အလောင်းမရ၊ အရိုးပြာမပေး၊ သေဆုံးနေ့ အတိကျမသိခဲ့ရတဲ့ သေဒဏ်ပေးမှု

အလောင်းမရ၊ အရိုးပြာမပေး၊ သေဆုံးနေ့ အတိကျမသိခဲ့ရတဲ့ သေဒဏ်ပေးမှု

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ မနီလာသိန်းတို့ရဲ့ အမှတ်တရဓာတ်ပုံ – KO THEIN SWE  

By BBC News

ဒီကနေ့ ဇူလိုင် ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေထဲမှာ မထင်မရှားထည့်ထားတဲ့ သတင်းတစ်ပုဒ်က လူအများကို အံ့သြထိတ်လန့်သွားစေခဲ့ပါတယ်။

မြန်မာ့ ဒီမိုကရေစီရေးအတွက် သူတို့ဘဝ အချိန်အတော်များများကို အကျဥ်းထောင်တွေထဲမှာ ကုန်ဆုံးခဲ့ရတဲ့ နိုင်ငံရေးသမား နှစ်ဦးဟာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ရင်း ဖမ်းဆီးခံခဲ့ရပြီးနောက် သေဒဏ်ပေးခံခဲ့ရပါတယ်။ မမျှော်လင့်ထားတဲ့ သတင်းဆိုးကြောင့် မိသားစုဝင်တွေက အင်းစိန်ထောင်ကို ဒီကနေ့မနက်မှာ ချက်ချင်းလိုက်သွားခဲ့ပေမယ့် ရုပ်အလောင်းတွေကို မတွေ့ရရုံသာမက ဘယ်နေ့က စီရင်လိုက်တယ်ဆိုတာကိုပါ အတိအကျမသိခဲ့ရပါဘူး။

“သတင်းစာထဲပါတာကို လူတွေကပြောလို့ ကျွန်မသေချာအောင်လို့ လာခဲ့တာပါ ။သောကြာနေ့ကတွေ့လို့ ပိုက်ဆံလေးအပ်ပေးပါ ဆိုလို့ ကျွန်မ ဒီနေ့ လာအပ်တာပါ “လို့ ဦးဖြိုးဇေယျာသော်ရဲ့ မိခင် ဒေါက်တာဒေါ်ခင်ဝင်းမေက အင်းစိန်ထောင်ကို ရောက်လာရတဲ့အကြောင်းကို ဘီဘီစီကို ပြောပြပါတယ်။

” ကျွန်မကို ထောင်အာဏာပိုင်တွေက အတည်ပြုပြောပါတယ်။ ကျွန်မက ကလေးရဲ့ dead body ပေးပါဆိုတော့ ထုံးစံမရှိပါဘူးတဲ့။ အရိုးပြာပေးပါဆိုတော့လည်း ပေးလို့မရပါဘူးတဲ့ ။ ဒါဆို ဘယ်နေ့က စီရင်ခဲ့တာလဲ ကျမတို့က ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် ရက်လည်လုပ်ဖို့ပါပြောတော့ စနေ ၊ တနင်္ဂနွေကို မှန်းလုပ်လိုက်ပါလို့ ပြောတယ်” လို့ ဦးဖြိုးဇေယျာသော်ရဲ့ မိခင် ဒေါက်တာ ဒေါ်ခင်ဝင်းမေက ပြောပြပါတယ်။

အကျဉ်းထောင်လက်စွဲ အပိုင်း ၁၀ အရ အကျဉ်းထောင်ထဲမှာ သေဆုံးသွားတာသူ ဒါမှမဟုတ် သေဒဏ်ပေးခံရတဲ့ အကျဉ်းသားရဲ့ ရုပ်ကလာပ်ကို အကျဉ်းသားရဲ့မိတ်ဆွေတွေ တောင်းဆိုလာရင် ပေးအပ်နိုင်တဲ့အကြောင်း၊ အထူးဆန့်ကျင်ဘက် အကြောင်းတစ်စုံတရာနဲ့ အကျိုးယုတ်နိုင်သောအကြောင်းများရှိရင် မပေးအပ်ရ၊ ဥပမာ- အကျဉ်းသားဟာ ကူးစက်ရောဂါကြောင့် သေဆုံးတာ ဒါမှမဟုတ် အကျဉ်းထောင်တွင်းမှာ သေဒဏ်ပေးလို့ သေဆုံးတဲ့အကျဉ်းသားဖြစ်ရင် သူ့ရဲ့အလောင်းကို သဂြိုလ်တဲ့အခါ ဆန္ဒပြတာတွေ ဖြစ်ပေါ်လာနိုင်ရင် မပေးအပ်ရလို့ သိရပါတယ်။

