စစ်ကောင်စီတရားရုံးတို့က သေဒဏ်ချထားသူ ၇၆ ဦးရှိကြောင်း၊ ဖမ်းမမိသေးသဖြင့်  မျက်ကွယ်တွင် သေဒဏ် ချထားသူ ၄၂ ဦး ရှိကြောင်း ဖမ်းဆီးမှုများကို လက်လှမ်းမီသလောက် လေ့လာနေသည့်  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဇူလိုင် ၂၈   စာရင်းအရ  သိရသည်။

သေဒဏ်ပေး ကွပ်မျက်မှုကို နိုင်ငံတကာနှင့် လူ့အခွင့်အရေးအဖွဲ့အစည်း အသီးသီးက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသော်လည်း မအောင်မြင်သေးပေ။  ထိုက်သင့်သည့် ပြစ်ဒဏ်စီရင်ခြင်းသာဖြစ်ကြောင်း စစ်ကောင်စီက တုံ့ပြန်ထားသည်။

ဆန့်ကျင်လှုပ်ရှားသူတို့ကို ပုဒ်မအမျိုးမျိုးနှင့် အမှုဖွင့်လေ့ရှိသဖြင့်  ရန်ကုန်အင်းစိန်ထောင်တွင် တစ်ဦးတည်း သေဒဏ်လေးကြိမ်၊ သုံးကြိမ်၊ နှစ်ကြိမ် ကျခံနေရသူများလည်း ရှိနေသည်။

သေဒဏ်စီရင်မှုများ ဆက်လုပ်မည်ဖြစ်ကြောင်း အယူခံဝင်ခွင့်၊ အသနားခံခွင့်များရှိကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီ သတင်းဌာနကို ထုတ်ဖော်ပြောထားသည်။

နိုင်ကျဉ်းများကို စစ်ကောင်စီ ကွပ်မျက်နေမှုအတွက် အကြီးအကျယ်စိတ်ပျက်ရကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ဩဂုတ် ၃ ရက်နေ့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောခဲ့သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကလည်း နိုင်ငံရေးအကျဉ်းသားများကို ကွပ်မျက်မှုသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုဟုဆိုကာ စစ်ကောင်စီကို ဖိအားပေးနိုင်ရန် အားထုတ်သွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia