28 July 2022
မုံရွာမြို့မှ ဆန္ဒပြသူများနှင့် တွေ့ဆုံစကားပြောနေသော ကိုဝေမိုးနိုင် (ဓာတ်ပုံ – မုံရွာဂေဇက်)
ကားနှင့်တိုက် ဖမ်းဆီးခံထားရသူ၏အမှုကို စစ်ဆေးသော မုံရွာထောင်တွင်း တရားခွင်တွင် သူ့မိခင်က သူ့ဘက်မှ သက်သေထွက်ဆိုခြင်းသည် ထောင်ဝင်စာတွေ့နိုင်သည့် ရှားပါးအခွင့်အရေး ဖြစ်လာသည်။
By Myanmar Now
ပုဒ်မပေါင်းများစွာဖြင့် စွပ်စွဲအမှုဖွင့်ခံထားရသည့် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အမှု၏ ဇူလိုင် ၂၇ တရားခွင်သို့ မိခင်ဖြစ်သူ သွားရောက်ပြီး သက်သေထွက်ဆိုခွင့် ရခဲ့သဖြင့် သူအဖမ်းခံရပြီး တစ်နှစ်ကျော်အကြာတွင် သားအမိနှစ်ဦး ပထမဆုံးအကြိမ် တွေ့ခွင့်ရလိုက်သည်။
မုံရွာထောင်တွင်း အထူးတရားရုံးတွင် တွေ့ခဲ့သည်ဟု သူ၏ မိခင် ဒေါ်မိုးစန္ဒာကြူက ပြောသည်။
“စကားပြောခွင့် ရပါတယ်။ အနားမှာတော့ ရဲအစောင့်တော့ ရှိတာပေါ့နော်။ ဒါပေမဲ့ သူတို့လည်း အေးဆေးပါပဲ” ဟု ဒေါ်မိုးစန္ဒာကြူက ပြောသည်။
တရားရုံးက သူ့မိခင်ကို သက်သေအဖြစ်ထွက်ဆိုရေး ထပ်မံဆင့်ခေါ်ရန် အစီအစဉ် ရှိမရှိ မသိရသေးပေ။
ကိုဗစ်ကန့်သတ်မှု အများအပြား ရုပ်သိမ်းပြီးဖြစ်သော်လည်း ထောင်ဝင်စာတွေ့ခွင့်ကို စစ်ကောင်စီက ကပ်ဘေးအကြောင်းပြချက်ဖြင့် ဆက်လက် ပိတ်ပင်ထားရာ ကိုဝေမိုးနိုင်သည် မိသားစုနှင့် တွေ့ခွင့်မရဘဲ ပေးပို့မည့် အစားအသောက် အသုံးဆောင်တို့ကိုသာ လက်ခံနိုင်မည် ဖြစ်သည်။
၂၀၂၁ ဧပြီ ၁၅ ရက်နေ့က ဆိုင်ကယ်စီးပြီး ဆန္ဒပြနေသည့် ကိုဝေမိုးနိုင်ကို စစ်ကောင်စီတပ်သားများက ကားဖြင့်တိုက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ကိုဝေမိုးနိုင်သည် အာဏာဖီဆန်မှုမပြုသူများကို ရှုတ်ချမှု ၃ မှု၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်ဖွဲ့စည်းမှု၊ လူစုလူဝေးဖြင့် ဆူပူအောင်လှုံ့ဆော်မှု၊ ဆိုင်ကယ်သပိတ်ဦးဆောင်မှုတို့အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှုဟု အများသိကြသည့် ပုဒ်မ ၅၀၅ (က) ဖြင့် အမှုပေါင်း ၆ မှု ရင်ဆိုင်နေရသည်။
ထို့ပြင် လူသေမှုပုဒ်မ ၃၀၃ (၂)၊ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅၊ လူကို မတရားချုပ်နှောင်မှု ပုဒ်မ ၃၄၂၊ ဓားပြမှု ပုဒ်မ ၃၉၅ တို့ဖြင့်လည်း တရားစွဲဆိုခံထားရကြောင်း သိရသည်။ ထိုအမှုများမှာ သားဖြစ်သူနှင့် မသက်ဆိုင်ဟု မိခင် ဒေါ်မိုးစန္ဒာကြူက ပြောသည်။
“တချို့အမှုတွေက ၅၀၅ အမှု ၆ မှုကတော့ သူအမှန်တကယ်လုပ်တာပေါ့နော်။ တစ်တိုင်းလုံးသိ၊ တစ်ပြည်လုံးသိတဲ့ ကိစ္စဖြစ်နေတဲ့အတွက် ပြဿနာမရှိပါဘူး။ ဒါပေမဲ့ မလုပ်တဲ့အမှုတွေ မကျူးလွန်တဲ့အမှုတွေအတွက်ကတော့ ပြစ်ဒဏ်ကြီးကြီးမားမား ရှိခဲ့မယ်ဆိုရင်တော့ အဲဒီအတွက်ကို တွေးပြီးတော့ သောကတွေတော့ရှိတာပေါ့” ဟု ဒေါ်မိုးစန္ဒာကြူက ပြောသည်။
“ကျန်းမာရေးကတော့ ကြည့်ရတာ တော်တော်လေးကို ကောင်းပါတယ်။ ဒါပေမဲ့ အသွေးအမွေးကတော့ ထောင်သားအသွေးအမွေးတော့ ဖြစ်နေပြီပေါ့။ တစ်နှစ်ကျော်ပြီဆိုတော့ အရင်ပုံစံတော့ မဟုတ်တော့ဘူးပေါ့။ ဝမ်းသာဝမ်းနည်းဖြစ်ပါတယ်။ ကိုယ့်ရင်ခွင်ကထွက်သွားတဲ့အချိန် နောက်ပိုင်းမှာ သူကြုံရတဲ့အဖြစ်အပျက်တွေ ပြောပြပါတယ်”
အမှုများကို စစ်ဆေးဆဲဖြစ်ပြီး အမိန့်မချရသေးကြောင်း၊ ဩဂုတ်လကုန်ပိုင်းတွင် အမှုတစ်ခုကို အမိန့်ချမှတ်ရန်ရှိပြီး မည်သည့်အမှုမှန်း မသိရသေးကြောင်း ဒေါ်မိုးစန္ဒာကြူက ပြောသည်။
ကိုဝေမိုးနိုင်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေ ပုဒ်မ ၂၅၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၁၄၊ ၃၀၂၊ ၃၂၅၊ ၃၄၂၊ ၃၉၅၊ ၅၀၅-က တို့ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇(၁)၊ ၁၂၄ နှင့် ၅၁၁ တို့ဖြင့် ဆက်လက်အမှုဖွင့်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ဧပြီ ၂၈ တွင် သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ယင်းကို ဆန့်ကျင်သူများကို ပုဒ်မ ၅၀၅(က)၊ (ခ) တို့ဖြင့် နိုင်ငံအနှံ့မှ ထင်ရှားသူများ အနုပညာရှင်များ၊ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ မီဒီယာသမားများကို ဖမ်းဝရမ်းထုတ်ခဲ့သည်။
လက်ရှိတွင် ပုဒ်မ ၅၀၅ (က)၊ (ခ) တို့ဖြင့် တရားစွဲဆို အကျဉ်းချခံထားရသူပေါင်း ၂,၁၅၀ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဇူလိုင် ၂၇ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုဒ်မ ၅၀၅ (က)၊ (ခ) တို့သည် အစိုးရ၊ ကြည်း၊ ရေ၊ လေ တပ်တစ်ခုခုမှ အရာရှိ၊ တပ်သားများကို ပုန်ကန်အောင် သတင်းပြုလုပ် ဖြန့်ချိခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းလွှင့်ခြင်း၊ ဖြန့်ချိခြင်းတို့ ပြုလုပ်ပါက ပြစ်မှုမြောက်သည်ဟု ပြဋ္ဌာန်းထားသည့် ပုဒ်မများဖြစ်သည်။
လူမှုကွန်ရက်အသုံးပြု၍ လှုံ့ဆော် ဝါဒဖြန့်ပါကလည်း အထက်ပါ ပုဒ်မများဖြင့် တရားစွဲနိုင်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းစာများက ကြေညာထားသည်။ နိုင်ငံအနှံ့မှ လူမှုကွန်ရက်အသုံးပြု လှုံ့ဆော်ဝါဒဖြန့်နေသူများကို အရေးယူနေကြောင်းလည်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများက ဆက်တိုက်ဖော်ပြနေသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.