ဒါကြောင့် ဦးဂျင်မီနဲ့ ဦးဇေယျာသော်အပါဝင် သေဒဏ်စီရင်ခံရသူတွေရဲ့ အလောင်းကို ဘာကြောင့် မပေးသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

စစ်ကောင်စီဘက်ကို ဒီသတင်းနဲ့ပတ်သက်လို့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

ဒီကနေ့ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၅ ရက် မှာ ဦးဂျင်မီ ခေါ် ကိုကျော်မင်းယု ၊ ဦးဖြိုးဇေယျာသော် ခေါ် မောင်ကျော် ခေါ် ရေခဲ၊ ဦးလှမျိုးအောင် ခေါ် ကိုမျိုး ခေါ် ဝက်ကြီးနဲ့ ဦးအောင်သူရဇော် ခေါ် ကတုံး ခေါ် သူရတို့ကို ကျုးလွန်တဲ့ပြစ်မှုအလိုက် သက်ဆိုင်ရာ စစ်ခုံရုံးက သေဒဏ်ချမှတ်ထားတဲ့အကြောင်း၊ အဲ့ဒီ လေးယောက်ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးတဲ့အကြောင်း စစ်ကောင်စီက သတင်းစာတွေကနေ ထုတ်ပြန်ခဲ့ပါတယ်။

ထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၂ ခုနှစ်တုန်းက ပြင်သစ်ခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ ကိုဖြိုးဇေယျာသော် – GETTY IMAGES   

စစ်ကောင်စီက ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်အပါဝင် ၄ ယောက်ကို သေဒဏ်ချမှတ်တဲ့အကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်မှာ စတင်ကြေညာခဲ့ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ) နဲ့ ၅၀(ည)တို့အရ သူတို့နှစ်ဦးကို သေဒဏ်ချမှတ်တာဖြစ်ကြောင်း စစ်ကောင်စီက (ဇန်နဝါရီ ၂၁) ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။​စတင်ဖမ်းဆီးချိန်ကနေ စပြီး မိသားစုဝင်တွေနဲ့ ထောင်ဝင်စာတွေ့ခွင့်မပေးခဲ့တဲ့ စစ်ကောင်စီက ‌သေဒဏ်မစီရင်မီ ဇူလိုင် ၂၂ ရက်မှာ မိသားစုဝင်တွေနဲ့ ပထမဆုံး တွေ့ခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီအကြိမ်က ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ဖြစ်ခဲ့မယ်ဆိုတာကို မိသားစုဝင်တွေက မသိခဲ့ကြပါဘူး။

“အချိန်တစ်ခုတော့ ကြာဦးမယ်ထင်တာ”လို့ ဦးဖြိုးဇေယျာသော် မိခင် ဒေါက်တာခင်ဝင်းမေက ပြောပါတယ်။

ပြည်တွင်းရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ကန့်ကွက်မှုတွေ ရှိနေပေမယ့် သူတို့နှစ်ဦးအပေါ် ချမှတ်ထားတဲ့ သေဒဏ်အမိန့်ကို အကောင်အထည်ဖော်တော့မယ်လို့ စစ်ကောင်စီဘက်က ဇွန်လဆန်းပိုင်းမှာ ပြောဆိုထားလို့ ဒီတွေ့ဆုံမှုဟာ သေဒဏ်မချမှတ်ခင် နောက်ဆုံးတွေ့ဆုံခွင့် ဖြစ်မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း အဲ့ဒီရက်က ထွက်ပေါ်လာခဲ့ပါတယ်။

စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အကျဥ်းထောင် လုပ်ထုံးလုပ်နည်းအရ တွေ့ဆုံခွင့်ပေးတာသာ ဖြစ်ပြီး သေဒဏ်ချမှတ်ဖို့ တွေ့ခွင့်ပေးတာ မဟုတ်သေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

“အခုလောလောဆယ်တော့ မဟုတ်သေးဘူးလို့ပဲ ပြောလိုပါတယ်ဗျ။ လုပ်ရမယ့် အဆင့်တွေတော့ ရှိသေးတယ်။ ကျန်းမာရေးအရ စစ်ဆေးတဲ့ဟာတွေတို့၊ သူရဲ့ အကျဥ်းထောင်လုပ်ထုံးလုပ်နည်းတွေ ရှိပါသေးတယ်။ ဒီကြားထဲမှာ တွေ့ဆုံမယ့်ဟာတွေ ရှိပါသေးတယ်။ ဒီလုပ်ထုံးလုပ်နည်းတွေအရ ဆောင်ရွက်ရဦးမှာ ဖြစ်တယ်” လို့ ဆိုခဲ့ပါတယ်။

ဒါပေမဲ့ သူ ဒီလိုပြောခဲ့တဲ့ စကားဟာ ၄၈ နာရီခန့်အကြာမှာ အခြေအနေတွေ ပြောင်းသွားခဲ့ပါတယ်။

NILAR THEIN, GETTY IMAGES  

သေဒဏ်စီရင်တာကို မြန်မာနိုင်ငံမှာ မကျင့်သုံးတာ နှစ်ပေါင်း ၄၀ ကျော်ကြာပြီဖြစ်ပေမဲ့ အာဏာသိမ်းထားတဲ့ စစ်ကောင်စီလက်ထက်မှာ ဒါက ပထမဆုံး သေဒဏ်စီရင်တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဒီလိုလုပ်ရပ်နဲ့ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားတစ်ယောက်ဖြစ်တဲ့ ဦးရဲနိုင်အောင်က ” ဒါက တိုင်းပြည်အတွက် ကြေကွဲစရာပါပဲဗျာ။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ အခွင့်အလမ်းမရှိတော့ဘူးဆိုတဲ့သဘောကို ညွှန်ပြနေတယ်။ တိုင်းပြည်အနာဂတ်အတွက် ရင်လေးစရာဖြစ်ရပ်ပါပဲ။ ပြောစရာစကားလုံး မရှိတော့ပါဘူး ” လို့ ပြောပါတယ်။

ဒီလို သေဒဏ်စီရင်တာဟာ စစ်ကောင်စီရဲ့ နောက်ထပ် ရာဇဝတ်မှုကျုးလွန်မှုတစ်ခုဖြစ်တာကြောင့် လူ့အခွင့်အရေးချိုးဖောက်တဲ့ ရာဇဝတ်မှုတွေကို အရေးယူနိုင်ဖို့ ကြိုးစားနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

” သေဒဏ်ဆိုတာ အမြင့်ဆုံးပြစ်ဒဏ်မို့လို့ သေချာပြင်ဆင်ရတယ်။ အခု သေဒဏ်ပေးခံရတဲ့ ဖြစ်စဉ်ဖြစ်သည့်တိုင်အောင် စီရင်ခံရသူတွေရဲ့ ရပိုင်ခွင့်အရ လွတ်လွတ်လပ်နဲ့ သူ့ရဲ့ရပိုင်ခွင့်တွေ၊ ချေပပိုင်ခွင့်တွေ လုံးဝမရှိဘဲ တစ်ဖက်သတ် အမိန့်ချလိုက်တာ၊ သူတို့ စွပ်စွဲထားတာတွေကလည်း ပြစ်မှုတွေမဟုတ်ဘူး။ “လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၉၈ ခုနှစ်နောက်ပိုင်းကစပြီး လက်တွေ့ ကွပ်မျက်အပြစ်ပေးတာမျိုး မရှိခဲ့ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်နဲ့ အစိုးရအဖွဲ့ဝင်တွေက သေဒဏ်ကို တရားဝင်ရပ်ဆိုင်းဖို့အတွက် ၂၀၁၇ ခုနှစ်မှာ ဆွေးနွေးခဲ့ဖူးပါတယ်။

စစ်အာဏာသိမ်းခံလိုက်ရချိန်မှာတော့ သေဒဏ်က ပြန်လည်အသက်ဝင်လာတာဖြစ်ပါတယ်။ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို သေဒဏ်ချမှတ်ချိန်ကစလို့ သေဒဏ်ကို ကန့်ကွက်တဲ့အကြောင်း နိုင်ငံတကာနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် သေဒဏ်ပေးခံရသူအရေအတွက် ၁၁၇ ယောက်ရှိပါတယ်။ အဲ့ထဲက ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါဝင် ၄ ယောက်ဟာ ပထမဆုံး သေဒဏ်စီရင်ခံရတာ ဖြစ်ပါတယ်။

သူတို့က ဇူလိုင် ၂၃ ရက်နေ့က စစ်ကောင်စီက သေဒဏ်စီရင်လိုက်တယ်လို့ ယူဆခဲ့ကြပါတယ်။

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ သေဒဏ်စီရင်ခံရပြီးနောက်မှာတော့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံအသိုင်းအဝန်းတွေက တိုက်တွန်းနေတဲ့ ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်နိုင်မယ့် နိုင်ငံရေးလမ်းကောင်းတွေကို ရင့်ရင့်သီးသီး နင်းခြေလိုက်တာဖြစ်တဲ့အကြောင်း၊ သေဒဏ်ကို မစီရင်ဖို့ ယဉ်ကျေးတဲ့သံတမာန်ရေးနဲ့ နိုင်ငံရေးအသိုင်းဝန်းတွေက မေတ္တာရပ်ခံတဲ့ကြားက သေဒဏ်စီရင်တာဟာ ပြည်သူတွေရဲ့ ဒေါသနဲ့ မခံချင်စိတ်ကို နိုးဆွစိန်ခေါ်လိုက်တာဖြစ်တဲ့အကြောင်း ဒီဖြစ်ရပ်ကြောင့် ပြည်သူလူထုကနေ တုံ့ပြန်လာမဉ့် နောက်ဆက်တွဲအခြေအနေတွေကို စိုးရိမ်မိတယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ်က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုဂျင်မီ – မောင်သိန်း ဒဿနိက  

သေဒဏ်စီရင်ခံလိုက်ရတဲ့ ဦးဂျင်မီဟာ ၁၉၈၈ အရေးတော်ပုံကြီးမှာ ကျောင်းသားတစ်ယောက်အနေနဲ့ တိုက်ပွဲဝင်ခဲ့ပြီး လက်ရှိ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအဖြစ် ရပ်တည်နေသူပါ။ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းတာကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။ ဦးဂျင်မီဟာ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ တစ်ကြိမ် အကျဉ်းကျခံရတာကြောင့် ထောင်ထဲမှာ ၂၁ နှစ်လောက် ဖြတ်သန်းခဲ့ရသူဖြစ်ပါတယ်။

ဦးဖြိုးဇေယျာသော်ဟာ ဟစ်ဟော့အဆိုတော်ဟောင်းတစ်ယောက်ဖြစ်ပြီး ၂၀၀၈ ခုနှစ် စစ်အစိုးရလက်ထက်မှာ ဒီမိုကရေစီလှုံ့ဆော်မှုတွေကြောင့် ဖမ်းဆီးခံခဲ့ရပြီးနောက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ၂၀၁၁ ခုနှစ် မေလမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်၊ ၂၀၁၅ ခုနှစ်မှာ ဇဗ္ဗူသီရိမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ပါဝင်ယှဉ်ပြိုင်တာ မရှိဘဲ မဲဆွယ်စည်းရုံးရေးတွေမှာ ပါဝင်ကူညီခဲ့တာဖြစ်ပါတယ်။

“ကျမနဲ့ ကလေးတွေ့တုန်းက နောက်ဆုံးတွေ့ခြင်းဆိုတာလည်း မပြောကြဘူး။ ကလေးက ဒီတစ်ခါတွေ့ပြီးရင် ဘယ်တော့ပြန်တွေ့ရမလဲ မသိလို စာကြည့်မျက်မှန်ရယ်၊ စာအုပ်ရယ်၊ Dictionary ရယ်၊ ငွေလေးရယ်ပေးပါတဲ့ ။ ကျမက ပိုက်ဆံထည့်ပေးဖို့ကို အဲ့နေ့က သောကြာနေ့ ရုံးချိန်ကုန်သွားလို့ ဒီနေ့ တနင်္လာနေ့ လာလိုက်တာ။ သားအမိတွေ သာကြောင်း ၊ မာကြောင်းပဲ ပြောခဲ့ကြတာ။ ” လို့ ဦးဖြိုးဇေယျာသော်မိခင်က ပြောပါတယ်။

အခုချိန်မှာတော့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်အပါဝင် သေဒဏ်စီရင်ခံရသူတွေရဲ့ ရုပ်အလောင်းတွေကို ဘယ်လို သင်္ဂြိုဟ်လိုက်သလဲ ဆိုတာတောင် မိသားစုဝင်တွေ မသိကြရသလို နောက်ဆုံး အရိုးပြာလေးဖြစ်ဖြစ် ရခွင့်ရှိဖို့ ကြိုးစားနေကြပါတယ်။

သေဒဏ်စီရင်ခံလိုက်ရတဲ့ ဦးဖြိုးဇေယျာသော်ရဲ့မိခင် ဒေါက်တာခင်ဝင်းမေက “အမေတစ်ယောက်အနေနဲ့ ကိုယ့်သားအတွက် ဂုဏ်ယူတယ်။ အသက်တောင်ပေးသွားတာပဲ။ ဖြစ်နိုင်ရင် Dead Body တို့ အရိုးတို့ယူပြီး သူ့ကို အာဇာနည်ဗိဗ္မာန်ကြီးလိုပဲ လုပ်ပေးချင်တာပါ”လို့ ဘီဘီစီကို ပြောပါတယ်။


Original Post: BBC News

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia