18 July 2022
၂ဝ၂၂ ခုနှစ် ဇူလိုင်လလယ်ပိုင်းက စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ကြား တိုက်ပွဲများကြောင့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် အညာဒေသက စစ်ဘေးဒုက္ခသည်များ။
ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ပြုလုပ်တဲ့ အာဆီယံလူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းအစည်းအဝေးမှာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဖို့ အာဆီယံလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးစင်တာ AHA ကနေ စစ်ကောင်စီအာဏာပိုင်တွေရဲ့ ကြီးကြပ်မှုနဲ့ ဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီအစည်းအဝေးကို အာဆီယံနိုင်ငံတွေက ကိုယ်စားလှယ်တွေ၊ ကုလသမဂ္ဂအေဂျင်စီတွေနဲ့အတူ စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ပေမယ့် စစ်ကောင်စီဘက်က တောင်းဆိုမှုကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာကို မဖိတ်ကြားခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသားအဖွဲ့တွေ တက်ရောက်ခွင့်မရခဲ့ပါဘူး။
ဒီ မေလ ၆ ရက်က အာဆီယံ အစည်းအဝေးမှာ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေကို တက်ရောက်ခွင့်မပေးတာဟာ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို ဆန့်ကျင်နေပြီး စစ်ကောင်စီကို အားပေးအားမြှောက်ပြုရာ ရောက်တယ်လို့ NUG က မေလ ၇ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းမြန်မာ နယ်စပ်မှာ အခြေစိုက်ပြီး လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတဲ့ မြန်မာပြည်သူတွေရဲ့ အခြေအနေတွေကို စစ်တမ်းကောက်ယူခဲ့တဲ့ Refugee International က ဒုတိယ ညွှန်ကြားရေးမှူး ဒန်နီယယ် ဆော်လဗန်က အခုအချိန်မှာ အရေးပေါ်အကူအညီ လိုအပ်နေတဲ့သူတွေဟာ စစ်ကောင်စီအပေါ် ယုံကြည်မှုလုံးဝမရှိတဲ့အတွက် အာဆီယံရဲ့ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးစင်တာ AHA နဲ့ စစ်ကောင်စီတို့ကနေ ဦးစီးပြီး အကူအညီပေးမယ့် အစီအစဉ်တွေ ထိရောက်မှုမရှိနိုင်ဘူးလို့ ပြောပါတယ်။
အာဆီယံအနေနဲ့ နိုင်ငံတကာအကူအညီတွေ စစ်ကောင်စီလက်ထဲကို အပ်မယ့်အစား နိုင်ငံတကာအဖွဲ့အစည်းတွေ အတားအဆီးမရှိ ဝင်ရောက်အကူအညီပေးခွင့်ရအောင် တွန်းအားပေးသင့်တယ်လို့ သူက ပြောပါတယ်။
“အာဆီယံဟာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု အကူအညီတွေ ဝင်ခွင့်ရအောင် တွန်းအားပေးဖို့ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါပေမဲ့ ခုအချိန်အထိတော့ အာဆီယံအနေနဲ့ ဒီလိုဖြစ်မြောက်အောင် လုပ်ပေးတာ မတွေ့ရသေးပါဘူး။ သူတို့က မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့ Assessment လုပ်နေတာရှိပါတယ်။ ဒါပေမဲ့ သူတို့ လုပ်နေတဲ့ ပုံစံက နိုင်ငံတကာက အကူအညီတွေကို ဘယ်ဒေသတွေကို ပေးမလဲ ဆိုတာ စစ်ခေါင်းဆောင်တွေက စိတ်ကြိုက်ဆုံးဖြတ်ခွင့်ပေးထားပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခပြဿနာတွေက စစ်ကောင်စီကြောင့် ဖြစ်နေတာပါ။ စစ်ကောင်စီကပဲ နိုင်ငံတကာ အဖွဲ့အစည်းတွေက လွတ်လွတ်လပ်လပ် ဝင်ရောက်ပြီး အကူအညီပေးခွင့်ကို ပိတ်ပင်ထားတာပါ။ သူတို့ကို ဆုံးဖြတ်ခွင့်ပေးမယ်ဆိုရင် ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေမှာပါ။ ဒါကြောင့် အာဆီယံအနေနဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေ ဝင်ရောက်ခွင့်ရဖို့ စစ်ကောင်စီကို ဆက်ပြီး တွန်းအားပေးဖို့ လိုပါတယ်။ တစ်ဖက်မှာလည်း အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာ အကူအညီတွေကို စစ်ကောင်စီလက်ထဲကို လုံးဝအပ်လိုက်တာမျိုးမလုပ်ဘဲ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေကတစ်ဆင့် နယ်စပ် ဖြတ်ကျော်ပြီး ပေးအပ်ဖို့ ဆက်လုပ်သင့်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်သား အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး အကူအညီတွေ ပေးအပ်ရာမှာ ပါဝင်စေဖို့ လိုပါတယ်”
မြန်မာနိုင်ငံကို နိုင်ငံတကာက လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ရာမှာ စစ်ကောင်စီအာဏာပိုင်တွေကတစ်ဆင့် မသွားဘဲ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အကူအညီပေးရေးအဖွဲ့တွေ၊ ဒေသခံ အရပ်ဘက်အဖွဲ့တွေကနေ တစ်ဆင့် ပေးအပ်ဖို့ တိုက်တွန်းနှိုးဆော်နေတဲ့ Progressive Voice အဖွဲ့က ဒေါ်ခင်ဥမ္မာကလည်း အာဆီယံ AHA စင်တာရဲ့ အကူအညီပေးရေး အစီအစဉ်တွေဟာ ထိရောက်မှု မရှိတဲ့အကြောင်း အခုလို သုံးသပ်ပါတယ်။
“အာဆီယံရဲ့ AHA စင်တာကနေ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်တဲ့ နည်းလမ်းက ထိရောက်မှု မရှိသလို၊ ရှိလည်း မရှိနိုင်ပါဘူး။ အာဆီယံရဲ့AHA စင်တာဟာ ဘက်မလိုက်ခြင်း၊ ကြားနေခြင်းနဲ့ အန္တရာယ် မဖြစ်စေခြင်း စတဲ့ လူသားချင်းစာနာမှု အခြေခံမူတွေကို စွဲကိုင်ထားတဲ့ အဖွဲ့အစည်းမဟုတ်တဲ့အတွက် ဖြစ်ပါတယ်။ အဓိက ပြဿနာက ဒီ AHA စင်တာဟာ သဘာဝဘေးအန္တရာယ်တွေကို တုံ့ပြန်ဖို့ အစိုးရချင်း ချိတ်ဆက်ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ လူကြောင့်ဖြစ်တဲ့ ဘေးဒုက္ခအကျပ်အတည်းတွေကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အခြေအနေမရှိပါဘူး။ အခြားပြဿနာ တစ်ခုကတော့ AHA စင်တာဟာ လက်ရှိအကျပ်အတည်းကို ဖြစ်စေတဲ့ စစ်ကောင်စီကို အကူအညီတွေ ပေးတဲ့ နေရာမှာ ပါဝင်ခွင့်၊ ဆုံးဖြတ်ချက်ချပိုင်ခွင့်တွေ ပေးထားတာကြောင့် ဖြစ်ပါတယ်”
အာဆီယံအနေနဲ့ စစ်ကောင်စီအလိုကျ အတိုင်း လုပ်နေတာ မြန်မာနိုင်ငံက ပြဿနာတွေအတွက် အဖြေထွက်မှာ မဟုတ်တဲ့အတွက် အားမရတဲ့အကြောင်း နဲ့ အာဆီယံကို ဗဟိုပြုမယ့်အစား နည်းလမ်းသစ် ရှာဖွေသင့်ပြီဆိုတဲ့ သုံးသပ်ချက်တွေကို ထောက်ခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က RFA ကို ပြောထားပါတယ်။
သထုံခရိုင် တပ်မဟာ – ၁ နယ်မြေ၊ ဘီးလင်းမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည် များအား ၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့က တွေ့ရစဉ်။ ( Karen Information Center -KIC)
အာဆီယံရဲ့ AHR စင်တာကနေတစ်ဆင့် ပေးအပ်မယ့် လူသားချင်းစာနာမှု အကူအညီတွေကို စစ်ကိုင်း၊ မကွေး၊ ကရင်၊ ရခိုင်၊ ကယား၊ ရှမ်း၊ ပဲခူးဒေသတွေကို ပေးအပ်သွားမယ်လို့ မေ ၁၂ ရက် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ အစည်းအဝေးအပြီးမှာ ထုတ်ပြန်ထားပါတယ်။
အာဆီယံဟာ နိုင်ငံတကာအကူအညီပေးရေးအတွက် စစ်ကောင်စီကို စိတ်တိုင်းကျလုပ်ခွင့် ပေးလိုက်တာကြောင့် အတိတ်က လူသားချင်းစာနာမှု အကျပ်အတည်းကာလတွေမှာ ဖြစ်ခဲ့သလိုပဲ စစ်ကောင်စီဟာ နိုင်ငံတကာအကူအညီတွေကို သူတို့ကိုယ်ကျိုးစီးပွားအတွက် အသုံးချလိမ့်မယ်လို့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ သဘောတူချမှတ်ထားတဲ့ SOP လို့ခေါ်တဲ့ လုပ်ငန်းစဉ်တွေအတိုင်း နိုင်ငံတကာအကူအညီတွေကို စစ်ဘေးရှောင် စခန်းတွေနဲ့ သဘာဝဘေးအန္တရာယ်ကြောင့် အကူအညီလိုအပ်နေသူတွေ အားလုံးဆီကို ပျံ့နှံ့ရောက်ရှိအောင် လုပ်သွားမယ်လို့ ပြောပါတယ်။
Refugee International က ဒန်နီယယ် ဆော်လဗန် ကတော့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်က အကူအညီပေးရေး အဖွဲ့တွေကတော့ လူထုရဲ့ယုံကြည်မှုကို ရရှိထားပြီး လူသားချင်းစာနာမှု အကူအညီတွေ ဖြန့်ဝေတဲ့အတွေ့အကြုံလည်း ရှိတဲ့အတွက် နိုင်ငံတကာအကူအညီတွေ ပေးအပ်ဖို့ အကောင်းဆုံးအနေအထားမှာ ရှိနေတဲ့အတွက် သူတို့ကို လက်တွေ့အသုံးချသင့်တယ်လို့ သုံးသပ်ပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.