CDM ပညာရေးဝန်ထမ်း ၂၀၀ ကျော် ဖမ်းဆီးခံရ၊ ၂၄ ဦး သေဆုံး

CDM ပညာရေးဝန်ထမ်း ၂၀၀ ကျော် ဖမ်းဆီးခံရ၊ ၂၄ ဦး သေဆုံး

ထားဝယ်မြို့မှာ စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ကျေင်းဆရာ၊ ဆရာများက ၂၀၂၁ ခုနှစ် မေလ ၁၃ရက်နေ့က ဆန္ဒပြကြစဉ်

By RFA Burmese

မြန်မာပြည်တစ်နိုင်ငံလုံးမှာ ပညာရေးဝန်ထမ်း လေးသိန်းခွဲကျော်ရှိပါတယ်။ စစ်အာဏာ သိမ်းလိုက်ချိန်မှာ Civil Disobedience Movement လို့ခေါ်တဲ့ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဆရာ၊ ဆရာမ နှစ်သိန်းကျော်ရှိတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ပညာရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

အခုဆိုရင် အာဏာသိမ်းပြီး တစ်နှစ်ခွဲအတွင်း CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ပညာရေး ဝန်ထမ်း ၂၀၉ ဦးကို ဖမ်းဆီးထားသလို၊ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုနဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် CDM ပညာရေးဝန်ထမ်း ၂၄ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် ကျေနပ်မှုမရှိဘူးလို့ ဖမ်းဆီးခံထားရတဲ့ အလယ်တန်းပြ CDM ကျောင်းဆရာမ ဒေါ်အေးလွင် (အမည်လွှဲ) ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ် ဧပြီကတည်းက အဖမ်းခံရတယ်၊ CDM ဝင်လို့ဆိုပြီး၊ ထောင် သုံးနှစ် ချလိုက်တယ်၊ ဒီမိန်းကလေး ကျောင်းဆရာမဖြစ်ဖို့ကို အန်တီတို့က အများကြီး ကြိုးစားပြီး သင်ထားပေးခဲ့ရတယ်။ ဆရာမတစ်ယောက်အနေနဲ့ ထောင်ထဲမှာ သုံးနှစ် သွားနေရတယ်ဆိုတာက မသင့်တော်ဘူး၊ မဖြစ်သင့်ဘူး၊ ထောင်သုံးနှစ်ချတာကိုလည်း မိသားစုတွေအနေနဲ့ ကျေနပ်မှု လုံးဝမရှိဘူး”

အခုနောက်ပိုင်းမှာ စစ်ကောင်စီဟာ CDM ပညာရေးဝန်ထမ်းတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေချမှတ်ဖို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ပါ တရားစွဲဆိုလာတယ်လို့ ထိုင်း-မြန်မာနယ်စပ်အထိ ထွက်ပြေး တိမ်းရှောင်နေတဲ့ ပဲခူးတိုင်း ကဝမြို့နယ်က အလယ်တန်းပြ CDM ကျောင်းဆရာ ကိုမိုးသွေးညိုက ဆိုပါတယ်။

“တော်လှန်ရေး ကြာလာလေလေ သူတို့ဘက်က မတရားစွပ်စွဲပြီးတော့ ဖမ်းဆီး ထောင်ချတဲ့ ပုဒ်မတွေ ကြီးလာလေပေါ့၊ ဥပမာ-အစပိုင်းလောက်က ၅၀၅ (က) ပဲ ဖြစ်တယ်၊ ဒီနောက်ပိုင်းရောက်တဲ့အခါမှာ အကြမ်းဖက်မှုတိုက်ဖက်ရေး ဥပဒေနဲ့ စွဲတယ်။ ၅၀ (ည) တို့၊ ၅၀ (ခ) တို့၊ (က) တို့ပေါ့နော်။ အဲဒါတွေနဲ့ပါ တောက်လျှောက် စွဲလာတာမျိုး ကျနော်တို့တွေ့ရတယ်။ ပြီးတော့ ထောင်ဆိုရင်လည်း ပုဒ်မတွေ စုံလာတာပေါ့၊ ၅၀ (ည)၊ (ခ)၊ (က) တို့ပေါ့။ အကြမ်းဖက်ဥပဒေ ပုဒ်မတွေနဲ့ နည်းမျိုးစုံ စွဲပြီးတော့ ထောင်နှစ်ရှည်ချတာတွေလည်း ကြုံတွေ့ မြင်နေရတယ်”

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်က အလယ်တန်းပြ CDM ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဦးလွင်ကို (အမည်လွှဲ) ကလည်း CDM ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီက ပစ်မှတ်ထားဖိနှိပ်တာကို ကန့်ကွက်တယ်လို့ ပြောပါတယ်။

“ကျနော်တို့သည် ဆရာ၊ ဆရာမတွေ ဖြစ်တဲ့အတွက် အမှား၊ အမှန်ကို ကျနော်တို့က ခွဲခြား သိပြီးသား။ အခုလိုမျိုး လုပ်နေတာတွေဟာ သာမန်ပြည်သူတွေလည်း သိတယ် ဘယ်သူမှ ဒါမလုပ်သင့်ဘူး။ ဆရာ၊ ဆရာမတွေ သူတို့ရဲ့ ဆန္ဒကို သူတို့ထုတ်ပြောတယ် မတရားဘူး ထင်တယ်။ အမှန်တရားဘက်က ရပ်တည်တယ် ဒါပဲ။ ကျနော်တို့က CDM ဝင်ထားတဲ့အတွက် စကစရဲ့ ဌာနတွေက အလုပ်တွေလည်း ထုတ်ပြီးသွားပြီ၊ ရပ်ဆိုင်းတွေလည်း ထွက်ပြီးပြီ၊ နှစ်ကာလတွေလည်း ကြာနေပြီ၊ အဲဒီပေါ်မှာ အခုချိန်ထိ ဖမ်းဆီးတာတွေ၊ အရေးယူတာတွေ၊ ထောင်ချတာတွေ၊ မတရားပုဒ်မတပ်တာတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်”

လှိုင်သာယာမြို့နယ် ပညာရေးဝန်ထမ်းသပိတ်စစ်ကြောင်းဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ တရုတ်သံရုံးရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ထိုင်သပိတ် ဆန္ဒပြနေကြစဉ် ( Photo: RFA)  

နိုင်ငံတစ်ဝန်း CDM ပညာရေးဝန်ထမ်းတွေအပေါ် စစ်ကောင်စီရဲ့ ပစ်မှတ်ထား ဖမ်းဆီး ထောင်ချမှုတွေဟာ ရရှိထားတဲ့ အချက်အလက်တွေထက် လက်တွေ့မှာ ပိုများနိုင်တယ်လို့ AAPP ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

အခုလို ပညာရေးဝန်ထမ်းတွေ ဖမ်းဆီးထောင်ချခံနေရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ ပေမယ့် ဒီနေ့ ဇူလိုင်လ ၂၁ ရက်နေ့ ညနေပိုင်းအထိ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ ပစ်မှတ်ထားဖိနှိပ်မှုတွေကြောင့် ဘဝရပ်တည်ရေးအတွက် CDM လှုပ်ရှားမှု ကို စွန့်လွှတ်လိုက်ရတဲ့ ပညာရေးဝန်ထမ်းတွေလည်း ရှိနေပါတယ်။ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ CDM လှုပ်ရှားမှုကို စွန့်လွှတ်ပြီး ပြန်လည်တာဝန်ထမ်းဆောင်တဲ့ ပညာရေးဝန်ထမ်း ၃၁၅၆ ဦး ရှိတယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

“ပညာရေး အတွက်တော့ အင်မတန်မှကို စိုးရိမ်ဖွယ်ရာ အခြေအနေကို ရောက်နေတယ်ဆိုတာကို ပြောလို့ရတယ်။”

စစ်ကောင်စီအနေနဲ့ ပညာရေးဝန်ထမ်းတွေအပေါ် ပစ်မှတ်ထားဖိနှိပ်မှုဟာ နိုင်ငံတော်ရဲ့ ပညာရေး ကဏ္ဍအတွက် စိုးရိမ်စရာ ကောင်းတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က လုံခြုံရေးအရ အမည်မဖော်လို တဲ့တာဝန်ရှိသူတစ်ဦးက ထောက်ပြပါတယ်။

“ဘဝတစ်လျှောက်လုံး ကျားကုတ်ကျားခဲ လုပ်ထားပြီးတော့ ပညာရပ်တွေကို လေ့လာ ဆည်းပူးထားတဲ့ ကျွမ်းကျင်တဲ့ ဆရာကြီး၊ ဆရာမကြီးတွေက CDM လုပ်သွားတာ ရာခိုင်နှုန်း များတဲ့အတွက်ကြောင့် ဒီ ဆရာကြီး၊ ဆရာမကြီးတွေကို ထပ်ပြီး ဖမ်းဆီးမယ်၊ သတ်ဖြတ်မယ်၊ ဒုက္ခပေးမယ်ဆိုရင်တော့ ပညာရေးကို စိတ်ကုန်သွားပြီးတော့ သူတို့ ဆည်းပူးထားတဲ့ ပညာအမွေတွေကို လက်ဆင့်ကမ်းဖို့ မျိုးဆက်သစ် ဆရာ၊ ဆရာမ တွေကို ပေးစွမ်းနိုင်ခြင်း မရှိတော့ဘူးဆိုရင် ကျနော်တို့ ပညာရေးက အတော်ကိုပဲ အသီးအပွင့်တွေ ခန်းခြောက်သွားတဲ့ အပင်ခြောက်ကြီး ဖြစ်သွားမှာပေါ့။ ပညာရေး အတွက်တော့ အင်မတန်မှကို စိုးရိမ်ဖွယ်ရာ အခြေအနေကို ရောက်နေတယ်ဆိုတာကို ပြောလို့ရတယ်။ ဒီထက် ပိုပြီး ဖိနှိပ်ဦးမယ်ဆိုရင် ပညာရေးဟာ နိုင်ငံတကာကို မီဖို့ထက် ဒေသတွင်းမှာပါ နောက်ဆုံးပိတ် ရောက်သထက် ရောက်သွားနိုင်တဲ့ အခြေအနေကို ရောက်ရှိသွားနိုင်တယ်လို့ ကျနော်တို့က မျှော်မှန်းနိုင်တယ်”

ပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးအရေးယူတာတွေအပြင် ဘဝရပ်တည်ရေးအတွက် ပုဂ္ဂလိက ကျောင်းတွေမှာ စာသင်ကြားခွင့်ကိုပါ တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားတယ်လို့ RFA က မေးမြန်းခဲ့တဲ့ CDM ဝန်ထမ်းတွေက ပြောဆိုကြပါတယ်။

NUG ပညာရေးဝန်ကြီးဌာနကတော့ ကျောင်းသား၊ ကျောင်းသူတွေကို စာသင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေကို ဖမ်းဆီးတာဟာ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၂၆)၊ ကမ္ဘာ့ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် (၃၊ ၂၈) နဲ့ ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


Original Post: RFA Burmese

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia