27 July 2022
၂၀၂၁ မတ်လဆန်းပိုင်းက မန္တလေးမြို့တွင် တွေ့ရသည့် စစ်ကောင်စီတပ်သားများ (ဓာတ်ပုံ − EPA)
လက်နက်နှင့်အတူ ဖမ်းမိသည်ဟု စစ်တပ်က စွပ်စွဲထားသူမှာ ကြိုးတုပ်ခံထားရပြီး လူမြင်ကွင်းတွင် ညှဉ်းပန်းခံရကြောင်း၊ ထိုသူ၏ အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း သိရသည်။
By Myanmar Now
မန္တလေးမြို့တွင် လူငယ်တစ်ဦး ဖမ်းဆီးခံရပြီး စစ်ကောင်စီတပ်က ၎င်းကို လူမြင်ကွင်းတွင် နှိပ်စက်စစ်ဆေးနေ၍ အသက်အန္တရာယ် စိုးရိမ်ရကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
ဇူလိုင် ၂၄ ညနေ ၄ နာရီတွင် မဟာအောင်မြေမြို့နယ်၊ ကမ်းနားလမ်း၊ ဂေါဝိန်ဆိပ်အနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ်နှစ်ဦးကို တားဆီးစစ်ဆေးခဲ့သည်။
နှစ်ဦးအနက် အသက် ၂၅ နှစ်အရွယ် ကိုသူရိန်စိုးဆိုသူမှာ ဖမ်းဆီးခံရကြောင်း မျက်မြင်ကို ကိုးကား၍ သံနောက်ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောသည်။
“ကင်းပုန်းချပြီး ပုန်းပြီးစောင့်နေတာ။ ပေါ်ပေါ်တင်တင် စစ်နေတာမျိုး မဟုတ်ဘူး။ သူက မသိဘဲဖြတ်သွားတဲ့ အချိန်မှာ အစစ်ခံရပြီး ဖမ်းခံလိုက်ရတယ်။ တစ်ယောက်ကတော့ လွတ်သွားတယ်” ဟု ၎င်းက မျက်မြင်သက်သေ ကားသမားတချို့ကို ကိုးကားပြီး ပြောသည်။
ကိုသူရိန်စိုးသည် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၌ နေထိုင်သူတစ်ဦးဖြစ်ပြီး ဖမ်းဆီးပြီးနောက်တစ်နေ့ (ဇူလိုင် ၂၅) ညပိုင်း၌ ၎င်းကို ကြိုးတုပ်၍ ကားဖြင့် တင်ဆောင်လာကာ သံနောက်ရပ်ကွက်အတွင်း လိုက်လံပြသခိုင်းခဲ့သည်ဟု သိရကြောင်း ထိုသူက ပြောပြသည်။
“ညကြီးမိုးချုပ်ကြီး ကြိုးတုပ်ပြီး ခေါ်လာတယ်။ အကုန်လိုက်ပြခိုင်းတယ်။ ပြီးတော့ ကြိုးတုပ်လျက် ကားပေါ်ကနေ ကန်ချတယ်။ နောက်က ပါလာတဲ့ကားက ပြန်ကောက်တင်တယ်။ အတော်ကို နှိပ်စက်ထားတာ” ဟု ဆိုသည်။
စစ်ကောင်စီက ကိုသူရိန်စိုးထံမှ အနက်ရောင်ပစ္စတိုတစ်လက်၊ စစ်စိမ်းရောင်လက်ပစ်ဗုံး တစ်လုံး၊ 9MM ကျည် တစ်တောင့်၊ A USA 380 AUTO ကျည် ၆ တောင့်၊ THAI ARMS 9MM ကျည် ၃၂ တောင့် တို့ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဇူလိုင် ၂၅ တွင် သတင်းထုတ်ပြန်သည်။
အဆိုပါလူငယ်မှာ ကာကွယ်ရေးအဖွဲ့ဝင် ဟုတ်မဟုတ် Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အာဏာသိမ်းစစ်ကောင်စီကမူ ၎င်းတို့က ဥပဒေအတိုင်း ဆောင်ရွက်နေသည်ဟု အဆက်မပြတ် ပြောနေသည်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောက်ကျားတိုက်ခိုက်မှုများ အားကောင်းသော မန္တလေးတွင် ဇွန်နှင့် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ၎င်းတို့နှင့် စပ်ဆက်သူများနှင့် နေရာများ တိုက်ခိုက်ခံရမှု များပြားနေချိန်တွင် စစ်ကောင်စီက မန္တလေးတစ်မြို့လုံးကို ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးနေသည်။
မန္တလေးမြို့၏ အဓိကအချက်အချာကျသည့် လမ်းမကြီးများ၊ လမ်းသွယ်များ၊ ရပ်ကွက်လမ်းများပါမချန် ကင်းပုန်းများချကာ နေ့စဉ် စစ်ဆေးရှာဖွေနေသည်ဟု ဒေသခံတို့က ပြောသည်။
“ညတွေဆိုရင် လမ်းတွေပေါ်မှာ မူးရူးပြီး တားတယ်။ ဆက်ကြေးတောင်းတယ်။ ရပ်မပေးရင် ပစ်တယ်။ လူတွေကို ပြောချင်တာကလည်း သူတို့တားရင် ရပ်ပေးလိုက်။ ဒီရက်ထဲ ပစ်ခံရလို့ သေတဲ့သူတွေ၊ ဒဏ်ရာရသူတွေလည်း အများကြီးရှိတယ်။ ပြည်သူတွေလည်း ဘယ်လိုကောင်တွေ၊ ဘယ်လိုမိစ္ဆာတွေလက်ထဲမှာ ငရဲကျနေရတာလဲဗျာ” ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။
Original post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.