ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့အပေါ် ကွပ်မျက်မှု နိုင်ငံရေးရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့အပေါ် ကွပ်မျက်မှု နိုင်ငံရေးရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ကို တွေရစဉ်

By RFA Burmese

သေဒဏ်ချမှတ်ခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ (ခေါ် ) ဦးကျော်မင်းယုနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို ဥပဒေအရ ပြစ်ဒဏ်စီရင်လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီရဲ့ မြန်မာဘာသာနဲ့ ရော အင်္ဂလိပ်ဘာသာနဲ့ပါ ထုတ်ပြန်တဲ့ သတင်းစာတွေကနေ ဒီနေ့ ဇူလိုင် ၂၅ ရက်နေ့မှာ တရားဝင် ကြေညာပါတယ်။

ဒါဟာ နိုင်ငံတကာရဲ့ တောင်းဆိုမှုကို ဆန့်ကျင်ပြီး သွေးအေးအေးနဲ့ လူသတ်မှု ကျူးလွန် လိုက်တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က တုံ့ပြန်ဝေဖန်ပါတယ်။

“ရာဇဝတ်မှု၊ လူသတ်မှု၊ သွေးအေးအေးနဲ့ လူသတ်မှု၊ လိမ်မှု ကျူးလွန်လိုက်တာပဲ။ ကမ္ဘာကြီးကလည်း ဘာလုပ်ရမလဲဆိုတော့ ထုတ်ပြန်ချက်တွေ ထုတ်တာပြုတာက သူတို့အတွက် မဆန်းတော့ဘူး။ အခု ဒီလို ကျူးလွန်တဲ့အပြစ်၊ မလေးမစားနဲ့ လုပ်တဲ့ဟာ သူတို့ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူရမယ်။ အာဆီယံကလည်း အရေး ယူရမယ်။ ပိုပြီးပြင်းထန်တဲ့ အရေးယူမှုတွေ ပြုရမယ်။ ဒီတာဝန်ရှိတဲ့သူတွေ စကစဟာ စစ်တပ် မဟုတ်တော့ဘူး။ လက်နက်ကိုင် လူသတ်တဲ့အုပ်စု ဖြစ်သွားပြီ”

ဇူလိုင် ၂၂ ရက် သောကြာနေ့က အခုကွပ်မျက်ခံရသူ လေးဦးကို မိသားစုဝင်တွေနဲ့ ပထမဆုံး အကြိမ် အွန်လိုင်း ကတစ်ဆင့် စကားပြောခွင့်ပေးခဲ့ပြီးတဲ့နောက်မှာ အခုလို လက်တွေ့ သေဒဏ် စီရင်လိုက်တာဖြစ်ပါတယ်။

စစ်တပ်ထောက်ခံသူတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးထားတဲ့ သတင်းတွေအရ ဦးဂျင်မီကို ဇူလိုင်လ ၂၃ ရက် စနေနေ့ မနက်ပိုင်း၊ ဦးဖြိုးဇေယျာသော်နဲ့ ကျန်သုံးဦးကို ဇူလိုင် ၂၄ ရက် တနင်္ဂနွေ မနက်အစောပိုင်းမှာ ကြိုးပေးကွပ်မျက်လိုက်တာလို့ ရေးထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။ စစ်တပ်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကနေ သတင်းသမားတွေကို တုံ့ပြန်ဖြေကြားဖို့ ဖွင့်ထားတဲ့ Viber Group မှာတော့ လက်တွေ့ကွပ်မျက်လိုက်တဲ့ကိစ္စဟာ သတင်းစာတွေမှာ ဖော်ပြထားတဲ့အတိုင်းပဲ ဖြစ်တယ်လို့ ပြောထားပါတယ်။

ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို အခုလို လက်တွေ့ကွပ်မျက်လိုက်တဲ့အတွက် အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူတွေဘက်က တုံ့ပြန်မှုတွေ ပိုများလာလိမ့်မယ်လို့ အနောက်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်မဟာ ၇၊ တပ်ရင်း ၃၀၇ တပ်ရင်းမှူး ကိုစိုးမိုး က RFA ကို ပြောပါတယ်။

“ဒါက လူ့အဖွဲ့အစည်းမှာ မဖြစ်သင့်တဲ့ကိစ္စတွေပါ။ လက်တုံ့ပြန်နိုင်တဲ့ အပိုင်းတွေ ကတော့ ရှိလာမှာပါပဲ။ အမြဲတမ်းလည်း တိုက်နေတာပါပဲ။ ဒီဘက်မှာဆိုလည်း စစ်ရေးအခြေအနေက အမြဲတမ်းတင်းမာနေတဲ့ အနေအထားတွေ ရှိတာပေါ့။ အခုက တော့ ရဲဘော်တွေအကုန်လုံးက အဲဒီကိစ္စအတွက် မကျေမနပ်ဖြစ်ပြီးတော့ တိုက်ချင်၊ ခိုက်ချင်စိတ်တွေ ပိုပြင်းပြနေတယ်။ ဒါပေမဲ့ လိုအပ်သလောက်ပဲ ပြင်းပြရမယ်ပေါ့။ အရမ်းကြီးများသွားရင် ဘယ်အရာမှ အဆုံးစွန်ထိရောက်တာ မကောင်းဘူးပေါ့”

