26 July 2022
နိုင်ငံရေးအကျဉ်းသား လေးဦးကို ရန်ကုန်အင်းစိန်ထောင်၌ ဇူလိုင် ၂၃ ရက်နေ့ နံနက်အစောပိုင်းတွင် ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် ကြီးကြပ်ကွပ်ကဲကာ ကွပ်မျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (ဓာတ်ပုံ – Myanmar Now)
ဦးဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးကို စနေနေ့ဖြစ်သော ဇူလိုင် ၂၃ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ် အချိန်တွင် ကွပ်မျက်ကြောင်း၊ အင်းစိန်ထောင်အတွင်း လုံခြုံရေးတင်းကျပ်ထားခဲ့ကြောင်း ရဲသတင်းရင်းမြစ်က ပြောသည်။
By Myanmar Now
ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးကို ရန်ကုန် အင်းစိန်ထောင်၌ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကိုယ်တိုင် အနီးကပ်ကွပ်ကဲကာ ကြိုးပေး ကွပ်မျက်ခဲ့ကြောင်း သိရသည်။
သေဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားလေးဦးကို ပြစ်ဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီက နိုင်ငံပိုင်သတင်းစားများမှတစ်ဆင့် ထုတ်ပြန်သည်။ သို့သော် မည်သို့ စီရင်ဆောင်ရွက်ခဲ့သည်ကို လုံးဝ ဖော်ပြခဲ့ခြင်း မရှိပေ။
ယမန်နေ့ (ဇူလိုင် ၂၅) တွင် မိသားစုဝင်များက အင်းစိန်ထောင်သို့ သွားရောက်မေးမြန်းရာမှ တုန်လှုပ် ခြောက်ခြားဖွယ်ရာ လူသတ်မှုအကြောင်း အတည်ပြုနိုင်ခြင်းဖြစ်သည်။ သေဒဏ်စီရင်ပြီးသည်မှာ ဟုတ်မှန်ကြောင်း၊ အလောင်းပြန်မပေးနိုင်ကြောင်း ထောင်အာဏာပိုင်များက တုံ့ပြန်ပြောဆိုခဲ့သည်။
သေဒဏ်စီရင်ခြင်း မပြုရန် နိုင်ငံတကာ၏ အပူတပြင်းတောင်းဆိုတိုက်တွန်းမှုများ ရှိလင့်ကစား အာဏာသိမ်းစစ်တပ်က တိတ်တဆိတ်ကြိုးပေး ကွပ်မျက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလုပ်ရပ်နှင့် ပတ်သက်၍ သတင်းအပြည့်အစုံထုတ်ပြန်ခြင်း မပြုသည့်အပြင် မိသားစုဝင်များကို ကြိုတင်အသိပေးခြင်းလည်း မရှိပေ။
ထင်ရှားသည့်နိုင်ငံရေးသမား ဦးဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးကို စနေနေ့ဖြစ်သော ဇူလိုင် ၂၃ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ် အချိန်တွင် ကြိုးပေးကွပ်မျက်ခြင်းဖြစ်ကြောင်း Myanmar Now ၏ သတင်းရင်းမြစ်က ဆိုသည်။
ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်ကို လုံခြုံးတင်းကျပ်ထားခဲ့ကြောင်း၊ နိုင်ငံရေးအကျဉ်းသား လေးဦးကို သေဒဏ်စီရင်ရာ၌ ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ကိုယ်တိုင် အစအဆုံး ကြီးကြပ်ခဲ့ကြောင်း ထိုရဲသတင်းရင်းမြစ်က ပြောသည်။
အကျဉ်းဦးစီးဌာနလက်အောက်ခံ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များကို အပြည့်အဝထိန်းချုပ်နိုင်သည့် ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၀ ဖေဖော်ဝါရီလတွင် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးကျွမ်းဝင်သူ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၏ နေရာတွင် ထိုစဉ်က စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဖြစ်သူ စိုးထွဋ်ကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ဦးဂျင်မီတို့လေးဦးကို ကြိုးပေးကွပ်မျက်ခြင်း မပြုမီ သောကြာနေ့ ညနေပိုင်းကတည်းက အင်းစိန်ထောင်ကို လုံခြုံရေးတင်းကျပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထောင်ဝင်းအတွင်း လှုပ်ရှားသွားလာမှုကိုလည်း ကန့်သတ်ခဲ့ကြောင်း ထောင်သတင်းရင်းမြစ်အချို့ထံမှ သိရသည်။
“ပုံမှန်တော့ အကျဉ်းသားတွေက စားသောက်ချိန်မှာ တန်းစီရတယ်။ သောကြာနေ့ကစပြီး ထမင်းလည်း တန်းမစီရတော့ဘူး။ ထောင်ဝန်ထမ်းတွေကိုယ်တိုင် အဆောင်ထိ လာပေးတယ်လို့ ကြားတယ်” ဟု သတင်းရင်းမြစ်တစ်ခုက ပြောသည်။
သောကြာနေ့ညပိုင်းက အင်းစိန်ထောင်တစ်ခုလုံး မီးဖြတ်ထားပြီး ကြိုးစင်ရှိရာ အဆောင်တစ်ခုတည်းကိုသာ မီးပေးထားကြောင်း၊ နံနက် ၃ နာရီနှင့် ၄ နာရီဝန်းကျင်တွင် အော်ဟစ်သံများ ကြားရသူအချို့ရှိသည်ဟုလည်း အခြားသတင်းရင်းမြစ်တစ်ခုက ဆိုသည်။
နိုင်ငံရေးအကျဉ်းသားလေးဦးကို ကွပ်မျက်ပြီးနောက် ထိုနေ့ နံနက် ၄ နာရီကျော်အချိန်၌ ချက်ချင်းမီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဂျင်မီကို ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – Chiara Luxardo)
နောက်ဆုံး မိနစ် ၂၀
နိုင်ငံရေးအကျဉ်းသားလေးဦးကို တိတ်တဆိတ် ကြိုးပေးကွပ်မျက်ခြင်း မပြုမီ သောကြာနေ့ (ဇူလိုင် ၂၂) ညနေပိုင်းတွင် ၎င်းတို့၏မိသားစုဝင်များကို ထောင်အာဏာပိုင်များက ခေါ်ယူခဲ့သည်။
အင်းစိန်ထောင်သို့ သောကြာနေ့ ၆ နာရီ အရောက်လာရန် ခေါ်ခဲ့ကြောင်း၊ ၆ နာရီခွဲခန့်တွင် ထောင်ဘူးဝမှနေ၍ ကားတစ်စီးဖြင့် အထဲခေါ်သွားကြောင်း၊ ဗီဒီယိုမှတစ်ဆင့် စကားပြောရာတွင် ထောင်ဝန်ထမ်းငါးဦးခန့် စောင့်ကြပ်နေကြောင်း သေဒဏ်စီရင်ခံရသူ ဦးဖြိုးဇေယျောသော်၏မိခင်က ပြောသည်။
“တစ်ယောက်က စာနဲ့ရေးပြီး လိုက်မှတ်တယ်။ အကျဉ်းဦးစီးဝတ်စုံနဲ့။ ဗီဒီယိုမှာ မိနစ် ၂၀ ပေးတွေ့ပါတယ်” ဟု ဦးဖြိုးဇေယျောသော်၏မိခင် ဒေါက်တာဒေါ်ခင်ဝင်းမေက ယနေ့ (ဇူလိုင် ၂၆) ပြောသည်။
အပေါ်ပိုင်းသာတွေ့ရသည့် အနေအထားအရ ဦးဖြိုးဇေယျာသော်မှာ လိမ္မော်ရောင် တီရှပ်အင်္ကျီ ဝတ်ဆင်ထားပြီး ကျန်းကျန်းမာမာရှိနေကြောင်း၊ နောက်တစ်ကြိမ်တွေ့ခွင့်ရမည်ဆိုပါက စာအုပ်အချို့နှင့် စာကြည့်မျက်မှန် မှာကြောင်းလည်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျသော်ကို ၂၀၂၁ ခုနှစ် မတ်လအတွင်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ – မောင်ဆန်း)
“မိနစ် ၂၀ ပြည့်ဆိုတော့ သူကလည်း ဖေဖေရော မေမေရော မမ၊ အန်တီလေးတို့ရော ယောက်ဖရော အားလုံးဒီကနေ လှမ်းကန်တော့ပါတယ်ဆိုပြီးတော့ သူပြန်သွားတယ်” ဟု အသက် ၇၆ နှစ်အရွယ် ဒေါက်တာဒေါ်ခင်ဝင်းမေက ပြောသည်။
ထိုသို့တွေ့ဆုံပြီးနောက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လုပ်သွားမည်ဖြစ်ကြောင်း ထောင်အာဏာပိုင်က ပြောဆိုပြီး၊ ကြိုးပေးကွပ်မျက်ရန် ရှိမရှိမေးမြန်းရာတွင် အတိအကျဖြေဆိုခြင်း မရှိကြောင်းလည်း သိရသည်။
“(သေဒဏ်) သူလည်း မသိဘူး၊ အမေလည်း မသိဘူး။ စိတ်ထဲမှာ ပျော်နေကြတာ။ နောက်လည်း ဒီထက် ဆက်တွေ့ရမယ်လို့ မျှော်လင့်ပြီးတော့ သားအမိနှစ်ယောက် ပျော်နေကြတာ” ဟု ဒေါက်တာ ဒေါ်ခင်ဝင်းမေက ပြောသည်။
သေဒဏ်စီရင်ပြီးကြောင်း ကြားသိရပြီးနောက် အင်းစိန်ထောင်သို့ ယမန်နေ့တွင် နောက်တစ်ကြိမ်သွားရောက်စဉ် ထောင်အာဏာပိုင်များက မည်သည့်နေ့တွင် ကွပ်မျက်သည်ကို အတိအကျမပြောကြောင်း၊ အလောင်းထုတ်ပေးရန် မရှိကြောင်း ပြောဆိုသည်ဟု ၎င်းထံမှ သိရသည်။
ထို့ပြင် ဗုဒ္ဓဘာသာဓလေ့ထုံးစံအရ သားအဖြစ်သူအတွက် ရက်လည်ဆွမ်းသွတ်ရန် ရက်အတိအကျ မေးမြန်းရာတွင်လည်း စနေ၊ တနင်္ဂနွေ တစ်ရက်ရက်သာ မှန်းဆပြုလုပ်ရန် ထောင်အာဏာပိုင်များက ပြောဆိုကြောင်း ဒေါက်တာဒေါ်ခင်ဝင်းမေထံမှ သိရသည်။
ဦးဖြိုးဇေယျာသော်နည်းတူ ဦးဂျင်မီ၏ မိသားစုဝင်များလည်း သောကြာနေ့က အင်းစိန်ထောင် သွားရောက် တွေ့ဆုံရာတွင်လည်း ထောင်အာဏာပိုင်များက ကွပ်မျက်မည့်အစီအစဉ်ကို အသိပေးခဲ့ခြင်း မရှိကြောင်း ဦးဂျင်မီ (ခ) ဦးကျော်မင်းယု၏ ဇနီး ဒေါ်နီလာသိန်းထံမှ သိရသည်။
ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့နှင့်အတူ သေဒဏ်စီရင်ခံရသူ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့၏ မိသားစုဝင်များကိုလည်း အင်းစိန်ထောင်အာဏာပိုင်များ ခေါ်ယူတွေ့ဆုံစေခဲ့သော်လည်း စီရင်ကွပ်မျက်မည့်အကြောင်း အသိပေးခြင်းမရှိကြောင်း ထိုမိသားစုဝင်များက ထုတ်ဖော်ပြောဆိုထားသည်။
စနေနေ့က ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့နှင့်အတူ သေဒဏ်စီရင်ခံခဲ့ရသည့် ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်။
ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးကို သေဒဏ်စီရင်ပြီး နောက် နှစ်ရက်အကြာမှသာ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ သို့သော် အပြည့်အစုံဖော်ပြခြင်း မရှိသည့်နည်းတူ အသေးစိတ်ထုတ်ဖော် ရှင်းလင်းခြင်းလည်း မရှိပေ။
သေဒဏ်စီရင်ခြင်းနှင့် ပတ်သက်၍ ထိုက်သင့်သည့် ပြစ်ဒဏ်ပေးခြင်းသာဖြစ်ကြောင်း၊ အလောင်းထုတ်ပေးခြင်း၊ မပေးခြင်းမှာ ထောင်အာဏာပိုင်များ၏ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း နေပြည်တော်၌ ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။
နိုင်ငံရေးအကျဉ်းသားလေးဦးကို သေဒဏ်စီရင်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ရန်ကုန်မြို့လူထုက ယမန်နေ့ညပိုင်းတွင် သံပုံးများတီးကာ ဆန့်ကျင်ကြောင်း ပြသခဲ့သည်။ ထို့ပြင် အင်းစိန်ဗဟိုအကျဉ်းထောင်ဂိတ်ကိုလည်း ယမန်နေ့ည ၇ နာရီခန့်က မော်တော်ဆိုင်ကယ်နှင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
စစ်ကောင်စီ၏ သေဒဏ်စီရင်သည့် လုပ်ရပ်မှာ ဥပေဒနှင့်မညီဘဲ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ဝါရင့်ရှေ့နေကြီး ဦးကြီးမြင့်က မှတ်ချက်ပြုထားသည်။
အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေပင် ရှောင်ကြဉ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကို သေဒဏ်ပေးသည့်လုပ်ရပ်ကို မင်းအောင်လှိုင်လုပ်ဆောင်သည်မှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်ကြောင်းလည်း နှစ်ပေါင်း ၅၀ ကျော် နိုင်ငံရေးဖြတ်သန်းမှုရှိသူ ဦးကြီးမြင့်က ဆိုသည်။
စစ်ကောင်စီ၏ အဆင်အခြင်မဲ့လုပ်ရပ်နှင့် ပတ်သက်၍ ပြည်တွင်းရှိ နိုင်ငံတကာသံရုံးများအပြင် နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန် ရှုံ့ချထားသည်။
အာဏာသိမ်းစစ်ကောင်စီနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနေသည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်ကလည်း အလွန်စိတ်ပျက်ဖွယ်ရာ လုပ်ရပ်ဟု ထုတ်ဖော်ပြောဆိုထားသည်။ နိုင်ငံရေးအကျဉ်းသားလေးဦးကို သေဒဏ်စီရင်ခြင်း မပြုရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌက အကြိမ်ကြိမ်တိုက်တွန်းတောင်းဆိုခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်ရှိ မြို့နယ် ၆ ခုကို စစ်အုပ်ချုပ်ရေးကြေညာကာ ဖမ်းဆီးရမိသည့် ဆန့်ကျင်တော်လှန်သူများကို စစ်ကောင်စီက စစ်ခုံရုံးဖြင့် တရားစီရင်ခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇူလိုင် ၂၂ ရက်ထုတ်ပြန်ချက်အရ ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့ အပါအဝင် သေဒဏ်ချမှတ်ခံရသူ ၁၁၇ ဦးရှိသည်။ ထိုအထဲတွင် အသက် ၁၈ နှစ်မပြည့်သေးသူ နှစ်ဦးပါဝင်ပြီး ၄၁ ဦးမှာ မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူများဖြစ်သည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.