ကိုထက်ပိုင်စိုး(ဝဲ)၊ ကိုဝေယံထွန်း(ယာ)။
ထင်ရှားသည့် နိုင်ငံရေးသမား ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ လှိုင်သာယာမြို့နယ်မှ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို တိတ်တဆိတ် သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီက သေဒဏ်စီရင်မှုများ ဆက်လုပ်မည်ဟု ပြောထားသည်။
By Myanmar Now
အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်သူများကို စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်ကာ ပြစ်ဒဏ်စီရင်ရာ၌ စစ်ခုံရုံးဖြင့် သေဒဏ်ချမှတ်ခဲ့သူများအနက် သေဒဏ်လေးကြိမ်အထိ ချမှတ်ခံထားရသူများပင်ရှိကြောင်း သိရသည်။
ရန်ကုန် အင်းစိန်ထောင်ရှိ ကိုထက်ပိုင်စိုးနှင့် ကိုဝေယံထွန်းဆိုသူ လူငယ်နှစ်ဦးမှာ သေဒဏ် လေးကြိမ်နှင့် သုံးကြိမ်ချမှတ်ခံထားရသူများဖြစ်ကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။
ထိုလူငယ်နှစ်ဦးမှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားသည့် တောင်ဒဂုံမြို့နယ်မှ ရာအိမ်မှူးတစ်ဦး သတ်ဖြတ်ခံရမှုတွင် စွပ်စွဲခံရသူများဖြစ်ပြီး အဖမ်းခံရပြီး ငါးလအကြာတွင် သေဒဏ်ချခံရခြင်းဖြစ်သည်။
အသက် ၂၇ နှစ်အရွယ် ကိုထက်ပိုင်စိုးမှာ သတ်ဖြတ်မှုလေးခုတွင် ပါဝင်သည်ဆိုကာ သေဒဏ် ၄ ကြိမ်၊ အမှုသုံးခုဖြင့် စွပ်စွဲခံရသည့် ၂၅ နှစ်အရွယ် ကိုဝေယံထွန်းမှာ သေဒဏ် ၃ ကြိမ် ချမှတ်ခံရကြောင်း၊ အသေးစိတ်ကိုမူ မသိရကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတို့ထံမှ သိရသည်။
အင်းစိန်ထောင် အမှတ် ၂ သေဒဏ်တိုက်၊ အခန်း ၅၉ တွင် အခြားလူငယ်တစ်ဦးနှင့်အတူ ကိုထက်ပိုင်စိုးနှင့် ကိုဝေယံထွန်းကို ချုပ်နှောင်ထားကြောင်း၊ ဇူလိုင် ၂၆ ရက် ည ၇ နာရီခန့်က သေဒဏ် ၄ ကြိမ်ကျ ကိုထက်ပိုင်စိုးကို ခေါ်ထုတ်သွားကြောင်း သတင်းရင်းမြစ်တို့က ပြောသည်။
“အတူတူနေနေတဲ့ထဲက ဒီသားတစ်ယောက်ကို အချိန်မတော် ခေါ်ထုတ်သွားတယ်ဆိုကတည်းက စိတ်ထဲမှာ သိပ်ပြီး ဘဝင်မကျတော့ဘူး ဖြစ်သွားတယ်။ မျက်လုံးတွေဘာတွေ ပြာထွက်သွားပြီး ငိုချပစ်လိုက်တယ်” ဟု ကိုထက်ပိုင်စိုး၏ မိသားစုနှင့် နီးစပ်သူက ဆိုသည်။
အင်းစိန်ထောင်ရှိ ကိုထက်ပိုင်စိုးနှင့် ကိုဝေယံထွန်းတို့ကို တွေ့ခွင့်ရရှိရန် မိသားစုဝင်များက ကြိုးပမ်းခဲ့သော်လည်း ယမန်နေ့ (ဇူလိုင် ၂၈) အထိ တွေ့ခွင့်မရသေးကြောင်း သိရသည်။
သွားရောက်စုံစမ်းရာ ကိုထက်ပိုင်စိုး အကျဉ်းထောင်၌ရှိသည်ဟု ထောင်ဝန်ထမ်းတို့က ပြောသော်လည်း မည်သည့်နေရာသို့ ရွှေ့ထားသည်ကို စုံစမ်း၍မရဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။
“သူတို့က (ထောင်ထဲမှာ) ရှိတယ်တဲ့။ အဲဒါပဲပြောတယ် ရှိတယ်ဆိုတဲ့ စကားတစ်လုံးပဲပေါ့ ၊ ဒီနေ့ (ဇူလိုင် ၂၈) ပါဆယ်ပို့တယ် (ဈေးဝယ်) ပိုက်ဆံ ထောင်မှာအပ်တယ်၊ ဘယ်မှာရှိလဲဆိုတာ သိရအောင်” ဟု ၎င်းက ပြောသည်။
ကိုထက်ပိုင်စိုးမှာ ပရဟိတလုပ်ငန်းများတွင် တက်ကြွစွာပါဝင်သူ၊ ကိုယ်ကာယလေ့ကျင့်ရေး (Gym) သင်တန်းနည်းပြအဖြစ် လုပ်ကိုင်သူဖြစ်ကြောင်း၊ ၎င်းဖမ်းဆီးခံရချိန်မှစ၍ မိသားစုဝင်များမှာ နေအိမ်မှ တကွဲတပြား တိမ်းရှောင်နေရကြောင်း သိရသည်။
ထင်ရှားသည့် နိုင်ငံရေးသမား ဦးကျော်မင်းယု(ခ) ကိုဂျင်မီနှင့် လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ လှိုင်သာယာမြို့နယ်မှ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးကို သေဒဏ်စီရင်ပြီးစီးကြောင်း ဇူလိုင် ၂၅ ရက်တွင် စစ်ကောင်စီက အတည်ပြုပြီးဖြစ်သည်။
“နေ့တိုင်း ဘုရားမှာပဲ ဆုတောင်းနေရတယ်။ ပြန်လွတ်လာပါစေ” ဟု သေဒဏ်သုံးကြိမ် ချခံထားရသည့် သင်္ချာဘွဲ့ရ ကိုဝေယံထွန်း၏ မိသားစုနှင့် နီးစပ်သူက ပြောသည်။
ရန်ကုန်မြို့ အင်းစိန်ထောင် အဓိကဝင်ပေါက်ကို ဇူလိုင်လအတွင်း တွေ့ရစဉ်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဇူလိုင် ၂၈ ရက် စာရင်းအရ မြန်မာနိုင်ငံရှိအကျဉ်းထောင်များအတွင်း စစ်ကောင်စီက သေဒဏ်ချ၍ ထိန်းသိမ်းခံနေရသူ ၇၆ ဦး ရှိကြောင်း၊ ဖမ်းမမိ၍ မျက်ကွယ်သေဒဏ်ချထားသူ ၄၂ ဦးရှိကြောင်း သိရသည်။
ထိုအထဲမှ အသက် ၁၈ နှစ်အောက်နှစ်ဦးမှာ ကလေးသူငယ်တရားရုံးသို့ ပြောင်းရွှေ့၍ အမှုကို ပြန်လည် ရင်ဆိုင်နေရကြောင်း၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သေဒဏ်မှ ထောင်တစ်သက်သို့ စစ် ကောင်စီက ပြန်လည်သတ်မှတ်ခဲ့ကြောင်း AAPP က ထုတ်ပြန်ထားသည်။
ဝိုင်းဝန်းတားဆီးနေသည့်ကြားမှ သေဒဏ်စီရင်သည့်အပေါ် နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများ က ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်သော်လည်း ဥပဒေနှင့်အညီ ထိုက်သင့်သည့် ပြစ်ဒဏ်စီရင်ခြင်းသာ ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုထားသည်။
သေဒဏ်စီရင်မှုများ ဆက်လုပ်မည်ဖြစ်ကြောင်း အယူခံဝင်ခွင့်၊ အသနားခံခွင့်များရှိကြောင်းလည်း ဗိုလ် ချုပ်ဇော်မင်းထွန်းက ယမန်နေ့တွင် ဘီဘီစီသတင်းဌာနသို့ ပြောထားသည်။
“သေဒဏ် အကြိမ်ကြိမ်ကျခံသင့်တဲ့ အမှုတွေဆိုရင်တော့ တရားဥပဒေအတိုင်းပေါ့”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် သေဒဏ်ချမှတ်ခံထားရသူများအနက် ဒဂုံတက္ကသိုလ် ဓာတုဗေဒဌာန ဒုတိယနှစ်ကျောင်းသူ အသက် ၁၉ နှစ် အရွယ် မဆောင်းလေပြေနှင့် ၁၉နှစ်အရွယ် ၁၀ တန်းကျောင်းသား ကိုအောင်ချမ်းမြေ့ တို့မှာ အယူခံအောင်မြင်သဖြင့် သေဒဏ်မှ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြောင်းလဲထားကြောင်း သိရသည်။
၁၉၈၈ နောက်ပိုင်း သေဒဏ်စီရင်လေ့ မရှိသည့် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်တွင် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းယူခဲ့သည့် စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူများကို သေဒဏ်ချမှတ်ပြီး နောက် ယခုအခါ လက်တွေ့ စီရင်ကွပ်မျက်လာသည်။
သေဒဏ်စီရင်သည့် စစ်ကောင်စီ၏ လုပ်ရပ်မှာ အထွေထွေအကြပ်အတည်းဆိုက်ရောက်နေသည့် နိုင်ငံ အတွက် ထွက်ပေါက်မဲ့သွားစေကြောင်း ဝါရင့်နိုင်ငံရေးသမား၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က သုံးသပ်သည်။
“နှစ်ဖက်လုံး(စစ်ကောင်စီနှင့် ဆန့်ကျင်သူ)က မပြန်လမ်းသွားကြတာပေါ့။ ရန်သူနဲ့မိတ်ဆွေက ရှင်းရှင်း လင်းလင်း ဖြစ်သွားပြီ။ အရင်က စေ့စပ်တဲ့စကားပြောရင် နည်းနည်းလေးဆဲခံရတာရှိတယ်။ အခုက စေ့စပ်မယ်ဆိုရင် အသတ်ခံရမယ့် အနေအထားရောက်သွားပြီ”ဟု ၎င်းက ပြောသည်။
ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်နှင့် အခြား အရပ်သားနှစ်ဦးကို သတ်ဖြတ်သည့် စစ်ကောင်စီ၏ လုပ်ရပ်ကို ပြင်းထန်စွာတုံ့ပြန်သွားမည်ဟု နိုင်ငံအနှံ့ ခုခံမှုများလုပ်ဆောင်နေသည့် မြို့ပြပြောက်ကျားအဖွဲ့များ၊ ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ဖော်ပြောဆိုထားသည်။
ယမန်နေ့(ဇူလိုင်၂၈)ကပင် ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် ၁၀ စုနှစ် တစ်ခုနီးပါး တာဝန်ယူနေသည့် ကိုသန်းဝင်း (ခ) ဘော်ဘီကို မြို့လယ်ရှိ ကုန်သည်လမ်းနှင့် ၄၂ လမ်းထိပ်၌ မြို့ပြပြောက်ကျားတစ်ဖွဲ့က သေနတ်ဖြင့် ပစ်ခဲ့သေးသည်။
Original Post: Myanmar Now
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.