တော်လှန်ရေးမှာ ရဲဘော်တစ်ယောက် သေဆုံးသွားတိုင်း နောက်ထပ် ဆယ်ယောက် တိုးလာမှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဦးဂျင်မီ တို့ကို အင်းစိန်ထောင်ထဲမှာ လက်တွေ့ကွပ်မျက်လိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့ ဒေါပုံ-သာကေတ တံတားအသစ် ပေါ်မှာ သွေးကြွေးဆပ်ဖို့ ပြင်ထားကြဆိုတဲ့ စာတန်းတစ်ခုကို လူငယ်တော်လှန်ရေး အင်အားစုတွေက ချိတ်ဆွဲထားတာ တွေ့ရပါတယ်။

ဒါဟာ ထောင်တွင်းရော၊ ထောင်ပြင်မှာပါ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသူတွေကို စစ်ကောင်စီဘက်က နမူနာပြ တားဆီးထိန်းချုပ်လိုတဲ့လုပ်ရပ်လို့ ပုဇွန်တောင်၊ ဗိုလ်တထောင် လူငယ်များသပိတ်ကော်မတီဝင် မဂျူဝယ်လ် က ပြောပါတယ်။

“လောလောဆယ်မှာဆိုလို့ရှိရင် အထဲကနေ အပြင်ကလူတွေသိတဲ့ နိုင်ငံရေးလှုပ်ရှားသူ တွေကို သတ်လိုက်ပြီဆိုတဲ့ အခြေအနေတစ်ခုနဲ့ အထဲကလှုပ်ရှားမှုတွေကို ထိန်းချုပ်ချင် တဲ့ ပုံစံမျိုးကြောင့်ပဲ ဒီလိုမျိုးရက်ရက်စက်စက် သတ်လိုက်တယ်ဆိုတဲ့ ပုံစံမျိုးပြုလုပ် တယ်လို့ ထင်တယ်။ ဒါသည် လုံးဝမတရားသဖြင့် ထောင်တွင်းလူသတ်မှုပါပဲရှင့်”

ဒီလုပ်ရပ်ကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူတွေ ကြောက်ရွံ့သွားမှာ မဟုတ်ဘဲ ဆန့်ကျင် လှုပ်ရှားမှုတွေ ပိုအားကောင်းလာလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

“ဒါသည် လုံးဝမတရားသဖြင့် ထောင်တွင်း လူသတ်မှုပါပဲရှင့်

ထင်ရှားတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို အခုလို ကြိုပေးသတ်လိုက်တဲ့ကိစ္စဟာ စစ်ကောင်စီဘက်က ပြည်သူအားလုံးကို လက်ခုပ်ထဲကရေ သွန်လိုသွန်၊ မှောက်လိုမှောက် လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတာကို ပြသလိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံ ပြည်သူတစ်ဦးက ပြောပါတယ်။

“ဒီလိုမျိုးလုပ်လိုက်တယ်ဆိုကတည်းကိုက ဒါက စစ်ကောင်စီက ပြည်သူလူထုက ငါတို့ လက်ထဲမှာ ရှိတယ်။ ငါတို့ သွန်ချင်သွန်မယ်။ မှောက်ချင်မှောက်မယ်။ ငါတို့ ခြေချင် ခြေမယ်ဆိုတဲ့ ပုံစံမျိုးကို ချပြတဲ့သဘောကြီး ဖြစ်နေတာပေါ့နော်။ ဘယ်ပြည်သူမှလည်း မလုံခြုံတော့ပါဘူး။ ကိုယ့်ထမင်းကိုယ်စား အေးအေးဆေးဆေးနေလို့ရတယ်ဆိုတဲ့ အတွေး ရှိတဲ့လူတွေလည်း အခုလက်ရှိအနေအထားမှာ သူတို့ သွားရလာရတာ လုံခြုံလားလို့ အဲဒီလိုမျိုး ပြန်ပြီးတော့ မေးခွန်းထုတ်ချင်တယ်ပေါ့နော်”

အင်းစိန်ထောင်နဲ့ နီးစပ်သူတစ်ဦးရဲ့အပြောအရ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို လက်တွေ့ ကွပ်မျက်လိုက်ပြီဆိုတဲ့ သတင်းကြားတာကြောင့် ကာယကံရှင်တွေရဲ့ မိသားစု ဝင်တွေက ဇူလိုင် ၂၅ ရက် ဒီနေ့မနက်ပိုင်းမှာ အင်းစိန်ထောင်ကို သွားတွေ့ပြီး ဒုတိယ ထောင်ပိုင်ကို မေးမြန်းရာမှာ သေဒဏ်စီရင်လိုက်တာကို အတည်ပြုပေးခဲ့ပေမယ့် ရုပ်အလောင်းတွေကိုတော့ ထုတ်မပေးနိုင်ဘူးလို့ ငြင်းဆိုခဲ့တယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပြပါတယ်။

