စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာ ဒေသခံများ။ ဓာတ်ပုံ-ပေးပို့
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့တွင် စစ်တပ်က အမျိုးသား ၇ ဦး၊ အမျိုးသမီး ၅ ဦးကို ၂ ရက်အတွင်း ဖမ်းလိုက်ရာ ဒေသခံအများအပြားမှာ စစ်ကောင်စီတပ်၏ရန်ကြောင့် တိမ်းရှောင်နေရသည်။
By Myanmar Now
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဧည့်စာရင်းအကြောင်းပြ၍ နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးခံရသူ ၂ ရက်အတွင်း ၁၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
ယနေ့ (ဇူလိုင် ၂၉ ) နံနက် ၃နာရီဝန်းကျင်က လောင်းလုံးမြို့နယ် မြောက်ဘက်ရှိ မောင်းမကန်ရွာကို စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်မည်ဟု ဆိုကာ နေအိမ်အတွင်း ဝင်ရောက်စစ်ဆေးခဲ့ပြီး အရပ်သား ၆ ဦးကို ဖမ်းဆီးသွားသည်။
အသက် ၂၀ နှင့် ၄၀ ကြား အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦးတို့ ဖမ်းဆီးခံရကြောင်း၊ အဆိုပါ သာမန်အရပ်သားများ အဖမ်းခံရခြင်းမှာ စစ်တပ်အလိုတော်ရိများ သတင်းမှားပေးခြင်းကြောင့် ဖြစ်နိုင်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“အာဏာသိမ်းတုန်းက တက်ကြွလှုပ်ရှားခဲ့တဲ့သူတွေက တခြားနေရာတွေ ရောက်ကုန်ပြီ။ သူတို့အလိုရှိတဲ့သူကို မရလို့ဆိုပြီး တွေ့တဲ့သူကို ဖမ်းသွားတာ။ သူတို့ရှာတဲ့သူက ပြည်ပထွက်သွားပြီပြောလို့ မယုံဘူး။ ထုတ်ပေးလို့ ပြောတယ်။ တချို့လည်း ဘာမှမလုပ်ဘဲနဲ့ ဒလန် လက်ညိုးထိုးလို့ အဖမ်းခံလိုက်ရတယ်” ဟု ၎င်းက ဖြစ်စဉ်ကို ပြောပြသည်။
ထို့အတူ ယမန်နေ့ (ဇူလိုင် ၂၈) ည ၁၀ နာရီခန့်က လောင်းလုံးမြို့နယ်တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ ဟင်းချိုတောရွာနှင့် သပြေရှောင်ရွာများကို စစ်ကောင်စီတပ်က ဧည့်စာရင်းဝင်စစ်ကာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦးကို ဖမ်းဆီးခဲ့သည်။
ယခုရက်ပိုင်းအတွင်း အဖမ်းအဆီးများကြောင့် မြို့နယ်အတွင်းရှိ ဒေသခံအများအပြား ဘေးလွတ်ရာ တိမ်းရှောင်နေကြသည်ဟု သိရသည်။
“ဧည့်စာရင်းကို အကြောင်းပြ၊ အိမ်တွေမှာ ဝင်စစ်တယ်။ သူတို့လိုရှိတဲ့သူ မမိရင် မိသားစုဝင်များကို ဖမ်းသွားတယ်။ အခုဆို ရွာထဲမှာ လူတွေက မနေရဲတော့ဘူး။ လာဖမ်းမှာကို ကြောက်နေကြလို့ ထွက်ပြေးနေကြတယ်။ ဘယ်အချိန် ကိုယ့်အိမ်ရှေ့လာမလဲဆိုတာ ကြောက်နေကြတယ်” ဟု ရွာဘက်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများအား လောင်းလုံးမြို့မရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း ကြားသိရသော်လည်း ထိုရဲစခန်းကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
လောင်းလုံးမြို့နယ်သည် စစ်ကောင်စီကို ဆန္ဒပြဆန့်ကျင်မှု အားကောင်းခဲ့ပြီး လက်နက်ကိုင်ခုခံတော်လှန်မှု ပေါ်ပေါက်လာချိန်တွင်လည်း ပါဝင်နေသော ဒေသဖြစ်သည်။
PDF တပ်ဖွဲ့ဝင်တစ်ဦးကို ယခုနှစ် ဇူလိုင်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-လောင်းလုံး PDF)
ပင်လယ်နှင့် ထိစပ်နေသော လောင်းလုံးဒေသကို ရေတပ်ဖြင့်ပါ စစ်ကောင်စီတပ်က တိုက်ခိုက် နှိမ်နင်းနေပြီး ပြီးခဲ့သည့် ဇွန် ၃၀ က ဒေသခံ PDF စခန်းတစ်ခု စီးနင်းခံရကာ PDF တစ်ဦး သေနတ်ဒဏ်ရာဖြင့် ဖမ်းဆီးခံလိုက်ရသည်။
ထို့နေ့ နံနက်က ငါးဖမ်းစက်လှေများဖြင့် ရောက်လာသည့် ရေတပ်က PDF စခန်းပတ်ပတ်လည်ကို လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်၍ ဝင်ရောက်စီးနင်းမှုအတွင်း လက်လုပ်သေနတ်များ၊ လက်နက်ကြီးများ၊ ကျည်များ၊ ဒရုန်းများအပါဝင် အခြားစစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းခံခဲ့ရကြောင်း လောင်းလုံး PDF ထံမှ သိရသည်။
ဒေသတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးစီးနင်းနေစဉ် လက်နက်အင်အား မမျှတမှုကြောင့် လူထုကို အကာအကွယ်မပေးနိုင်သည့်အတွက် တောင်းပန်သည်ဟု PDF က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန် ၂၆ ကလည်း မြို့နယ်နှင့် ၆ မိုင်ခန့် ဝေးသော ကဒက်ကြီးကျေးရွာသို့ စစ်သားများ ရောက်လာပြီး အရပ်သား ၃ ဦး ပစ်သတ်ခံရသည်။ ဒီမိုကရေစီရေးလှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) ၏ စာရင်းများအရ ဇွန်လတစ်လအတွင်း ထိုဒေသ၌ အရပ်သား ၆ ဦးအထိ ပစ်သတ်ခံထားရသည်။
ယမန်နှစ် နိုဝင်ဘာအတွင်းကလည်း လောင်းလုံးမြို့နယ် ဆန္ဒပြပွဲများတွင် ပါဝင်သူတစ်ဦး၏ နေအိမ်ကို စစ်တပ်က မီးရှို့ကာ အခြားသူတစ်ဦး၏ မိခင်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားသည်။
ယင်းလအတွင်းမှာ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးနှင့် တိုင်းလွှတ်တော်အမတ်တစ်ဦးတို့၏ နေအိမ်များ ချိပ်ပိတ်ခံရသလို လောင်းလုံးဒေသအတွင်း ဓားစာခံအဖြစ် ဖမ်းဆီးမှုများ၊ ၁၆ နှစ်သားတစ်ဦး အပါအဝင် အရပ်သားပစ်သတ်မှုများကို စစ်ကောင်စီတပ်က ယခင်ကလည်း အများအပြား ကျူးလွန်ထားသည်။
လောင်းလုံးမြို့နယ်သည် ထားဝယ်မြို့မှ ၁၃ မိုင်ခန့် ကွာဝေးပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၄ နယ်မြေ ဘိတ်/ထားဝယ်ခရိုင်နှင့် ဆက်စပ်နေသလို လက်နက်ကိုင်လှုပ်ရှားမှုများ အားကောင်းသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.