စစ်ကောင်စီ သေဒဏ်စီရင်လိုက်သည့် ကိုလှမျိုးအောင် (ဝဲဘက်) နှင့် ကိုအောင်သူရဇော် (ယာဘက်) တို့ကို တွေ့ရစဉ်  

ဒါဟာ စစ်ကောင်စီဘက်က ဥပဒေကို လက်တစ်လုံးခြား လုပ်တာလို့ အာရှလူ့အခွင့်အရေး အဖွဲ့မှာ နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့တဲ့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦး က ထောက်ပြ ဝေဖန်ပါတယ်။

“အခုက မသေခင်မှာလည်း မိသားစုနဲ့ လူချင်းတွေ့ဆုံခွင့်မပေးဘဲ ဗီဒီယိုကောနဲ့ အင်တာနက်ကနေတစ်ဆင့် တွေ့ဆုံခွင့်ပေးတယ်ဆိုတာ ဒါဥပဒေကို လက်တစ်လုံးခြား လုပ်တာပဲဗျာ။ နောက်ပြီးတော့ တစ်ခါ သေဒဏ်စီရင်ပြီးတဲ့အခါ ရုပ်အလောင်းကို ထုတ်မပေးဘူးဆိုတာ သိပ်အဓိပ္ပာယ်မရှိဘူးဗျ။ အမှန်ကတော့ မိသားစုရဲ့ဆန္ဒအရ သူတို့လိုချင်တယ်ဆိုလို့ရှိရင် ထုတ်ပေးရမယ့် သဘောတော့ ရှိတာပေါ့ဗျာ”

ဒီလို ကွပ်မျက်လိုက်တာဟာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသူတွေကို ခြိမ်းခြောက် တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ဦးမင်းလွင်ဦးက ဖြည့်စွက်ပြောဆိုသွားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံရေး ရာဇဝတ်မှု ကျူးလွန်တာဖြစ်ပြီး တစ်နေ့မှာ ပြန်ပေးဆပ်ရလိမ့်မယ်လို့ မှတ်ချက်ပေးပါတယ်။

“တကယ်ကတော့ နိုင်ငံရေးအရ ဆန့်ကျင်တဲ့ အင်အားစုတွေကို သတ်ဖြတ်ပစ်လိုက်တာ ဖြစ်တဲ့အတွက် ဒါက နိုင်ငံရေး ရာဇဝတ်မှုပါ။ သူတို့က အဲဒီလို လုပ်လာတယ်ဆိုရင်တော့ ကျနော်တို့လူထုက ကျနော်တို့အောင်ပွဲရလို့ရှိရင် သူတို့ကိုလည်း အဲဒီလိုပဲလုပ်ရမှာပဲ။ တစ်စုလုံး တစ်ဖွဲ့လုံး စစ်တပ်တစ်အုပ်စုလုံးကို ကျနော်တို့က သေဒဏ် ပေးပစ်ရမှာပဲ”  

ရန်ကုန်၊ ဒေါပုံ-သာကေတ တံတားအသစ်တွင် “သွေးကြွေးဆပ်ဖို့ ပြင်ထားကြ” ဆိုသည့် စာတန်းကို ချိတ်ဆွဲထားသည်ကို တွေ့ရစဉ် (Photo: Yangon Democratic youths striker)  

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့နှစ်ဦးကို စစ်ကောင်စီက လက်တွေ့ကွပ်မျက်လိုက်တဲ့ အပေါ် အထူးဝမ်းနည်းတုန်လှုပ်မိကြောင်းနဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်ဖို့ ကမ္ဘာကြီးတစ်ခုလုံးက ဝိုင်းဝန်းကူညီရမှာဖြစ်ကြောင်း ဒီနေ့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော် (AA) နဲ့ အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတချို့ကလည်း စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ဟာ ပြည်တွင်းနိုင်ငံရေး အခြေအနေတွေ တိုးတက်ဖို့အတွက် အိမ်နီးချင်း အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ကြိုးပမ်းချက်တွေကို ခြေနဲ့ နင်းခြေဖျက်ဆီး လိုက်တာဖြစ်ကြောင်း အသီးသီး ထုတ်ပြန်ထားပါတယ်။

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် တို့လို ထင်ရှားတဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေကို လက်တွေ့ ကွပ်မျက်မယ်ဆိုရင် ကြီးမားတဲ့တုံ့ပြန်မှုတွေကို ပြန်ရနိုင်တာကြောင့် ပြန်စဉ်းစား ဖို့ လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဇွန်လ ၁၀ ရက်နေ့က စာရေး တောင်းဆိုထားပြီး ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်အစိုးရတို့က လည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတာဖြစ်ပါတယ်။


Original Post: RFA Burmese

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia